Apple ရဲ့ ဖုန်းအသစ် iPhone 6s ၊ 6s Plus နဲ့ ပြိုင်ဘက် Samsung ရဲ့ Galaxy Note 5 တို့ ကို ‘အကြမ်းပတမ်းစမ်းသပ်မှု’ တွေ ပြုလုပ်ခဲ့ရာမှာ ယခု iPhone အသစ်တွေဟာ ကွေးညွတ်မှု နည်းပါးသလို၊ ပြင်းထန်တဲ့အပူချိန်ကိုလည်း ခံနိုင်ပြီး ရေထဲ ထည့်နှစ်တာကိုတောင် ခံနိုင်ရည်ရှိနေတာကို တွေ့ ရှိခဲ့ရပါတယ်။
တခြားခံနိုင်ရည်တွေထက် ရေစိမ်ခံနိုင်တဲ့စွမ်းရည်က စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဘာလို့ လည်း ဆိုတော့ Apple ဟာ 6s နဲ့ 6s Plus တို့ ရေစိမ်ခံ၊ရေစိုခံနိုင်ကြောင်း အသေးစိတ်ကြေငြာထားခြင်းမရှိလို့  ဖြစ်ပါတယ်။စမ်းသပ်မှုပထမအဆင့်ကို ဆန်ဖရန်စစ္စကိုအခြေစိုက် အာမခံလက်မှတ်စီစဉ်ပေးတဲ့ SquareTrade ကုမ္ပဏီက စမ်းသပ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ SquareTrade ရဲ့ ယခုနှစ်စမ်းသပ်မှုမှာ ‘Thermo test’ လို့ ခေါ်တဲ့ အပူဒဏ်စစ်ဆေးမှုလည်း အသစ်ထည့်သွင်းခဲ့ပြီး ဖုန်းတွေကို oven ထဲ နဲ့ freezer ထဲတွေမှာ ထည့်ပြီး ပြင်းထန်တဲ့အပူချိန်အမှတ်တွေနဲ့ စမ်းသပ်တာဖြစ်ပါတယ်။
iPhone 6s၊ 6s Plus နဲ့ Galaxy Note 5 ဖုန်းသုံးလုံးဟာ စခရင်ရဲ့ အလည်တည့်တည့်မှာ ဖိအားအများအပြားပေးပြီး စမ်းသပ်တဲ့ ‘ကွေးညွတ်မှုစစ်ဆေးချက်’ ကို အောင်မြင်ခဲ့ပြီး iPhone 6s ကို ကွေးညွတ်နိုင်ခြေ အနည်းဆုံးနဲ့ ဦးဆောင်ခဲ့ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဖုန်းတွေကို ၁၀ ကြိမ်တိုင်တိုင် ထောင့်စွန်းနဲ့ ကျအောင် ပစ်ချခဲ့ရာမှာလည်း ဖုန်းသုံးမျိုးလုံးဟာ အပေါ်ယံဖုန်းကိုယ်ထည်ပိုင်းမှာသာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အကောင်းအတိုင်း ရှိနေတာကို တွေ့ ရှိရပြန်ပါတယ်။
အပူချိန်မြင့်တဲ့နေ့ တစ်နေ့ မှာ ကားတစ်စီးအတွင်းမှာရှိနိုင်တဲ့ အပူချိန်ဖြစ်တဲ့ ၁၁၀ ဒီဂရီဖာရင်ဟိုက် ထားထားတဲ့ oven ဖိုထဲမှာ ထည့်သွင်းစမ်းသပ်ခဲ့ရာမှာလည်း ဖုန်းသုံးခုလုံးဟာ ဘက်ထရီပျက်စီးမှု မဖြစ်အောင်လို့ ၁၅ မိနစ်ဝန်းကျင်မှာ အလိုအလျောက်ပါဝါပိတ်သွားတာကို တွေ့ ရပါတယ်။ သုည ဒီဂရီဖာရင်ဟိုက်ပေးထားတဲ့ အအေးခန်းသေတ္တာထဲမှာတော့ 6s က ၃၀ မိနစ်၊ 6s Plus က တစ်နာရီကျော်ကြာ နဲ့ Note 5 က နှစ်နာရီနီးပါး ဒဏ်ခံနိုင်တာကို တွေ့ ရှိရပြန်ပါတယ်။
ရေစိမ်ခံစမ်းသပ်မှုမှာ ဖုန်းသုံးမျိုးလုံးကို သီချင်းဖွင့်ထားလျက်နဲ့ ရေထဲထည့်စိမ်ခဲ့ပြီး သုံးလုံးလုံးဟာ ရေထဲက ထုတ်ပြီးသည့်တိုင် ဆက်လက် အလုပ်လုပ်နေနိုင်ပြီး ၊ ခြွင်းချက်အနေနဲ့  iPhone နှစ်လုံးကတော့ ရေအောက်ရောက်နေတုန်း တစ်ခဏမှာ အသံပျောက်သွားတယ်လို့ သိရပါတယ်။ အလားတူ Youtube user တစ်ယောက်ဖြစ်တဲ့ Zach Straley ဟာ iPhone တွေရဲ့ ရေစိုခံနိုင်တဲ့အစွမ်းကို ရေဇလုံထဲမှာ မိနစ်သုံးဆယ်ကြာ နှစ်ကာ ပြသခဲ့ပါတယ်။
Apple က iPhone တွေ ရေစိမ်ခံနိုင်လားဆိုတာ ထုတ်ပြောထားခြင်းမရှိတဲ့အတွက် ဒီအချက်က တော်တော်များများကို အံ့အားသင့်စေခဲ့ပါတယ်။စိတ်မကောင်းစရာ တစ်ချက်အနေနဲ့ ၊ iPhone တွေကော Note 5 ပါ ဖန်သားပြင်နဲ့ ကွန်ကရစ် ကြမ်းပြင်ပေါ် လွှတ်ချစမ်းသပ်မှုမှာတော့ ဖုန်းသုံးမျိုးလုံး မှန်ကွဲခဲ့ပြီး iPhone နှစ်လုံးရဲ့ ဖန်သားပြင်က ပထမတစ်ကြိမ် ပစ်ချမှုမှာတင် ကွဲသွားခဲ့တယ်လို့ သိရပါတယ်။
Ref: Dailymail
0 comments:
Post a Comment