ဖေ့ဘွတ်စ် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် အရောင်ပြောင်းလဲခဲ့သည့် တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းကာ ရေးသားခဲ့သည့် မချောစန္ဒီထွန်း (ခ) ချစ်သမီးကို မအူပင်မြို့နယ်တရားရုံး၌ အောက်တိုဘာလ ၁၃ ရက်တွင် စတင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မချောစန္ဒီထွန်းအား ရုံးထုတ်စစ်ဆေးရာတွင် ၎င်း၏ မိသားစုဝင်များသာ ဧည့်တွေ့ခွင့်ရရှိပြီး မအူပင်မြို့ နယ်တရားရုံးက ချုပ်ရက်ရမန်ထပ်ယူကာ အောက်တိုဘာ ၂၇ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ် ဆေးသွားမည်ဖြစ်ကြောင်း မအူပင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုလူလတ်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်က ဖေ့ဘွတ်စ်စာမျက်နှာပေါ်တွင် “ အဲသလောက် အမေ့ကို ချစ်ကြရင်လဲ အမေ့ထဘီစ ခေါင်းမှာပတ်ထားပါတော့လားဗျာ” ဟူ၍ ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသောပုံနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်သားများအား မိန့်ခွန်းပြောနေသည့် ဓာတ်ပုံတို့ကို ယှဉ်တွဲကာ ရေးတင်ခဲ့သဖြင့် ယခုကဲ့သို့ အမှုဖွင့်အရေးယူခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
” မအူပင်ရဲစခန်းမှာပဲ ပြန်ချုပ်ထားတယ်။ အခု ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဥပဒေဘောင်အတွင်းက သူပြန်လွတ်လာအောင် ကြိုးစားလုပ်ဆောင်သွားမယ်” ဟု ကိုလူလတ်က ပြောသည်။
မချောစန္ဒီထွန်းကို ရန်ကုန်မြို့ရှိ ဦးဂိုအင်ကာ တရားစခန်းသို့ တရားစခန်းအဝင်တွင် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၃၄(ဃ) ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ထောင်ဒဏ် ၅နှစ်ထိ ချလို့ရတယ် ၊ငွေဒဏ်လည်းချလို့ရတယ် ၊ ဒါက စိတ်ကိုလွှတ်ပေးလိုက်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ပြစ်မူတစ်ခုဖြစ်ပါတယ် အသက်အရွယ်နဲ့ ဂါဝရတရားအရလည်း ဒါမျိုးက မလုပ်အပ်ပါဘူး။ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း တရားစွဲတာ ဖြစ်တဲ့အတွက် မတရား လုပ်ခံရ တယ်လို့တော့ မမြင်ပါဘူး ။ခုခံချေပတာကတော့ သူ့ဘက်က လုပ်ပိုင်ခွင့်ရှိပါတယ်”ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က သုံးသပ်ပြောကြားသည်။
7daydaily

0 comments:
Post a Comment