သန်လျင်မြို့နယ်တွင် ကလေးသူခိုးဟုစွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား


နေပြည်တော်၊ ဇန်နဝါရီ ၂၁

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်းရွာ၊ သန်လျင်-ကျောက်တန်းကားလမ်း၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲရှေ့တွင် ကလေးခိုးယူမှုဖြစ်ပွားကြောင်း သတင်းအရ သန်လျင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ကျောင်းရှေ့တွင် လူများစုဝေးနေသည်ကိုတွေ့သဖြင့် မေးမြန်းနေစဉ် ဝင်ရောက်ကြည့်ရှုသူတစ်ဦးအား လူစုလူဝေးက “တွေ့ပြီ တွေ့ပြီ ကလေးသူခိုး”ဟု ပြောဆိုကာ ဝိုင်းဝန်းရိုက်နှက်သောကြောင့် သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အဆိုပါအမျိုးသားကို ကာကွယ်ဆွဲခေါ်ကာ အနီးတွင် ရပ်ထားသော ယာဉ်ပေါ်သို့တင်၍ ထွက်ခွာခဲ့ရာ လူစုလူဝေးမှ ဝိုင်းဝန်းထုရိုက်ကြသဖြင့် ယာဉ်နောက် ကြည့်မှန် ကြေမွပျက်စီး၊ နောက်ဖုံးပိန်ချိုင့်၍ တန်ဖိုးငွေကျပ်(၂)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စွပ်စွဲရိုက်နှက်ခံရသူတွင် ဒဏ်ရာများရရှိခဲ့သည်။ စိစစ်ချက်များအရ သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာအုပ်စု နတ်စင်ကုန်း(၃)လမ်းနေ ဆိုင်ကယ်ကယ်ရီမောင်းသူ ဇော်မင်း(၂၂)နှစ်သည် အမျိုးသမီးတစ်ဦးအား လိုက်ပို့ပြီး လူစုလူဝေးအားတွေ့၍ ဝင်ရောက်ကြည့်ရာက လူစုလူဝေး၏ ဝိုင်းဝန်းရိုက်နှက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မေးမြန်းချက်များအရ ပျဉ်ထောင်ကျောင်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ သူငယ်တန်းမှ ပဉ္စမတန်းထိ ကျောင်းသား/သူများ မုန့်စားကျောင်းဆင်းပြီး ကျောင်းပြန်တက်၍ မိနစ် ၂၀ ခန့်အကြာ ကျောင်းဝန်းအပြင်ဘက် တံခါးအနီးတွင် အမည်မသိ အမျိုးသမီး(၁၀)ဦးခန့်အား တွေ့ရှိ၍ ကျောင်းအုပ်ဆရာမကြီးကမေးရာ ကျောင်းနောက်ဘက်တွင် ကလေးသူခိုး ရောက်နေကြောင်း အဆိုပါအမျိုးသမီးများက ပြောခဲ့သည်။ ကျောင်းအုပ်ဆရာမကြီးက “ဘယ်သူပြောတာလဲ၊ ကျောင်းနောက်ပေါက် ပိတ်ထားကြောင်း၊ လူတစ်ဦးတစ်ယောက်မျှ မတွေ့ကြောင်း” ပြောကာ အတန်းလိုက်လူစစ်ဆေးပြီး ကျောင်းသား/သူများပျောက်ဆုံးမှု မရှိကြောင်း ရှင်းလင်းပြောကြား နေစဉ် ရွာသူ/သားများမှ တုတ်များကိုင်ဆောင် ရောက်ရှိလာကာ ကျောင်းအနောက်ဘက်သို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ တစ်ဦးတစ်ယောက်မျှမတွေ့၍ ကျောင်းရှေ့တွင် ပြန်လည်စုရုံးလျက်ရှိစဉ် ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦး ဝင်ရောက်ကြည့်ရှုရာက အထက်ပါဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ပညာရေးမှူး ဦးခင်အောင်မြင့် ပါဝန်ထမ်း(၅)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကြူ ပါအုပ်ချုပ်ရေးအဖွဲ့ဝင်(၁၀)ဦး၊ ကျောင်းအကျိုးတော်ဆောင် ဦးသောင်းထွန်းအောင် ပါ(၅)ဦး၊ မိဘဆရာအသင်းမှ ဦးမြင့်ဦး ပါ (၁၀)ဦးတို့ ရောက်ရှိလာပြီး ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှ ည ၇ နာရီ ၁၀ မိနစ်အချိန်ထိ ကျောင်းသား/သူများအား မိဘများထံ တစ်ဦးချင်း ပြန်လည်အပ်နှံပေးခဲ့ကြောင်း၊ အဆိုပါနေရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် လက်ယက်စမ်းရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက စောင့်ကြည့်ထိန်းသိမ်းလျက်ရှိကြောင်းသိရပြီး ဇော်မင်းက ဝိုင်းဝန်းရိုက်နှက်သူများအား အရေးယူပေးရန်တိုင်တန်းသဖြင့် ဝိုင်းဝန်းရိုက်နှက်သူများ(စိစစ်ဆဲ)အား သန်လျင်မြို့မရဲစခန်း (ပ)၅၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၅/၄၂၇/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment