ဟောလိဝုဒ် ကြယ်ပွင့် လီယိုနာဒိုဒီကာပရီယိုက ကမ္ဘာအထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရုရှားသမ္မတ ဗလာဒီမာပူတင်အဖြစ် ရုပ်ရှင်ဇာတ်ကားတစ်ကား၌ သရုပ်ဆောင်လိုသည်ဟု ဂျာမနီသတင်း Welt နှင့် အင်တာဗျူးတွင် ပြောကြားသည်။ ရုရှားနိုင်ငံခေါင်းဆောင် ပူတင်အဖြစ် သရုပ်ဆောင်ရန် စိတ်ဝင်စားသည်ဟု လီယိုနာဒိုက Welt သတင်းအား ပြောသည်။
‘‘ပူတင်ဇာတ်ရုပ်က အရမ်း အရမ်းကို စိတ်ဝင်စားဖို့ကောင်း လိမ့်မယ်။ ကျွန်တော် ပူတင်အဖြစ် သရုပ်ဆောင်ချင်ပါတယ်’’ ဟု လီယိုနာဒိုကပြောသည်။
အမေရိကန်သရုပ်ဆောင်မင်းသား လီယိုနာဒိုသည် ၂၀၁၀ ပြည့်နှစ်တွင် သမ္မတပူတင်နှင့် တွေ့ဆုံ ဖြစ်ခဲ့သည့်အကြောင်း ပြောကြားခဲ့သည်။ ‘‘ကျွန်တော့် ဖောင်ဒေးရှင်းက မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဆားဘီးယားကျားတွေ ကာကွယ်ရေး လုပ်ငန်းတချို့ကို ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ သမ္မတပူတင်နဲ့ ကျွန်တော် အဲဒီကျားတွေ ကာကွယ်စောင့်ရှောက်ရေးကိစ္စနဲ့ပတ်သက်ပြီး စကားပြောဖူးပါတယ်။ နိုင်ငံရေးအကြောင်းမဟုတ်ပါဘူးဟု လီယိုနာဒိုက ပြောကြားသည်။
လီယိုနာဒိုသည် သမ္မတပူတင်အပြင် အခြားသော ရုရှားအထင်ကရပုဂ္ဂိုလ်အချို့အဖြစ်လည်း သရုပ်ဆောင်လိုသည်ဟု ဆိုသည်။ လီယိုနာဒို ပါဝင် သရုပ်ဆောင်ထားသော The Revenant ရုပ်ရှင်ဇာတ်ကားသည် လာမည့်လတွင် ကျင်းပပြုလုပ်မည့် အော်စကာဆုပေးပွဲ၏ ဆန်ခါတင် စာရင်း၌ ဆုပေါင်း၁၂ ဆု အဆိုပြုခြင်း ခံထားရသည်။

Credit - 7Day Daily
0 comments:
Post a Comment