ဒီကနေ့ညနေ ၃ နာရီအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်အသီးသီးမှာ အပြတ်အသတ် အနိုင်ရတာကို ပြနေပါတယ်။
ပြည်သူ့လွှတ်တော်မှာ NLD က ၁၉၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ၂၃ နေရာ၊ ကျန်ပါတီအသီးသီး က ၂၄ နေရာရထားပါတယ်။ အမျိုးသားလွှတ်တော်မှာ NLD က ၉၅ နေရာ၊ USDP က ၁၀ နေရာ၊ ကျန်ပါတီအသီးသီးက ၁၁ နေရာရထားပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ NLD က ၃၆၇ နေရာ၊ USDP က ၃၆ နေရာနဲ့ ကျန်ပါတီအသီး သီးက ၂၇ နေရာရထားပါတယ်။ ဒီကနေ့ညနေ ၃ နာရီအထိဆိုရင် ပြည်သူ့လွှတ်တော်အတွက် စုစုပေါင်းအမတ်နေရာ ၂၄၃ နေရာ ကြေညာပြီးသွားပြီမို့ နောက်ထပ် နေရာ ၈၀ ကျော်အတွက်ပဲ ကြေညာဖို့ကျန်ပါတော့တယ်။ အမျိုးသားလွှတ်တော်အတွက် ၁၁၆ နေရာ ကြေညာပြီး ဖြစ်တာကြောင့် နောက်ထပ် နေရာ ၅၀ လောက်အတွက်ပဲ ကြေညာဖို့ကျန်ပါတော့တယ်။
NLD ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်အတွက် စုစုပေါင်းလွှတ်တော်အမတ်နေရာ ၂၉၁ နေရာ ရနေပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်နှစ်ရပ်ကနေ ဒုတိယသမ္မတ တဦးစီ စုစုပေါင်းနှစ်ဦးကို ရွေးချယ်ဖို့၊ စစ်တပ်ကိုယ်စားလှယ် တွေဘက်ကတင်တဲ့ ဒုတိယသမ္မတတဦးအပါအ၀င် စုစုပေါင်း ဒုတိယသမ္မတသုံးဦးထဲကနေမှ သမ္မတကို ရွေးချယ်ဖို့၊ အစိုးရသစ် ကို ဦးဆောင် ဖွဲ့စည်းဖို့ အတော်လေးကို အလားအလာကောင်းနေပြီလို့ ဆိုရမှာပါ။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာ ရှင်တွေကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သူ့ရဲ့နေအိမ်မှာ ဒီကနေ့တွေ့ဆုံပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/election-result-thrusday-nld-win-the-landslide-victory-/3054534.html
0 comments:
Post a Comment