ညာဘက်လက်မှာ မှဲ့ (၁၀) လုံး အထက် ရှိသူသည် အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
ညာလက်တွင် မှဲ့ (၁၀) လုံးအထက် ရှိပါက တစ်ကိုယ်လုံးတွင် မှဲ့ အလုံး (၁၀၀) အထက် ရှိနိုင်ခြေရှိပြီး ထိုသို့ရှိခြင်းသည် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများစေသည့် အကြောင်းရင်း ဖြစ်ကြောင်း ဗြိတိန် သုတေသီများက ဆိုလိုက်သည်။
မှဲ့ အများစုသည် ဘာအန္တရာယ်မှ မဖြစ်စေသော်လည်း တစ်ကိုယ်လုံးတွင် မှဲ့ အလုံးတစ်ရာအထက် ရှိနေပါက အရေပြားလုပ်ငန်း ဖောက်ပြန်ကာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ဆယ်ဆ ပိုများလာရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။ အထူးသဖြင့် အနောက်နိုင်ငံများမှ လူများသည် နေပူစာလှုံသည့် ဓလေ့ကြောင့် အရေပြား လောင်ကျွမ်းကာ အရေပြားကင်ဆာ ဖြစ်ပွာနှုန်းသည် ၁၉၇၀ ပြည့်နှစ်များတုန်းကထက် ငါးဆ ပိုများလာကြောင်းလည်း လေ့လာမှု စစ်တမ်းက ဖော်ပြသည်။
စစ်တမ်းကို လန်ဒန်မြို့ ဘုရင့်ကောလိပ်မှ သုတေသီများက ပြုလုပ်ထားခြင်း ဖြစ်သည်။ ကျန်းမာသော အမျိုးသမီး (၃၅၀၀) ၏ ကိုယ်ပေါ်ရှိ မှဲ့များကို တစ်ယောက်ချင်း ရေတွက်ကြည့်သည်။ ထို့နောက် ခန္ဓာကိုယ်ကို အပိုင်း (၁၇) ပိုင်း ခွဲကာ မည်သည့်အပိုင်းမှ မှဲ့အရေအတွက်သည် တစ်ကိုယ်လုံး မှဲ့အရေအတွက်ကို အချိုးကျ ကိုယ်စားပြုနိုင်ကြောင်း လေ့လာကြည့်သည်။ ထိုအခါ ညာလက်၏ မှဲ့ပမာဏသည် ခန္ဓာကိုယ် တစ်ခုလုံး၏ ပျမ်းမျှ ဆယ်ပုံတစ်ပုံနှင့် ညီမျှကြောင်း တွေ့ခဲ့ရသည်။ ညာလက်တွင် မှဲ့ဆယ်လုံး အထက်ရှိလျှင် တစ်ကိုယ်လုံးတွင် မှဲ့အလုံးတစ်ရာ အထက်ရှိကြောင်း တွေ့ခဲ့ရသည်။
'' မှဲ့ တွေ အများကြီး ရှိတာဟာ အရေပြားဆဲလ်တွေ အလွန်အမင်း တက်ကြွနေတဲ့ ပြယုဂ်ပါ။ အကျိုးဆက်အဖြစ် အချိုသော ဆဲလ်တွေဟာ ဖောက်ပြန်ပြီး ကင်ဆာဆဲလ်အဖြစ်ကို ကူးပြောင်းသွားနိုင်ခြေ ပိုများလာရပါတယ်'' ဟု အရေပြားဆိုင်ရာ ကျွမ်းကျင်သူ ဗာရိုးနစ်ဘတ်တဲလီက ပြောသည်။
လေ့လာမှု စစ်တမ်းကို British Joyrnal of Dermatology တွင် ထည့်သွင်း ဖော်ပြထားသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment