ရေတပ်စခန်းဌာနချုပ် ကိုကိုးကျွန်းတွင် မဲဆွယ်စည်းရုံးရန် အခက်အခဲ ကြုံတွေ့နေရသည့်


 အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပေါင်း ၃၀ သာ လိုတော့သည့် အချိန်တွင် ကိုကိုးကျွန်း မြို့နယ်၌ ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များကို စတင်နိုင်ခြင်း မရှိသေးကြောင်း ၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများမှာ တပ်မတော် လေယာဉ်ဖြင့် လိုက်ပါပြီး ကိုကိုးကျွန်းသို့ သွားရောက်ခွင့် ရခဲ့သော်လည်း NLD ပါတီ ကိုယ်စားလှယ်လောင်းများမှာ လိုက်ပါခွင့် မရခဲ့ကြောင်း ယင်းမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက အောက်တိုဘာ ၉ ရက်တွင် The Ladies သို့ ပြောသည် ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးနှင့် NLD ပါတီနှစ်ခုသာ အဓိက ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းမြို့နယ်သည် အရပ်သား နေထိုင်သူ မရှိသလောက် နည်းပါးသည့် ရေတပ်စခန်းဌာနချုပ် ဖြစ်ကာ လူဦးရေ ထောင်ကျော်သာရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း အင်မတန်ခက်ခဲကြောင်း သိရသည် ။

ကိုကိုးကျွန်းသို့ တပ်မတော်လေယာဉ် ခရီးစဉ်ရှိသည့် အောက်တိုဘာလ ၆ ရက်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း သုံးဦး လိုက်ပါရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ စာရင်း ပေးခဲ့သော်လည်း တပ်မတော်က ခွင့်ပြုခြင်း မရှိသောကြောင့် လိုက်ပါခွင့် မရကြောင်း ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းပြန်ကြားခဲ့ကြောင်း ၊ ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေကမူ ကိုကိုးကျွန်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရန် စက်တင်ဘာလ ၂၂ ရက်နေ့က တပ်မတော် လေယာဉ်ဖြင့် သွားရောက်ခွင့် ရခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် ယင်းလေယာဉ်ဖြင့်ပင် ရန်ကုန်မြို့သို့ ပြန်လာခွင့်ရခဲ့ကြောင်း ဦးဝင်းမင်းက ပြောသည်။

“သင်္ဘော ငှားသွားဖို့ကလည်း သိန်းတစ်ရာလောက် ကုန်မယ် ။ ဟိုင်းကြီးကျွန်းနဲ့ ကိုကိုးကျွန်းကို သွားတဲ့ စက်လှေသမားတွေကိုလည်း NLD အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် မလုပ်နဲ့ ၊ NLDပစ္စည်းဆို မတင်နဲ့ ၊ တင်လာလို့ တစ်ခုခုဖြစ်ရင် မင်းတို့ တာဝန်ယူရမယ် ဆိုပြီး ခြိမ်းခြောက်ထားတာမျိုးတွေ ရှိတော့ ဘယ်စက်လှေသမားမှ မတင်ရဲကြဘူး” ဟု ဦးဝင်းမင်းက The Ladies သို့ ပြောသည် ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပါကိစ္စအား တင်ပြရာ အစိုးရအဖွဲ့က ယင်းပုဂ္ဂိုလ်သုံးဦးကို ကိုကိုးကျွန်းသို့ သွားရောက်ရန် လုံးဝ ပိတ်ပင် တားဆီးထားခြင်းမရှိဟု အကြောင်း ပြန်ကြားခဲ့ကြောင်းလည်း ၎င်းကဆိုသည် ။

ကိုကိုးကျွန်း၏ မဲဆွယ်စည်းရုံးမှု လက်ရှိအခြေအနေအရ လွတ်လပ်မျှတသည့် ယှဉ်ပြိုင်မှုဟု ပြော၍ မရသော်လည်း NLD ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်စည်းရုံးခွင့် ရရှိစေရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း ကိုကိုးကျွန်း ကိစ္စကို စောင့်ကြည့်ရန် လိုအပ်နေကြောင်း ဦးဝင်းမင်းက ဆက်လက် ပြောဆိုခဲ့သည် ။

ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (ရေ) သူရဦးသက်ဆွေနှင့် ရန်ကုန်တိုင်း နယ်လုံဝန်ကြီး (ငြိမ်း) ဦးတင်ဝင်းတို့က ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည် ။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment