Notra ကာရိုက်တာအတွက် ယုံကြည်မှု အပြည့်ရှိပါတယ်ဆိုတဲ့ သက်ထားဝေဇင်နဲ့တွေ့ဆုံခြင်း


လက်ရှိ  ဂျာနယ် ကာဗာတွေအတွက် အချိန်ပေးရိုက်ဖြစ်နေတဲ့ သက်ထားဝေဇင် က မကြာခင်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံဇာတ်ကားဖြစ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ညကျောင်းထုတ်လုပ်ရေး ကစတင်ရိုက်ကူးမဲ့ Anada ကားမှာ notra အဖြစ် ပါဝင်ရိုက်ကူးဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ သူမနဲ့ တွေ့ဆုံခိုက် သိချင်တာတွေကို မေးမြန်းဖြစ်တဲ့အခါ
-အခုလက်ရှိ အနုပညာ လှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
အခုလက်ရှိက ဓာတ်ပုံရိုက်တွေ ရှိတယ်။ ကာဗာတွေ ရိုက်ဖြစ်နေတယ်။ နောက်ပြီး မနက်ဖြန်မှာ စရိုက်မဲ့ နိုတြာ အတွက်ကို ညီမဖက်ကတော့ ပြင်ဆင်နေပါတယ်။
-ပြင်ဆင်မှုနဲ့လေ့လာမှုတွေက ဘာတွေများလဲ။
လောလောဆယ် ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုညိုပေးထားတဲ့ ဒီဇာတ်ကောင်နဲ့ပတ်သက်တဲ့ စာအုပ်နှစ်အုပ်နဲ့အခွေတစ်ခွေကို လေ့လာနေပါတယ်။
-အဲ့ဒါတွေကိုလေ့လာပြီး ကြိုတင်ပြင်ဆင်မှုအနေနဲ့ရော ဘာတွေများလုပ်ဖြစ်နေလဲ။
ကြိုတင်ပြင်ဆင်မှုအနေနဲ့ဆိုရင် ညီမဖက်ကတော့ လောလောဆယ်မှာ ဘာမှမရှိသေးဘူးလို့ပြောရမှာပေါ့နော်။ ဒါကတော့ ရိုက်ကွင်းပေါ်ကျမှပဲ ကိုညိုရဲ့သွန်သင်မှုနဲ့ ကိုယ်လုပ်နိုင်တဲ့ပေါ်မှာ မူတည်ပြီးတော့ဖြစ်သွားမှာပါ။
-ကိုညိုပေးထားတဲ့ ဟာတွေကို လေ့လာရင်းနဲ့တကယ်လုပ်နိုင်မယ်လို့ရော ကိုယ့်ကိုကိုယ်ယုံကြည်မိလား။
ဟုတ်။ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အရမ်းစိတ်ဝင်စားတဲ့ အလုပ်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ရယ်၊ နောက်ပြီးတော့ ညီမကတော့ အသစ်တစ်ယောက်ဖြစ်နေတဲ့အတွက် လိုအပ်တာတွေတော့ ရှိကောင်းရှိနေမှာပါ။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိမှာပါ။ ဒါပေမဲ့ ညီမကတော့ အကောင်းဆုံးကြိုးစားသွားဖို့ရှိပါတယ်။
-ကိုညိုနဲ့လက်တွဲပြီး လုပ်တဲ့အပေါ်မှာရော ဘယ်လိုအတိုင်းအတာထိလောက် ကိုယ့်အတွက်ပံ့ပိုးမှုတွေရနိုင်လဲ။
ကိုညိုက အရမ်းတော်တဲ့သူ တစ်ယောက်ပါ။ အရင်ကတည်းကလဲကြိုက်တယ်။ သူအလုပ်လုပ်တဲ့ ပုံစံကိုလဲကြိုက်တယ်။ သူ့ဇာတ်ကားတွေကလဲ ထူးခြားတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ သူနဲ့အလုပ်တွဲလုပ်ရတာ ညီမအတွက် အရမ်းဝမ်းသာမိပါတယ်။ အခုလိုသူရွေးချယ်တဲ့အတွက် အရမ်းပဲ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
-ဒီဇာတ်ကောင်အတွက်ကို မျက်ခုံးလဲရိတ်ရယ်လို့ပြောတယ်။
ဟုတ်ကဲ့။ မနက်ဖြန်မှ မိတ်ကပ်သမားတွေ ရိတ်ပေးမယ်ထင်ပါတယ်။ အခုကတော့ မရိတ်ပဲ ခဏထားထားတာပါ။
-ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ညီမလေးရဲ့ရင်ခုန်မှု။
အရမ်းကိုရင်ခုန်ပါတယ်။ ကိုယ့်စိတ်က အကုန်လုံးကို ဒီကားမှာနှစ်ထားပါတယ်။
-ဒီဇာတ်ကားအတွက် ဂတုံးလဲ တုံးရမယ်။ မျက်ခုံးလဲရိတ်ရမယ်ဆိုတော့ ဒီကားပြီးသွားတဲ့အချိန်မှာရော ဘယ်လိုမျိုးတွေဆက်လုပ်သွားမလဲ။
နောက်ပိုင်းကမ်းလှမ်းလာတာတွေရှိရင် အနုပညာနဲ့ပတ်သက်ပြီး ညီမအားလုံးလုပ်သွားမှာပါ။
-နောက်ပိုင်းမှာရော ကိုညိုနဲ့ဆက်ပြီးလက်တွဲသွားဖို့ရှိဦးမလား။
ဟုတ်ကဲ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုညိုကကိုယ့်ရဲ့လက်ဦးဆရာဖြစ်တဲ့အတွက်သူကိုယ့်ကို ခိုင်းရင်ခိုင်းတဲ့ အပိုင်းမှာ အကောင်းဆုံး လုပ်ဆောင်သွား မယ်။ နောက်တခြား ဒါရိုက်တာတွေက ကမ်းလှမ်းလာတာ ရှိခဲ့မယ်ဆိုရင်လဲ ကြိုးစားသွားပါမယ်လို့။
-ဒီကားမှာ ပါဝင်သရုပ်ဆောင်ရမဲ့ ကာရိုက်တာက။
အဲ့ဒီကားမှာ ညီမက အကြားအမြင်ရတဲ့သူ၊ အနာဂတ်ကိုဟောပြောနိုင်တဲ့သူနေရာကနေသရုပ်ဆောင်ရမှာပါ။
-အ၀တ်အစားပိုင်းကိုရော ဘယ်လိုမျိုးစီစဉ်ထားလဲ။
အ၀တ်အစားပိုင်းနဲ့ ပတ်သက်ပြီး ကိုညိုကဒီဇိုင်းနာ မမေသက်လွင်က အပြီးသတ်တာဝန်ယူထားတဲ့ အတွက်ကြောင့်မို့လို့ ဘာမှပြင်ဆင်စရာမရှိပါဘူး။
-သရုပ်ဆောင်အနေနဲ့က ညီမလေးအပြင်ဘယ်သူတွေပါဦးမလဲ။
ကိုစိုင်းလွှမ်း၊ ကိုဖြိုးငွေစိုး၊ ကိုစိုးရန်အောင်၊ နောက်မော်လ်ဒယ်ထဲက ကိုကျော်ကိုကိုဝေ၊ ကိုနေ၀င်း၊ နောက်မင်းသမီးထဲက မနန်းစုဦး၊ နောက်မဧကရီမှူးပိုင် ၊ နောက် ညီမရယ်ပေါ့။ နောက်အမေရိကန်သမ္မတနေရာမှာ သရုပ်ဆောင်မှာက မနန်းထိုက်ခင်ပေါ့။
-သရုပ်ဆောင်တွေ အနေနဲ့ထူးခြားမှုရှိတာလဲတွေ့ရတယ်နော်။
ဟုတ်ကဲ့။ ဒါကပထမဆုံးရိုက်မယ့် သိပ္ပံဇာတ်ကားဆိုတော့ အကုန်လုံးထက်တော့ အမြင်အားဖြင့်ဆန်းနေမယ်လို့ထင်ပါတယ်။ ကိုညိုကိုယ်တိုင်လဲ အဲ့ဒီကားအတွက်အစွမ်းကုန်ကြိုးစားနေပါတယ်။
-ဒီဇာတ်ကားက ညီမအတွက် ပထမဆုံးကားဖြစ်တဲ့အတွက် ပရိသတ်ကိုဒီဇာတ်ကားနဲ့ထိုးဖောက်နိုင်မယ်လို့ရော ယုံကြည်လား။
ဒါကတော့ ကိုယ့်ရဲ့လုပ်ဆောင်ချက်နဲ့လဲ ဆိုင်တယ်။ ကိုယ့်ကံတရားနဲ့လဲဆိုင်တယ်။ တချို့တွေအရမ်းကြိုးစားပြီးဖြစ်မလာတာမျိုးတွေ ရှိတယ်။ ညီမဖက်ကတော့ ကိုယ်စွမ်းရှိသလောက်ကြိုးစားသွားမယ်။ ပရိသတ်တွေလဲ အားပေးကြပါလို့ပြောချင်ပါတယ်။ ဒီကားကို ပရိသတ်တွေကြိုက်မယ်လို့လဲ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာ့ ရုပ်ရှင်သမိုင်းမှာ ပထမဆုံးရိုက်မဲ့ သိပ္ပံဇာတ်ကားဖြစ်နေလို့ပါ။ လိုအပ်တာတွေ ရှိခဲ့ရင်လဲဖြည့်စွက်ပြီးကြည့်ပေးကြပါလို့။ အချိန်အားဖြင့် ညီမထင်တာက ဒီကားကို ငါးလလောက် ရိုက်ကူးမယ်လို့ထင်ပါတယ်။
Trend Myanmar
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment