လောပိတ နောက်ကွယ်က မီးမလင်းတဲ့ ဘ၀တွေ

အမှတ်၃ လျပ်စစ်ဓါတ်အားရုံမှ ထွက်သည့် မီးများကို နေပြည်တော် ရွှေမြို့သို့ သွယ်တန်းဖားသည့် တာဝါတျုင်များ မြင်တွေ့ရစဉ် ဓါတ်ပုံ kantarawaddy times
 “ကျမတို့ရွာမှာ မီးကြိုးတွေရောက်နေတယ်။ ဒါပေမယ့် ခုချိန်ထိ ဖယောင်းတိုင်နဲ့ပဲ မီးလင်းနေရတုန်းပဲ” လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်တနီးကူး ကျေးရွာက ဒေါ်နားမူလို့လို က စိတ်ပျက်နေတဲ့ မျက်နှာနဲ့ ပြောနေပါတယ်။

အိမ်ထဲမှာတော့ မှိန်ပြပြဖယောင်းတိုင် မီးရောင်အောက်မှာ စာကျက်နေတဲ့ ကျောင်းသား/သူတွေ ရှိနေပါတယ်။

ဖယောင်းတိုင်နဲ့ မီးလင်းနေရတာ ဒေါ်နားမူလို့လို တို့လို တစ်အိမ်တည်း တစ်ရွာထဲ မဟုတ်ပဲ ဘေးရွာ ပတ်ဝန်းကျင်တွေမှာလည်း ထိုနည်း၎င်းပါပဲ။

ကိုယ်ထူကိုယ်ထ လျပ်စစ်မီးဖြင့်အလုပ်လုပ်နေရသည့် ဆန်စက်မှ မီးစက်နြင်တွေ့ရစဉ် ။ ဓါတ်ပုံ kantarawaddy times
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား အဓိကဖြန့််ဖြူးရာ ရင်းမြစ်ဖြစ်တဲ့ လောပိတ ရေအားလျှပ်စစ် စက်ရုံက ကယားပြည်နယ်မှာ လည်ပတ်နေတာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် ပြည်နယ်ရဲ့ ကျေးရွာ တချို့မှာတော့ အခု အချိန်ထိ လျှပ်စစ်မီး မရရှိသေးပါဘူး။

ကယားပြည်နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိပြီး လက်ရှိအချိန်ထိ မီးမလင်းနိုင်သေးတဲ့ ကျေးရွာ ၂၅၀ ရှိနေတယ်လို့ ပြည်နယ်လျှပ်စစ် (ဦးစီးဌာန) စာရင်းအရ သိရပါတယ်။

ပြည်နယ်တွင်းမှာ ကျေးလက်နေ လူဦးရေက ပိုများပြီး လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းက ကျေးရွာတွေမှာ နေပါတယ်။
 ဒီးမောဆိုမြို့နယ် ဆင်တောင်ကျေးရွာအုပ်စုဘက်သို့ မီးကြိုးများသွယ်တန်း ထားသေိာလည်း မီးမရနိုင်သေးသည့် လျှပ်စစ်ဓါတ်တိုင်များ မြင်တွေ့ရစဉ် ။ ဓါတ်ပုံ kantarawaddy times
ကယားပြည်နယ်မှာ ရှိတဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးရရှိရေးအတွက် စီမံကိန်းတွေကို ဆောင်ရွက်နေပြီ ဆိုပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်က စတင်တဲ့ စီမံကိန်းရဲ့ ရလဒ်ကို အခုချိန်ထိ မခံစားရသေးတာကြောင့် အမှောင်ထဲမှာ နေရဆဲပဲဖြစ်ပါတယ်။

မီးလင်းရေး ဆောင်ရွက်နေတဲ့ စီမံကိန်းအရ တကယ်ဆိုရင် ဒေါ်နားမူလို့လို တို့ရဲ့ ကျေးရွာတွေမှာ ၂၀၁၃- ၁၄ ခုနှစ်မှာ မီးလင်းရမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေက အစိုးရက ဆောင်ရွက်ပေးနေတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

စီမံကိန်းတွေကိုတော့ စတင် လုပ်ဆောင်နေပြီ ဖြစ်တဲ့ အတွက် ကျေးရွာတိုင်းလိုလိုမှာ ဓါတ်တိုင်တွေ၊ မီးကြိုးတွေ လာရောက်ချထားတာကို တွေ့ရမှာဖြစ်ပြီး အချို့ ကျေးရွာတွေမှာ ဆိုရင်တော့ ဓါတ်တိုင်တွေ ထောင်ထားတာ မြင်ရပါတယ်။

လွိုင်ကော်ခရိုင် ဝီးသဲကူး(တောင်)ရွာက အုပ်ချုပ်ရေးမှုးက “ကျွန်တော်တို့ရွာက ၂၀၁၄ မှာ တရွာလုံးက သိန်း ၁၀၀ ကောက်သွားပြီးပြီ။ အဲ့ဒီအတွက် ဓာတ်တိုင် ၂၁ တိုင်နဲ့ မီးကြိုး ၂၁ပေ ပဲရသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ နောက်ထပ်သိန်း ၁၀၀ ထပ်ကောက်တယ်။

လျှပ်စစ်ဝန်ထမ်းက နောက်ထပ်သိန်း၁၀၀ မထည့် မချင်း မီးလင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားတယ် ” လို့ ပြောပါတယ်။

ကျေးရွာတိုင်း အားလုံး နီးပါးက လျှပ်စစ်မီးရရှိဖို့ တစ်ရွာကို သိန်း ၁၀၀ ထည့်ခဲ့ကြပါတယ်။ တစ်ရွာကို သိန်းတစ်ရာ ကောက်ခံတဲ့ အတွက် အိမ်ခြေပေါ်မူတည်ပြီး အိမ်ထောင်စု တစ်စုကို နှစ်သိန်း၊ သုံးသိန်း ထည့်ဝင်ရပါတယ်။

ငွေသိန်းတစ်ရာကို လျှပ်စစ်ရုံး (ပြည်နယ်၊ မြို့နယ် ခွဲရေးပေးပါ) ကို သွင်းရပါတယ်။

ငွေသွင်းပြီးနောက်မှာတော့ ဓာတ်တိုင်၊ လျှပ်စစ်မီးကြိုး၊ ထရန်စဖော်မာ စတာတွေလာချပေးပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လျှပ်စစ်မီး ရချင်တာကြောင့် ရွာသားတချို့က ကိုယ့်ပိုင် ပစ္စည်းလေးတွေကို ပေါင်နှံ ရောင်းချပေးနေရပြီး အချို့ကတော့ အကြွေးတင်ပြီး ပြန်မဆပ်နိုင်တဲ့သူတွေလည်း ရှိနေပါတယ်။

လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ဒေါခရော့ခူကျေးရွာက မုဆိုးမတစ်ဦးက “အဒေါ့်မှာ သားတွေလည်းမရှိဘူး အခုမြေးနှစ် ယောက်နဲ့ပဲ အတူနေနေတယ်။

လျှပ်စစ်မီးအတွက်ဆိုပြီးတော့မှ တအိမ်ကို နှစ်သိန်းကောက်သွားတယ်။ အဒေါ့်မှာပေးစရာမရှိသေးဘူး။ ပဲတွေပေါ်တဲ့အချိန်မှပဲ ပေးတော့မယ်” လို့ ဆိုပါတယ်။

မီးမရရှိသေးတဲ့ ကျေးရွာ ၂၅၀ ရွာထဲမှာ ဒေသခံတွေ အနေနဲ့ ကိုယ့်အိမ်ကနေ ဆက်ရမယ့် ဝါယာကြိုးတွေကို ကိုယ်တိုင်မဝယ်သေးတဲ့ အတွက် မီးမရရှိသေးတဲ့ရွာတွေ ရှိနေပြီး ကြိုး ဝယ်နိုင်ပြီဆိုပါက ပြည်နယ် လျှပ်စစ် ဌာန အနေနဲ့ လာရောက်တပ်ဆင်ပေးဖို့ အသင့်ရှိတယ်လို့လည်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းမြင့် ဆိုပါတယ်။

ကယားပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးကတော့ ၂၀၁၆ ခုနှစ်မှာ ကယားတပြည်နယ်လုံး မီးလင်းရမယ်လို့ ပြောသွားခဲ့ပါတယ်။ (ဘယ်နေရာမှာ ဘယ်တုန်းက ပြောတယ် ဆိုတာလေး ထည့်ပေးပါ) ၄င်းက “တပြည်နယ်လုံးမီးလင်းမယ်လို့ ပြောတာကတော့ နည်းစနစ်က နှစ်မျိုး သုံးမျိုးလောက်ပေါင်း လုပ်လို့ရှိရင် ဖြစ်နိုင်တယ် ” လို့ပြောပါတယ်။

နည်းလမ်းတွေ အနေနဲ့ ဆိုလာစနစ်၊ ဒီဇယ်နဲ့ မီးစက်မောင်းနှင်တဲ့စနစ်၊ အသေးစားရေအားလျှပ်စစ်စနစ်၊ ဂျန်နရေတာအင်ဂျင်နဲ့ လည်ပတ်တဲ့စနစ်နှင့် သဘာဝစနစ် စတဲ့စနစ်တွေ အားလုံးပေါင်းပြီး လုပ်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ မီးလင်းနိုင်တယ်လို့ ၀န်ကြီးက ဆိုပါတယ်။

၂၀၁၆ ခုမှာလျှပ်စစ်မီး တပြည်နယ်လုံးလင်းမယ် ဆိုရာမှာ နည်းစနစ်တွေ အားလုံးသုံးပြီး မီးလင်းပေးမယ်ဆိုရင် ၇၀၊ ၈၀ ရာခိုင်နှုန်း လောက် လင်းနိုင်လိမ့်မယ်လို့ Unian of Karenni State Youth(UKSY) က ပြည်နယ်အတွင်း နိုင်ငံရေး၊ လူမှုရေးကို လုပ်ဆောင်နေသောလူငယ်အဖွဲ့မှ ကိုဒီးဒီက ဆိုပါတယ်။

လက်ရှိ ဆောင်ရွက်နေတာတွေက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ သုံးတာမဟုတ်ဘဲ ပြည်သူ့ ဘဏ္ဍာနဲ့ ပစ္စည်းတွေချပေးနေတာ ဖြစ်တဲ့အတွက် ပြည်နယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် လုပ်ငန်း ဆောင်ရွက်မှုတွေကို ပြည်သူတွေကို ချပြသင့်တယ်တဲ့ အပြင် အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ချပြပြီး ဆောင်ရွက်သင့်တယ် လို့ ကိုမာတီးယာက ပြောပါတယ်။

ပြည်နယ်လျှပ်စစ်ဝန်ကြီးက ၂၀၁၆ ခုနှစ်မှာ လျှပ်စစ်မီးအကုန်ရစေမယ်လို့ ပြောလိုက်တဲ့အတွက် လျှပ်စစ်မီး ရရှိဖို့ လိုလားသော်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် နည်းလမ်းတွေကို သုံးပြီး မီးလင်းမှာကိုတော့ ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပြည်သူတိုင်း လျှပ်စစ်မီး သုံးစွဲနိုင်ရေး ဆိုတဲ့ ရည်မှန်းချက် ရောက်ရှိနိုင်ရန် မဟာဓာတ်အားလိုင်း တိုးချဲ့ရန်နဲ့ ကျေးလက်ဒေသတွေမှာ မဟာဓာတ်အား လိုင်းပြင်ပ နည်းလမ်းတွေကို အသုံးပြုကာ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်မယ့် အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်း (National Electrification Plan) ကို ပံ့ပိုးရန်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ အတိုးမဲ့ချေးငွေအဖြစ် ပေးအပ်မည့် စီမံကိန်းကို လာမည့် ၂၀၁၆ ခုနှစ်တွင် စတင်မည် ဖြစ်ရာ အဆိုပါ စီမံကိန်းတွင် ကယားပြည်နယ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ယင်းစီမံကိန်းများကို ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဆက်သွယ်ရေးအရာရှိ ဦးကျော်စိုးလင်းက မေးလ်ဖြင့် ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းမှာ မဟာဓာတ်အားလိုင်း တိုးချဲ့ခြင်းနဲ့ မဟာဓာတ်အားလိုင်းပြင်ပ နည်းလမ်းများ ပါဝင် မည်ဖြစ်ရာ အိမ်သုံး ဆိုလာစနစ်၊ အသေးစား လျှပ်စစ် ထုတ်လုပ်ရေး စသည်တို့ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၁.၂ သန်း လျှပ်စစ်မီး ပိုမို တိုးတက်ရရှိနိုင်မှာ ဖြစ်ပြီး ပြည်သူပေါင်း ၆.၂ သန်းကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းက ကယားပြည်နယ်ကို ဘယ်အချိန်မှာ ရောက်ရှိလာမယ်ဆိုတာ အတိအကျတော့ မသိရသေးပါဘူး။ ၂၀၁၅ ခုနှစ်အထိ ကယားပြည်နယ်မှာ ရှိတဲ့မြို့နယ်တွေနဲ့ မြို့နယ်ခွဲတခုအပါအဝင် မြို့နယ်ပေါင်း ၈ ခုမှာ မီးရောက်ရှိနေပြီလို့ ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းမြင့်က ပြောပါတယ်။

ကယားပြည်နယ်မှာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့မှာ ၂၀၁၁ ခုနှစ်မှာ မီးရရှိခဲ့ပါတယ်။

မယ်စဲမြို့နယ်၊ ရှားတောမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့မှာ ၂၀၁၅ ခုနှစ်မှာ လျှပ်စစ်မီး ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၅ အကုန်မှာ ကျေးရွာပေါင်း ၁၁၄ ရွာမှာ လျှပ်စစ်မီးရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၅-၁၆ မှာ ကျေးရွာပေါင်း ၃၆၄ ကိုလျှပ်စစ်မီးဖြန့်ဝေပေးပါမယ်လို့လည်း ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိမယ့် စာရင်းကို ဦးသိန်းမြင့်က ပြောပါတယ်။

လောပိတရေအား လျှပ်စစ်စက်ရုံ အမှတ် ၁၊၂ ကို စတင် ဖွင့်လှစ်သုံးစွဲခဲ့ပြီး အမှတ် ၃ စက်ရုံကို ၂၀၁၅ခု သြဂုတ်လ ၂၂ရက်မှာ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျေးရွာအချို့ကတော့ လက်ရှိ အချိန်ထိ လျှပ်စစ်မီး မရသေးတဲ့အတွက် လုပ်ငန်းတွေ လုပ်ကိုင်နေရတာ အဆင်မပြေပါဘူး။

လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ ကျေးဇူးတော်ဆန်စက်ပိုင်ရှင် ဒေါ်တူမာက လျှပ်စစ်မီးနဲ့ မလည်ပတ်ရပဲ ဒီဇယ်နဲ့သာ လည်ပတ်နေရတဲ့အတွက် လုပ်ငန်း အဆင်မပြေလှပါဘူးလို့ ဆိုပါတယ်။

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment