ဧရာဝတီတိုင်းသည် မြန်မာ့သမိုင်းတွင် ထင်ရှားကြော်ကြားသည့် နိုင်ငံရေးခေါင်းဆောင် အများအပြား ပေါ်ထွန်းရာ ဒေသ ဖြစ်သကဲ့သို့ နိုင်ငံရေး နိုးကြား တက်ကြွသည့် ဒေသတခုလည်း ဖြစ်သည်။ ထို့အပြင် လူပေါင်း ၆ သန်းကျော် နေထိုင်သည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် လူဦးရေ အများဆုံး တိုင်းဒေသကြီး ဖြစ်ပြီး ဆန်စပါး အဓိက စိုက်ပျိုး ထုတ်လုပ်ရာ မြန်မာနိုင်ငံ၏ စပါးကျီလည်း ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသည့် တိုင်းတခု လည်း ဖြစ်သည်။
ဧရာဝတီတိုင်းတွင် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ပြည်သူလူထုထံမှ ထောက်ခံမဲရရေး အပြိုင်အဆိုင် မဲဆွယ် ကြိုးပမ်းနေကြသည်။
ဧရာဝတီတိုင်းအတွင်း၌ ပြည်သူ့ လွှတ်တော်၂၆ နေရာ၊ အမျိုးသား လွှတ်တော်၁၂ နေရာ၊ တိုင်းလွှတ်တော် ၅၂ နေရာ နှင့် ကရင်၊ ရခိုင် တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ် ၂ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၉၂ နေရာတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ ၁၇ ခုမှ ကိုယ်စားလှယ်လောင်း ၅၀၃ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မြစ်ချောင်းများ ပေါများရာ အရပ်ဖြစ်သည့်အတွက် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ ကား၊ ဆိုင်ကယ်၊ မော်တော်များနှင့် ကုန်းတတန်၊ ရေတတန်၊ တရွာဝင်တရွာထွက် လှည့်လည်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လှည့်လည် စည်းရုံးနေကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစညပါတီ) နှင့် အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီတို့ အနေဖြင့် မြို့ပေါ်၌ ကားများဖြင့် အောင်နိုင်ရေး သီချင်းများဖွင့်ပြီး လှည့်လည် စည်းရုံးကြသည်။ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီသည် ပုသိမ်နှင့်မြောင်းမြကဲ့သို့ မြို့ကြီး များ၌ ပါတီဝင် အင်အားထောင်ပေါင်းများစွာဖြင့် အင်အားပြ လှည့်လည်စည်းရုံးမှုများ လုပ်ဆောင်သည်ကိုတွေ့ရသည်။
တတိုင်းလုံးရှိ မဲန္ဒနယ်အားလုံး ၀င်ရောက်ယှဉ်ပြိုင်သည်မှာ လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် အဓိက အတိုက်အခံ အင်အားကြီးပါတီဖြစ်သည့် NLD ပါတီတို့ ဖြစ်သည်။ တစညပါတီက ကိုယ်စားလှယ်လောင်း ၇၈ ဦး ၀င်ရောက် ယှဉ် ပြိုင်ပြီး “တောင်သူပါတီ” ဟု အလွယ်ခေါ်ကြသည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၇၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ တစညနှင့် တောင်သူပါတီတို့မှာ ကြံ့ခိုင်ရေးနှင့်NLD ပါတီတို့ပြီးလျှင် ဧရာဝတီတိုင်း၌ ကိုယ်စားလှယ်လောင်း အများဆုံး ၀င်ရောက် ယှဉ်ပြိုင်သည့် ပါတီများ ဖြစ်သည်။
ဧရာဝတီတိုင်းတွင် ပါတီအများအပြား ရွေးကောက်ပွဲ ၀င်ပြိုင်ကြသော်လည်း တကယ်တမ်းတွင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ ၂ ခု သာ အကြိတ်အနယ် ယှဉ်ပြိုင် ရမည်ဟု လေ့လာသူများက သုံးသပ်ထားသည်။
NLD ပါတီအနေဖြင့် အမျိုးသမီး ၁၄ဦး အပါအ၀င် ပညာတတ် လူငယ်များ၊ မျက်နှာသစ် နိုင်ငံရေးသမား အများစုဖြင့် ဧရာဝတီတိုင်းအတွင်း၌ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပွဲထွက်လာခဲ့ပြီး ကြံ့ခိုင်ရေးပါတီကမူ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူ အားလုံးနီးပါး သက်ဆိုင်ရာ မဲဆန္ဒနယ်များ၌ ပြန်လည် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းပြီး လူဟောင်းများနှင့်သာ အဓိက ပွဲထွက်လာခဲ့သည်။
လူဟောင်းများထဲ၌ ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးဌေး ဦး၊ ဗဟိုကော်မတီဝင် ဦးတင်ထွဋ်နှင့် ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်၊ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်၊ မီးရထား ၀န်ကြီး ဟောင်း ဦးသန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးဌာန၀န်ကြီးဟောင်း ဦးခင်ရီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒေါ်မြတ်မြတ်အုန်းခင်နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်းတို့သည် ၂၀၁၀ ရွေးကောက်ပွဲက ၎င်းတို့အနိုင်ရခဲ့သည့် မဲဆန္ဒနယ်များတွင် ပြန်လည်ယှဉ်ပြိုင်ခဲ့သည်။ ထို့ကြောင့် ဧရာဝတီတိုင်းသည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် အများဆုံး ရွေးကောက်ပွဲ ၀င်ပြိုင်သော ဒေသတခုလည်း ဖြစ်နေသည်။
ထို့အပြင် ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ဧရာဝတီိတိုင်း အစိုးရအဖွဲ့မှ ၀န်ကြီး ၉ ဦးမှာလည်း ၎င်းတို့ တာဝန်ထမ်းဆောင် ခဲ့သည့် အချိန် ၄ နှစ်ကျော်အတွင်း စည်းရုံးရေး ကောင်းကောင်းဆင်းထားခဲ့သည့် ၎င်းတို့၏ မွေးရပ်ဇာတိ မဲဆန္ဒနယ် များတွင် ပြန်ဝင်ပြိုင်ကြသည်ကို တွေ့ရသည်။
ဧရာဝတီ တတိုင်းလုံးရှိ မဲဆန္ဒနယ်၉၂နေရာ စလုံး၌ NLD နှင့် ကြံ့ခိုင်ရေးပါတီတို့ ကိုယ်စီအနိုင်ရရေး အပြိုင်ကြဲကြမည် ဖြစ်သော်လည်း မြောင်းမြ၊ ဟင်္သာတ၊ အင်္ဂပူ၊ ဇလွန်၊ မအူပင်၊ မြန်အောင်နှင့် ဖျာပုံစသည့် ဒေသများမှာ ပြိုင်ဆိုင်မှု အထူး ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များ ဖြစ်သည်။
မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးတင့်ဆန်း၊ အမျိုးသားလွှတ်တော်၌ ဦးခင်ရီ၊ တိုင်းလွှတ်တော်အမှတ်၂၌ ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုတို့မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ၀င်ရောက် ပြိုင်ကြမည် ဖြစ်သည်။
NLDပါတီ၏ ကိုယ်စားလှယ်လောင်း တင်သွင်းသည့် အနေအထားအရ ပြည်သူ့လွှတ်တော်တွင် ဒေါက်တာစိုးမိုးသူနှင့် ဦးတင့်ဆန်း၊ အမျိုးသားလွှတ်တော်တွင် ကရင်တိုင်းရင်းသား မန်းထွန်းကြိုင်နှင့် ဦးခင်ရီ၊ တိုင်းလွှတ်တော်အမှတ်၂တွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်ဇင်ဦးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုတို့ ထိပ်တိုက်တွေ့ဆုံနေသည်။
အသက်၆၂နှစ်ရှိပြီ ဖြစ်သည့် မြောင်းမြနယ်သား ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီမှာ လ၀က ၀န်ကြီး မဖြစ်မီ ယခင် စစ်အစိုး ရ လက်ထက်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ၂၀၀၂ခုနှစ်မှ ၂၀၁၁ အထိ ၉ နှစ် ကြာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ရွှေဝါရောင် တော်လှန်ရေးကာလတွင် အဓိက တာဝန်ရှိသူများ အနက် ရဲချုပ်ဟောင်း ခင်ရီလည်း ပါဝင် သည်။
ရဲချုပ်ခင်ရီ၏ ဦးဆောင်မှု အောက်တွင် ရှိနေခဲ့သည့် လုံထိန်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒဖော်ထုတ်သည့် သံဃာတော် များကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသည့် သတင်းများမှာ ၂၀၀၇ခုနှစ်က ကမ္ဘာ့မီဒီယာ အသီးသီးတွင် ဦးစားပေး ဖော်ပြခဲ့သည့် သတင်းများ ဖြစ်ခဲ့သည်။
အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် အားကစားဝန်ကြီး ဦးတင့်ဆန်းကမူ မြောင်းမြနယ်သားဖြစ်ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်း ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် ACE ကုမ္ပဏီ ပိုင်ရှင်လည်း ဖြစ်သည်။ ဘ၀တလျှောက်လုံး စီးပွားရေးသမား လုပ်ခဲ့သည့် ဦးတင့်ဆန်းသည် ၂၀၁၀၌ ကြံ့ခိုင်ရေးပါတီသို့ ၀င်ရောက်ခဲ့ပြီး မြောင်းမြနယ်၌ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်လက်ထက်၌ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးအဖြစ် ၁နှစ်ကျော်ကြာ တာဝန်ယူခဲ့ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလမှ လက်ရှိအချိန်အထိ အားကစား ၀န်ကြီးအဖြစ် တာဝန်ယူထားသည်။
ဝန်ကြီး ဦးတင့်ဆန်း၊ ဦးဝင်းကိုကိုနှင့် ၀န်ကြီးဟောင်းဦးခင်ရီတို့ အနေဖြင့် မြောင်းမြမြို့နယ်၌ အခမဲ့ ဆေးကုသ ပေးခြင်း၊ ငွေကြေး ထောက်ပံ့လှူဒါန်းခြင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ပေးခြင်းစသည့် ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်၍ စည်းရုံးထားသည့်အတွက် NLD ပါတီအနေဖြင့် အနိုင်ရရေးအတွက် အကြိတ်အနယ် ကြိုးပမ်းရဖွယ် ရှိနေသည်။
“မြောင်းမြမှာတော့ NLD နဲ့ ကြံ့ခိုင်ရေး ဘယ်သူနိုင်မလဲ ပြောဖို့ ခက်တယ်။ ၅၀ အချိုး ၅၀ပဲ။ ဦးခင်ရီဆိုရင် ၀န်ကြီး ဘ၀ ကတည်းက မိုးပွင့်စီမံချက်ဆိုပြီး မှတ်ပုံတင်တွေ လုပ်ပေးခဲ့တာ ရှိတယ်။ ဦးတင့်ဆန်းဆိုရင်လည်း လွန်ခဲ့တဲ့နှစ်တွေ ကတည်းက မြို့နဲ့ပတ်သက်ပြီး ကူညီပံ့ပိုးထားတာတွေ ရှိတယ်။ NLD က လူငယ်တွေကလည်း လူသိများသလို အွန်လိုင်းမှာလည်း ပေါက်တယ်ဆိုတော့ ဘယ်သူအနိုင်ရမလဲ ဆိုတာ သေချာပေါက်ပြောဖို့ ခက်တယ်”ဟု မြောင်းမြ မြို့ခံ DVB သတင်းထောက် ကိုသော်ဇင်မျိုးက ပြောသည်။
ဝန်ကြီးဦးတင့်ဆန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင် ဦးဝင်းကိုကိုတို့မှာ ရွေးကောက်ပွဲ မဲဆွယ်ကာလဖြစ်သည့် စက်တင်ဘာ ၈ ရက် မတိုင်ခင်ကတည်းက မြောင်းမြနယ်ရှိ ရွာတိုင်းနီးပါးသို့ အစိုးရ တာဝန်ရှိသူများအနေဖြင့် စည်းရုံးရေး ဆင်းထား ခဲ့ပြီး တရွာလျှင် အနည်းဆုံး ကျပ် ၃ သိန်းမှ ၁၅ သိန်းအထိ ငွေကြေးများအပြင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ မီးအိမ် အများအပြားကိုလည်း လှူဒါန်းခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် စိုးရိမ်မှုမရှိကြောင်း မြောင်းမြမြို့နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းမြင့်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ကိုယ်စားလှယ်လောင်းတွေ မနိုင်မှာကို စိုးရိမ်ပါဘူး။ ရပ်ကွက်ကျေးရွာ အုပ်စုအားလုံးမှာ ၆၅ ရာခိုင်နှုန်းတော့ အနည်းဆုံးနိုင်မယ်လို့ မျှော်မှန်းထားတယ်”ဟု သူက ပြောသည်။
ထူးခြားချက်အနေဖြင့် ၀န်ကြီးဦးတင့်ဆန်းအတွက် လစ်လပ်သွားသည့် မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာကို ၂၀၁၂ ခုနှစ် ဧပြီလက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဦးတင့်ဆန်း၏သား နေပြည်တော် ဘောလုံး အသင်း ပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီအမတ်လောင်း ဦးမန်းဂျော်နီကို ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် သားဖြစ်သူ မနိုင်ခဲ့သည့်ပွဲကို ဖခင်ဖြစ်သည့် ဦးတင့်ဆန်း ကိုယ်တိုင် ပြန်လည်ယှဉ်ပြိုင်သည့် အနေအထားဖြစ်သည်။ NLD ဘက်ကလည်း ၂၀၁၂တွင် နိုင်ထားခဲ့သည့် ဦးမန်းဂျော်နီအစား ပညာတတ်လူငယ်တဦး ဖြစ်သည့် ဒေါက်တာစိုးမိုးသူကို အစားထိုး၍ ယှဉ်ပြိုင်စေခဲ့သည်။
လက်ရှိ မဲဆွယ်ကာလအတွင်းမှာပင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းများဖြစ်သည့် ဦးတင့်ဆန်းနှင့် ဦးခင်ရီတို့အတွက် အမှတ်ရစရာ အဖြစ်အပျက်တခုလည်း ပေါ်ပေါက်ခဲ့သည်။ ယင်းမှာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြံ့ခိုင်ရေး ပါတီက အင်အားပြသည့်အနေဖြင့် ပါတီဝင်ထောင်ချီ၍ မြောင်းမြမြို့ကို လှည့်လည်ရာ၌ “ရင်မှာစွဲလန်း ဦးတင့်ဆန်း”၊ “ပြည်သူချစ်ကြည် ဦးခင်ရီ”စသည့် စာချိုးများ ကိုင်ဆောင်ခဲ့သည်။ အဆိုပါ စာချိုးများမှာ Facebook လူမှုကွန်ရက်၌ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူမှုကွန်ရက် သုံးစွဲသူ အချင်းချင်း နာမည်များကို ပြောင်လှောင်၍ စာချိုးဖွဲ့ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဒေါ်ခင်ကြည်မွေးဖွားရာ မြောင်းမြမြို့ မဲဆန္ဒနယ်များ၌ ကြံ့ခိုင်ရေးနှင့် NLD ပါတီတို့ အားပြိုင်မှုမှာ စိတ်ဝင်စားစရာ အလွန်ကောင်းသည့် အနေအထားတွင် ရှိသည်။
ဟင်္သာတမြို့နယ်၊ ပြည်သူ့လွှတ်တော်တွင် ဦးဌေးဦး ၀င်ပြိုင်မည်ဖြစ်ပြီး NLD ပါတီက ဦးခင်မောင်ရီ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ထို့အပြင် ဟင်္သာတမြို့နယ်၊ တိုင်းလွှတ်တော်အမှတ်၁၌ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် သစ်တောရေးရာနှင့် သတ္ထုတွင်းဝန်ကြီး ဦးစိုးမြင့်တို့ ၀င်ပြိုင်မည်ဖြစ်ပြီး NLD ပါတီက ဦးကျော်စိုးနှင့် အဓိက ယှဉ်ပြိုင်မည်။
“ဟင်္သာတမှာ ဦးဌေးဦးက လူသိပိုများတယ်။ NLD ဘက်က ဦးခင်မောင်ရီက လူသိနည်းတယ်။ ပါတီဝင်အနေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ကြံ့ခိုင်ရေး များတယ်။ နယ်တွေမှာ NLD များတယ်။ အဲဒီတော့ လူကိုမကြည့်ဘဲ ပါတီကိုပဲ ကြည့်ပြီး ထည့်ကြမယ် ဆိုရင်တော့ NLD ရနိုင်တယ်။ သေချာတာတော့ သူတို့၂ဦးက အကြိတ်အနယ် ပြိုင်ရလိမ့်မယ်” ဟု ဟင်္သာတမြို့ အခြေစိုက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးအောင်ကိုလွင်က ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ တဦးလည်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးတင်ထွဋ်ကမူ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်၌ ၀င်ပြိုင်မည်ဖြစ်ပြီး NLD ပါတီဘက်က ဦးအောင်မင်း ၀င်ပြိုင်မည် ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကမှ ရာထူးက နုတ်ထွက်ထားခဲ့သည့် မီးရထားဝန်ကြီးဟောင်း ဦးသန်းဌေးမှာ မြန်အောင် မြို့နယ် ပြည်သူ့လွှတ်တော်၌ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး NLD ပါတီမှ ရှေ့နေ ဦးခင်မောင်လတ်နှင့် အဓိက ယှဉ်ပြိုင်မည်။
အသက် ၆၀ ရှိပြီဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးမှာ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၁ ခုနှစ်မှ ၂၀၁၃ အထိ စွမ်းအင်ဝန်ကြီး တာဝန်ထမ်းခဲ့ပြီး ၂၀၁၃မှ ၂၀၁၅အထိ မီးရထားဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
စွမ်းအင်ဝန်ကြီး ဖြစ်သွားသဖြင့် လစ်လပ်သွားသည့် ဦးသန်းဌေး၏ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ၂၀၁၂ခုနှစ်က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ NLD ပါတီမှ ဦးကျော်မြင့်က အနိုင်ရရှိထားခဲ့ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးကျော်မြင့်ထက် အသက်ပိုငယ်သည့် ရှေ့နေ ဦးခင်မောင်လတ်ကို NLD ပါတီက အစားထိုး၍ မီးရထားဝန်ကြီးဟောင်း ဦးသန်းဌေးနှင့် ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည်။
“သူတို့၂ဦးစလုံးက မြန်အောင်မြို့ခံတွေချည်းပဲ။ ဦးသန်းဌေးကလည်း မြန်အောင်မှာလမ်း၊ တံတားတွေ အများကြီး လုပ်ပေးထားတာ ရှိတယ်။ သူ့ကိုတော့ ပါတီမကြိုက်ပေမယ့် လူကိုကြိုက်ကြတယ်။ မြို့ကို ပြန်ကြည့်ပေးတယ်။ ဦးခင်မောင်လတ်ကလည်း အရင်ကတည်းက နိုင်ငံရေးဖြတ်သန်းမှုရှိထားတဲ့သူ ဆိုတော့ အဲဒီ၂ယောက်မှာ ဘယ်သူ နိုင်မလဲ အတိအကျ မပြောနိုင်ဘူး”ဟု ဟင်္သာတခရိုင် DVB သတင်းထောက် ဦးကိုကိုကြည်က ပြောသည်။
ထို့အပြင် ဟင်္သာတခရိုင်ရှိ အင်္ဂပူမြို့နယ်တိုင်း လွှတ်တော်၁တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် ပြန်လည် ယှဉ်ပြိုင်မည်ဖြစ်ပြီး NLD ပါတီမှ ဦးအောင်ကျော်ခိုင်မှာ ၀န်ကြီးချုပ်၏ အဓိက ပြိုင်ဘက်အဖြစ် ရှိနေသည်။
အသက် ၆၆ နှစ်အရွယ်ရှိ သမ္မတရုံးဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်မှာ မအူပင်မြို့နယ် ပြည်သူ့ လွှတ်တော်မှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီး ၎င်း၏ အဓိကပြိုင်ဘက်မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ မအူပင်တွင် အနိုင်ရထားသည့် NLD ပါတီမှ ဦးစိန်ဝင်း ဖြစ်သည်။
မိဘနှစ်ပါးစလုံး မြန်မာနိုင်ငံသား မဟုတ်သဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ပေးရန် တိုင်ကြား ခံထားရ သည့် ဗိုလ်မှူးကြီးဟောင်း ဦးသိန်းညွန့်မှာ ၁၉၉၇ခုနှစ်မှ ၂၀၁၁အထိ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နေပြည်တော်မြို့တော်ဝန် အဖြစ်လည်း တာဝန်ထမ်းခဲ့ သူ ဖြစ်သည်။ ၂၀၁၁ခုနှစ်မှ လက်ရှိအချိန်အထိ နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီးအဖြစ် ထမ်းဆောင်နေသည်။
မအူပင်မြို့နယ်တွင် NLD ပါတီကိုထောက်ခံသူ အင်အားများနေသည့် အတွက် ၀န်ကြီးဦးသိန်းညွန့်ထက် NLD အမတ် ဦးစိန်ဝင်း အနိုင်ရရန် ရေပန်းစားနေကြောင်း မအူပင်မြို့ပျိုးခင်းသစ် ဖောင်ဒေးရှင်းအဖွဲ့မှ ကိုသူရက ပြောသည်။
“ပြည်သူလူထုနဲ့ ဌာနဆိုင်ရာတွေ၊ စစ်တပ်တွေသာ တကယ်လွပ်လပ်စွာ မဲပေးလို့ရမယ်၊ ရွေးကောက်ပွဲသာ လွပ်လပ် မျှတမယ် ဆိုရင်တော့ မအူပင်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပဲ အနိုင်ရမှာပါ”ဟု သူက ပြောသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ၂၀၁၀ ရွေးကောက်ပွဲတွင် သူအနိုင်ရထားခဲ့သည့် ဖျာပုံနှင့် ဒေးဒရဲမြို့ ၂ ခု ပေါင်းထားသည့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၀ တွင် ၀င်ပြိုင်မည် ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ပထမဆုံး အမျိုးသမီးဝန်ကြီး ဖြစ်ခဲ့သူ အသက် ၆၇ နှစ် အရွယ်ရှိပြီဖြစ်သည့် ဒေါ်မြတ်မြတ်အုန်းခင်မှာ ၂၀၁၂ ခုနှစ်က စတင်၍ လူမှုဝန်ထမ်းဌာန ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ယင်းမတိုင်မီက ကျန်းမာရေးဌာန ဒုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူမ၏ အဓိက ပြိုင်ဘက် မှာ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရထားသူ NLD ပါတီအမတ် ဦးသိမ်းဆွေ ဖြစ်သည်။
ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်၌ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးလုပ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်က NLD ပါတီမှ ဦးဝင်းထွဋ်နှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။
“တဦးချင်းအနေအထားအရ၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ပေးမှုအရဆိုရင်တော့ ကြံ့ခိုင်ရေးကလူတွေက NLD ထက် သာနေတယ်။ ပါတီကိုဖယ်လိုက်ရင် လူအရ ကြံ့ခိုင်ရေးကို ကြိုက်ကြတာ ရှိတယ်။ ဒါပေမယ့်အွန်လိုင်းမှာ ရေပန်းစားမှု၊ တပြည်လုံးအတိုင်းအတာနဲ့ ပြောင်းလဲချိန်တန်ပြီ လှုပ်ရှားမှုအရဆိုရင်တော့ NLD အခြေအနေ ကောင်းနိုင်တယ်။ ဘယ်သူနိုင်မလဲဆိုတာတော့ ခန့်မှန်းရခက်တယ်”ဟု ဖျာပုံမြို့ခံသတင်းထောက် ဒေါ်သူဇာနွယ်က ပြောသည်။
ဧရာဝတီတိုင်းရှိပြည်သူများအနေဖြင့် မိမိတိုဒေသသားဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဖြင့် မဲဆွယ်ထားသည့် ကြံ့ခိုင်ရေးပါတီကို ရွေးချယ်ရမည်လား၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည်ဟု ကြွေးကြော်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကိုမဲပေးရမည်လား ဟူသည့် ဆုံးဖြတ်ရခက်သည့် အနေအထားများ ကြုံတွေ့နေရသည်။
“ကြံ့ခိုင်ရေးပါတီက လူတွေကဒေသ ဖွံ့ဖြိုးရေးလုပ်ပေးတာ မှန်တယ်။ ဒီလူကိုရွေးလို့ ကိုယ့်ဒေသတခုတည်း ဖွံ့ဖြိုး တိုး တက်နေပြီး ကျန်တဲ့ဒေသတွေ မဖွံ့ဖြိုးရင် ဘာအကျိုးရှိမလဲ။ တနိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်။ ကျနော်တို့ကတော့ ပြည်သူ့ဘ၀ ပြောင်းလဲအောင် လုပ်ဆောင်ပေးနိုင်တဲ့ အစိုးရမျိုးလိုချင်တယ်။ ဒါကြောင့် တိုင်းပြည် ပြောင်းလဲအောင် လုပ်ပေးနိုင်မယ့် လူမျိုး၊ ပါတီမျိုးကိုပဲ ကျနော်တော့ မဲပေးမယ်”ဟု မအူပင်မြို့ခံ ကိုသူရက ၎င်းအမြင်ကို ပြောပြသည်။
တိုင်းတခုလုံးရှိ မဲဆန္ဒနယ်အားလုံး၏ ၃ ပုံ ၂ ပုံ (မဲဆန္ဒနယ် ၇၀ ခန့်) တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရမည်ဟု ခန့်မှန်းထား ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ဧရာဝတီိတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီ နှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုထားသည်။
“ဧရာဝတီတိုင်းအနေနဲ့ ကျနော်တို့ပါတီကတော့ အနည်းဆုံး ၃ပုံ၂ပုံလောက်တော့ နိုင်မယ်လို့ မှန်းထားပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်ထားပါတယ်”ဟု သူက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ ၀န်ကြီးချုပ် ရည်မှန်းထားသည့် ပမာဏမှာ၂၀၁၀ခုနှစ်က ကြံ့ခိုင်ရေးပါတီအနိုင်ရခဲ့သည့် ပမာဏထက် လျော့နည်းနေသည်။ ၂၀၁၀ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်းတွင် ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ် ၉၂ခုတွင် ၈၅ခု အနိုင်ရခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၂ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည်။
ယင်းအနေအထားအရ တချို့သော မဲဆန္ဒနယ်များကို ကြံ့ခိုင်ရေးပါတီအနေဖြင့် လက်လွှတ်ဆုံးရှုံးရမည်ဟု ၀န်ကြီးချုပ် ဦးဆောင်သော ကြံ့ခိုင်ရေးပါတီတိုင်းအောင်နိုင်ရေးအဖွဲ့က ကြိုတင်တွက်ဆထားသည့် သဘော ဖြစ်သည်။
ဝန်ကြီးချုပ်အနေဖြင့် NLD ပါတီကို သတိကြီးစွားထားပြီး အနိုင်ရရှိရေးအတွက် အစွမ်းကုန်ယှဉ်ပြိုင်သွားရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။
စက်တင်ဘာလအတွင်း အစိုးရနှင့် နီးစပ်သည့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ မီးသတ်၊ ကြက်ခြေနီ၊ စစ်မှုထမ်းဟောင်းစသည့် အရပ်သားအဖွဲ့အစည်းများကို တွေ့ဆုံပြီး ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဟောပြော စည်းရုံးမှုများ ပြုလုပ်ခဲ့သလို ဈေးသည်များ၊ အင်းသူကြီးများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင် များကိုလည်း ပုသိမ်မြို့ဧရာ ရွှေဝါခန်းမသို့ ဖိတ်ကြား၍ လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီကို ဆက်လက် ထောက်ခံပေးရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင်ဝန်ကြီးချုပ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများအား ကျေးရွာများသို့ဆင်း၍ မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်ရန်ညွှန်ကြားထားသလို တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးများကိုလည်း ရုံးမတက်စေဘဲ မိမိတို့သက်ဆိုင်ရာ ဒေသ၌ရွေးကောက်ပွဲ အနိုင်ရရေးကြိုးပမ်း လုပ်ဆောင်ရန် ညွန်ကြားထားကြောင်း သိရသည်။
“ဒီအချိန်က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ အချိန်အခါဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့စည်းကမ်း၊ မူဘောင်အတွင်းကပဲ ကိုယ့်ပါတီအနိုင်ရရေး အတွက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီကို ပြောသည်။
ပြည်သူလူထုကြား ရေပန်းစားနေသည့် NLD ပါတီကမူ ဧရာဝတီတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များအားလုံး၌ ရာနှုန်းပြည့်အနိုင်ရရန် ပြင်ဆင်ထားကြောင်းNLD ပါတီ ဧရာဝတီတိုင်း ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောသည်။
“ကျနော်တို့ကတော့ ဗဟိုဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ ရာနှုန်းပြည့်အနိုင်ရဖို့ ပြင်ဆင်ထားပါတယ်။ အနိမ့်ဆုံးအားဖြင့်တော့ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်တော့ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်”ဟု သူက ပြောသည်။
NLD ပါတီအနေဖြင့်၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း ဧရာဝတီတိုင်းအတွင်းရှိ မဲဆန္ဒနယ်
၇ခုစလုံး၌ ကြံ့ခိုင်ရေးပါတီ အပါအ၀င် ပြိုင်ဘက်များကို ကျော်ဖြတ်၍ ရာနှုန်းပြည့် အနိုင်ရရှိထားခဲ့သည်။
“ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တွေ ၀င်ပြိုင်မယ့်နေရာတွေနဲ့ ပတ်သတ်လို့လည်း ကျနော်တို့စိတ်ပူပန်တာ မရှိပါဘူး။ အမှန်တကယ် အပြောင်းအလဲကို အလိုရှိတဲ့ပြည်သူတွေက ကျနော်တို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြမှာပါ။ ကျနော်တို့ ပြည်သူလူထုကို ယုံပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
မည်သို့ပင်ဆိုစေ ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင် အများဆုံး ၀င်ရောက် ယှဉ်ပြိုင်ထားသည့် ဧရာဝတီတိုင်း ၏မဲဆန္ဒနယ်များ၌ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် အတိုက်အခံNLD ပါတီတို့၏ ရွေးကောက်ပွဲ အနိုင်ရရေး ကြိုးပမ်းမှုက အကြိတ်အနယ် ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။
Irrawaddy
0 comments:
Post a Comment