လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ အိုပဲလ် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်


 လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ အိုပဲလ် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော် မှုနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ် များ ညနေ လေးနာရီခွဲတွင် ညှိနှိုင်းဖျန်ဖြေရေးရုံး၌ ညှိနှိုင်း ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေး ငွေ သတ်မှတ်ရေး အမျိုးသားကော်မတီမှ အလုပ်သမား ကိုယ်စားလှယ် ဦးဝင်းဇော်က The Ladies သို့ ပြောသည် ။

အထည်ချုပ် စက်ရုံ အလုပ်သမားများ ဆန္ဒ ထုတ်ဖော် ရခြင်းမှာ စနေနေ့ နေ့တစ်ဝက် အလုပ်ဆင်းရာတွင် လုပ်ခ တစ်ရက်စာ ရရှိရမည် ဖြစ်သော်လည်း နေ့ တစ်ဝက်ခသာ ပေးခြင်းကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း စက်ရုံ အလုပ်သမ တစ်ဦးက The Ladies သို့ပြောသည် ။

“အဓိကပြဿနာက အနည်းဆုံး အခကြေးငွေ စနေနေ့ကို လေးနာရီပဲ အလုပ်ဆင်းတဲ့ အတွက် လေးနာရီခပဲ ပေးမယ် ။ သို့သော် ဥပဒေမှာ ပါတာက လေးနာရီဆင်းလည်း တစ်ရက်ခ ပေးရမယ် ။ အဲဒီအပေါ်မှာ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှုဖြစ်တာ ။ အဲဒီတော့ ကျွန်တော်က ဒါအနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးက အလုပ်သမား ကိုယ်စားလှယ် ။ အဲဒီတော့ ဒီဥပဒေကို ကျွန်တော်တို့ ထုတ်တာဖြစ်တဲ့အတွက် ကျွန်တော်က ဒါကိုလာပြီး ရှင်းပြတာ ။ ရှင်းပြတော့ စနေနေ့သည် နေ့တစ်ဝက် ဖြစ်တဲ့အတွက် တစ်ရက်ခရမယ် ။ ၁၂ နာရီနောက်ပိုင်းမှာ ဆင်းထားတာတွေ အိုတီဆင်းထားရင် အိုတီခရမယ် ။ အိုတီခ ၁ နာရီကို ၉၀၀ ရမယ် ။ အဲဒါတွေကို ကျွန်တော်တို့က လာပြီးရှင်းပြတယ် ။ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ညှိနှိုင်း ဆွေးနွေးပေးမယ် ။ အားလုံး သဘောတူတယ်ဆို စာချုပ်မယ် ။ လုပ်ငန်းခွင် ပြန်ဝင်ကြမယ်” ဟု ဦးဝင်းဇော်က ပြောသည် ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်လိုက်သည့် စာတွင် အလုပ်ချိန်သည် စနေနေ့ကို တစ်နေ့လုံး ဆင်းမှသာ ၃,၆၀၀ ကျပ်ပေး မည်ဖြစ်ပြီး လေးနာရီသာ ဆင်းပါက ၁,၈၀၀ သာပေးမည်ဟု ထုတ်ပြန် လိုက်ခြင်းကြောင့် အလုပ်သမားနှင့် အလုပ်ရှင်ကြား မှားယွင်းမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှန်တကယ်တွင် စနေနေ့တွင် လေးနာရီ အလုပ်ဆင်းသော်လည်း တစ်ရက်လုပ်အားခ ရရှိမည်ဖြစ်ပြီး အလုပ်ချိန် လေးနာရီ ကျော်လွန်ပါက အိုတီ တွက်ချက်ပေးရမည်ဟု ဥပဒေ တွင် ဖော်ပြထားကြောင်း ဦးဝင်းဇော်က ဆက်လက် ပြောဆိုသည် ။

စက်ရုံအလုပ်သမားများ အနေဖြင့် အလုပ်သမား ခေါင်းဆောင်အား အလုပ်မှ ထုတ်ပယ် ခဲ့ခြင်းကြောင့် အလုပ်သမား ခေါင်းဆောင် မရှိကြောင်း ၊ အလုပ်သမားများဘက်က အလုပ်ရှင်နှင့် တွေ့ဆုံရန် ကိုယ်စားလှယ် ဆယ်ဦးကို ရွေးချယ်ရာတွင် အခက်အခဲ ရှိနေကြောင်း ၊ အလုပ်သမား ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါက အလုပ်ဖြုတ်ခံရနိုင်ခြင်းကြောင့် ဆောင်ရွက်လိုခြင်း မရှိကြောင်းကိုလည်း တွေ့ရှိခဲ့ရသည် ။

သတင်း / ဓာတ်ပုံ - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment