လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ်လာရောက်မည့်နေ့ဖြစ်သော အောက်တိုဘာလ ၁၈ရက်နေ့တွင် ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ၂၆မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များသာ စုစည်းလုပ်ဆောင်ခဲ့သည့် ပါတီပူးတွဲဥက္ကဌ ဦးဌေးဦး၏ လူထုတွေ့ဆုံပွဲတွင် ဦးဌေးဦး၏ ဟောပြောမှုများ မပြီးခင်ချိန်တွင် တက်ရောက်လာသူများမှ ပြန်လည်ထွက်ခွါသွားမှုကြောင့် ပွဲကျင်းပသည့် အားကစားကွင်းတံခါးကိုပါ ခတ္တပိတ်ထားခဲ့လိုက်ရကြောင်း သတင်းရရှိသည်။
တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ အလှပြယာဉ်များ ကားများဖြင့် တက်ရောက်လာခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ ပါတီပူးတွဲဥက္ကဌဦးဌေးဦးဟောပြောမှုများမပြီးခင် အားကစားကွင်းတွင်းမှ ထွက်ခွါခဲ့ကြပြီး ပုသိမ်မြို့တွင်း လှည့်လည်သွားလာခဲ့ကြကြောင်း၊ ပွဲကျင်းပမှုပြီးစီးချိန်နီးတွင်မှ မြို့နယ်အသီးသီးမှ လိုက်ပါလာကြသော ကားများအသီးသီးသို့ ပြန်လည်လာရောက်ခဲ့ကြကြောင်း၊ အဆိုပါ ပွဲသို့ ဧရာဝတီတိုင်းအတွင်း လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ဦးသိန်းအောင်နှင့် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို၊ ပြည်ခိုင်ဖြိုးပါတီပူးတွဲ ဥက္ကဌဦးဌေးဦးတို့မှ ဟောပြောမှုများပြုလုပ်ခဲ့ကြကြောင်း တွေ့ရှိရသည်။
“အသွင်ကူးပြောင်းရေးကာလမှာ အပြည့်အဝပြီးဆုံးခဲ့တယ်လို့မပြောနိုင်ပေမဲ့ ဒီနေ့ကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီကျင့်စဉ်နဲ့ နိုင်ငံသစ်ထူထောင်ရာမှာ အခြေခံကောင်းတွေဖြစ်ထွန်းပေါ်ပေါက်နေတယ်ဆိုတာ မငြင်းနိုင်ပါဘူး တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခြင်းမပြုခဲ့တဲ့ လူတွေအနေနဲ့ မသိနိုင် မမြင်နိုင်ကြတာဟာလဲ သဘာဝဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးကတော့ အသွင်ကူးပြောင်းရေး ကာလအစဉ်တိုင်းမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်တဲ့အတွက် တိုးတက်ပြောင်းလဲမှုတွေကို သိမြင်ကြပါတယ်”ဟု ဦးဌေးဦးဟောပြောနေစဉ် ပွဲအတွင်းမှ ထွက်ခွါသွားခဲ့ခြင်းဖြစ်သည်။
ပွဲသို့တက်ရောက်ခဲ့သူများတွင် ပြည်ခိုင်ဖြိုးပါတီဝင်များသာမက အစိုးရထံမှ မြစိမ်းရောင်ချေးငွေများ၊ သမချေးငွေများ ထုတ်ချေးပေးထားသူ ဒေသခံများပါဝင်ခဲ့ပြီး ငွေကြေးလက်ဆောင်ပေးခြင်းများအား မသိရှိကြောင်းပြောကြားရန် မှာကြားထားမှုများရှိနေကြောင်း သိရသည်။ “ကျွန်တော်တို့က ချေးငွေယူထားတာ ဒါ့ကြောင့်လိုက်လာတာ လူကြီးကမှာထားတယ် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ်လာမေးရင် ဘာပေးထားတယ် ပိုက်ဆံပေးထားတယ်လို့ မပြောရဘူးလို့ မှာထားတယ်” ပွဲတက်ရောက်ခဲ့သူ ပုသိမ်မြို့နယ် အနန်းကုန်းကျေးရွာမှာ အသက် ၃၀ဝန်းကျင်အရွယ် ကရင်အမျိုးသားတစ်ဦးကပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ဟောပြောပွဲကို နံနက် ၈နာရီခန့်တွင် စတင်ခဲ့ကာ နံနက် ၁၀နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး မြို့နယ်အသီးသီးမှ ပြည်ခိုင်ဖြိုးပါတီဝင်အင်အား တစ်သောင်းခန့်တက်ရောက်ခဲ့ကြကြောင်း၊ပြည်ခိုင်ဖြိုးပါတီမှ လူထုတွေ့ဆုံပွဲကျင်းပနေစဉ်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ ဒေသခံများမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီခရီးစဉ်အား ကြိုဆိုရန် နေအိမ်များ ဈေးဆိုင်များပိတ်၍ ဒေါ်အောင်ဆန်းစုကြည်လာရောက် မည့် လေးမျက်နှာ၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်မြို့များသို့ ကားများ ဆိုင်ကယ်များဖြင့် သွားရောက်မှုများရှိနေကြောင်း သိရသည်။
Credit: Eleven Media
0 comments:
Post a Comment