တာချီလိတ်မြို့နယ်မှာ တပ်ကပစ်ခတ်လို့ ဒေသခံ ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ


ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းကျေးရွာက နားဟိုင်းလုံဒေသ ရွှေတူးဖော်ရေးလုပ်ငန်းခွင်ပြ မြေပုံကိုတွေ့ရစဉ်။ Photo: Shan Human Rights Foundation
 ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းကျေးရွာမှာရှိတဲ့ နားဟိုင်းလုံဒေသ ရွှေတူးဖော်ရေးလုပ်ငန်းခွင်ကို မနေ့က သွားရောက်ခဲ့တဲ့ ရွာသားတချို့ကို စစ်တပ်က သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းလယ်သမားများကွန်ရက်က ကြေညာချက်ထုတ်လိုက်ပါတယ်။

မိုင်းလင်းကျေးရွာက ဒေသခံရွာသား ၂၀ လောက်က လယ်ယာမြေစိုက်ပျိုးဖို့ ချောင်းရေမရတော့တဲ့အတွက် ရွှေတူးဖော်ရေးလုပ်ကွက်နေရာကို သွားရောက်ကြည့်ရှုတာမှာ စီမံကိန်းကို လုံခြုံရေးယူပေးထားတဲ့ မိုင်းဖြတ်အခြေစိုက် ခမရ ၃၃၀ က ပစ်ခတ်တာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းလယ်သမားများကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်းမိုင်က ပြောပါတယ်။

"ရွှေတူးဖော်ရေးကုမ္ပဏီက လာညှိနှိုင်းပြီးတော့ ဆွေးနွေးဖို့အတွက် တောင်းဆိုခဲ့တယ်၊ ဒါပေမဲ့ မန်နေဂျာက ရွာသားတွေပြောဆိုတာကို လက်မခံဘဲနဲ့ အနီးနားမှာရှိတဲ့ အစိုးရတပ် ခမရ ၃၃ဝ ကိုခေါ်ပြီးတော့ သူတို့ခြိမ်းခြောက်ခဲ့တာပေါ့၊ စစ်သားတွေအယောက် ၂ဝ လောက် လာတာမြင်တော့ သူတို့တွေလည်း အဲ့ကနေပြီးတော့ သွားလိုက်တာပေါ့၊ ဒါပေမဲ့ နည်းနည်းအဝေးတစ်နေရာ ရောက်တဲ့အခါကျတော့ စစ်သားကနေပြီး သေနတ်နဲ့ပစ်ခဲ့တယ်၊ အဲဒီ့မှာ တစ်ယောက် သေနတ်ထိမှန်ပြီး ဆေးရုံမှာပဲသေဆုံးခဲ့တယ်"

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နေရာဟာ လွိုင်ခမ်းလုံကုမ္ပဏီ ရွှေတူးဖော်နေတဲ့ လုပ်ကွက်ဖြစ်ပါတယ်။

နားဟိုင်းလုံဒေသမှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ဒေသခံတွေက ကန့်ကွက်နေတာကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့နှစ်ကတည်းက ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းလယ်သမားများကွန်ရက်က ထုတ်ပြန်တဲ့ကြေညာချက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကို အရေးယူပေးဖို့နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရပ်ဆိုင်းဖို့ ညွှန်ကြားထားတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လက်ရှိအချိန်ထိ ဆက်လက်လုပ်ကိုင်နေတာတွေကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

နားဟိုင်းလုံဒေသမှာရှိတဲ့ တချို့ရွှေတူးဖော်ရေးကုမ္ပဏီတွေက နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာနရဲ့ အမိန့်နဲ့ ဆက်လက်လုပ်ပိုင်ခွင့် ရရှိထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကစပြီး လွယ်ခမ်းတောင်ကြောမှာ လွိုင်ခမ်းလုံ၊ စိုင်းတစ်၊ ရွှေတောင်၊ စိုင်းစိုက်ပျိုးရေးစတဲ့ ကုမ္ပဏီတွေက ရွှေတူးဖော်နေတာဖြစ်ပြီး လုပ်ကွက်တွေကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေ ပျက်စီးခဲ့တဲ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လုပ်ငန်းလုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment