ပန်ထွာဘုရင်မ ပုန်းခိုစံမြန်းခဲ့ရာ နေရာဟု ယူဆရသော အုတ်တံတိုင်းကုန်းတစ်ခု မကွေးမြို့နယ် ဖိုလေးလုံး ကျေးရွာတွင် တွေ့ရှိ


မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခွဲခန့်အကွာတွင် ရှေးခေတ် ပျူလူမျိုးများ နေထိုင်ခဲ့သည်ဟု ယူဆရသော အုတ်တံတိုင်း ကုန်းတစ်ခုနှင့် ရှေးဟောင်းပစ္စည်းများ တွေ့ရှိသော်လည်း လက်ရှိအချိန်ထိ ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ
သိရှိရသည်။

အဆိုပါ အုတ်တံတိုင်းကုန်းဟု ခေါ်သည့်နေရာတွင် တွေ့ရသော အုတ်ချပ်ကြီးများမှာ ဗိဿနိုးမြို့ဟောင်းမှ အုတ်ချပ်ကြီးများနှင့် အရွယ်အစားတူ၊ ပုံစံတူရှိနေပြီး ဇန်နဝါရီလအတွင်းက ပျူခေတ်လက်ရာဟု ယူဆရသော ဆေးတံ၊ ပုတီး၊ ကြေးလင်ပန်း၊ကြေးခွက်၊ ကြေးရုပ်တု အစရှိသည့် ရှေးဟောင်း ပစ္စည်းအမျိုးမျိုးကို အဆိုပါနေရာအနီးဝန်းကျင် တစ်ဝိုက်တွင် တွေ့ရှိခဲ့ရကြောင်း ဖိုလေးလုံးကျေးရွာမှ ဦးစုကပြောသည်။

“အုတ်တံတိုင်း ကုန်းနားက ယာခင်းရှင်ဖြစ်တဲ့ လိပ်ကုန်းကျေးရွာက တောင်သူတစ်ဦးဆို ပြီးခဲ့တဲ့ တစ်နှစ်ကျော် လောက်က ယာထွန်ရင်းနဲ့ ရွှေလင်ဗန်းနှစ်ချပ် တွေ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ ရွာမှာလည်း ငွေဒင်္ဂါးတွေ အိုးလိုက်တွေ့သူရှိတယ်။ရှေးဟောင်းပစ္စည်းရဲ့ တန်ဖိုးကို နားမလည်ကြတော့ ရောင်းစားလိုက်ကြတယ်။ ကျွန်တော်လည်း တလောလေးကမှ အဲဒီမှာ သွားတူးတာ ကြေးဟင်္သာရုပ်၊ ကြေးဆင်ရုပ်နဲ့ မြေဆေးတံတွေ တွေ့ခဲ့ရတယ်” ဟု ဦးစုကပြောသည်။

အဆိုပါ အုတ်တံတိုင်းကုန်း နေရာနှင့် ပတ်သက်သည့် ကောလာဟလ သတင်းမျိုးစုံကြောင့် ဒေသခံများအနေဖြင့် သွားလာရဲသူ မရှိသလောက်ဖြစ်ခဲ့ပြီး မြန်မာ့ရှေးဟောင်း အမွေအနှစ်နေရာတစ်ခု ဖြစ်ကြောင်း သတိပြု တန်ဖိုး ထားရကောင်းမှန်းမသိရှိခဲ့သည့်အပြင် ပညာရှင်များ လာရောက်လေ့လာမှု နည်းပါးသဖြင့် တိမ်မြုပ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ အဘိုးအဘွားတွေ လက်ထက်ကနေ အဆင့်ဆင့် ပြောစကားအရအဲဒီအုတ်တံတိုင်း ကုန်းနေရာဟာ စစ်ရှုံးပန်ထွာဘုရင်မကြီးနဲ့ နောက်လိုက် နောက်ပါ ပျူလူမျိုးတွေ ပုန်းခိုစံမြန်းရာ နေရာဖြစ်ပြီး ပန်ထွာဘုရင်မကြီး ဘဝနိဂုံးချုပ်ရာ သုသာန်ကုန်းရှိတဲ့ နေရာလို့ သိခဲ့ရတာကလွဲရင် ခြေခြေမြစ်မြစ် သိတဲ့လူတော့
မရှိကြဘူး” ဟု ဖိုလေးလုံးကျေးရွာသား တစ်ဦးဖြစ်သည့် ဦးမြင့်ဦးက ပြောသည်။

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တစ်ရပ် အဖြစ် သတ်မှတ်ခံရသော ဗိဿနိုးမြို့ဟောင်းနှင့် ဆက်စပ်မှုရှိနိုင်သည် ဟုဆိုကာ လက်ရှိတွင် အဆိုပါ နေရာကို ပြန်လည်ဖော်ထုတ်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။

“ဒီနေရာဟာ ပန်ထွာဘုရင်မကြီး ဒွတ္ထပေါင်မင်းကြီးဆီမှာ စစ်ရှုံးလို့ ထွက်ပြေးပုန်းခိုခဲ့တဲ့ နေရာခြောက်ခုထဲက တစ်ခုလို့ ရှေးလူကြီးတွေ ပြောခဲ့တာ မှတ်သားခဲ့ရဖူးတယ်။ ဒီနေရာကို လေ့လာဖို့ဆိုပြီး ရောက်လာခဲ့သူ နှစ်ဦးကလည်း ဗိဿနိုးမြို့ဟောင်းရဲ့မြောက်ဘက်အရပ် တစ်တန်းထဲမှာ ပန်ထွာဘုရင်မကြီး ခိုအောင်းခဲ့ရာ နေရာရှိတယ်။ အဲဒီနေရာ တစ်ခုပျောက်နေတာ။ ဒီနေရာပဲလို့ ပြောတယ်” ဟု ဖိုလေးလုံးကျေးရွာသား ဦးဝေယံက ပြောသည်။

အဆိုပါ နေရာမှာ မဟာအတုလ စည်တော်ကြီးဖြင့် ဂုဏ်ရှိန်ထည်ဝါခဲ့သည့် ဗိဿနိုးပြည်ကြီးမှာ သရေခေတ္တရာ တပ်များ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးစဉ်က ထွက်ပြေး တိမ်းရှောင်ခဲ့ရသော ပန်ထွာဘုရင်မကြီး ကွန်းခိုစံမြန်းခဲ့ရာ နေရာဖြစ်သည်ဟု ရှေးလူကြီးသူမများ ပြောခဲ့သော စကားများအရသာ မှတ်သားခဲ့ကြရကြောင်း ဖိုလေးလုံးကျေး ရွာသား ဦးမြင့်ဦးက ပြောသည်။

လက်ရှိတွင် အုတ်ခံဖောင်ဒေးရှင်း အဖြစ်သာ ကျန်ရှိသည့် အုတ်တံတိုင်းကုန်းမှာ ဧကဝက်ခန့် ပတ်လည်ရှိပြီး အရှေ့ဘက်နှင့် အနောက်ဘက်၌ တံခါးပေါက်ဟု ယူဆရသည့် အုတ်လှေကားတစ်ခုစီ ရှိကြောင်း သိရသည်။

အုတ်တံတိုင်းကုန်း၏ အရှေ့မြောက်ဘက် နှစ်ဖာလုံခန့်အကွာတွင် အင်ကြင်းကျောက်ရိုးဖြင့် စီထားသော လေးပေပတ်လည်ခန့်ရှိသည့် စမ်းရေတွင်း တစ်တွင်းကိုတွေ့ရှိကာ အဆိုပါ စမ်းရေတွင်းမှာလည်း ရှေးနှစ်ပေါင်းများစွာ ကတည်းကရှိနေပြီး ယနေ့အထိ ရေခန်းခြောက်သွားခြင်း မရှိဘဲ အသုံးပြုနေရဆဲ ဖြစ်ကြောင်း
ဒေသခံများထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment