NLD အမတ်များ၏ Orientation သင်တန်းကို ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ရွှေစံအိမ် ဟိုတယ်တွင် ဦးတေဇက ဖွင့်ခွင့်ပေးခဲ့သည်။ သို့သော်လည်း ဒီဇင်ဘာ ၁၈ ရက်တွင် သမ္မတရုံး အတွင်းဝန် ဦးဇော်သင်းသန်းက ဖုန်းဖြင့် သင်တန်းကို နေရာရွေ့ခိုင်းခဲ့သလို ၂၁ ရက်နေ့တွင်လည်း ဟိုတယ်ခရီး ၀န်ကြီးက တရားဝင် ခေါ်ပြီး သင်တန်းကို နေရာရွှေ့ခိုင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးတေဇက သူ၏၀န်ထမ်းများသို့ သူ၏ ရပ်တည်ချက်အား ဒီဇင်ဘာ ၂၁ ရက်တွင် စာဖြင့်ဖြန့်ဝေ အသိပေးခဲ့သလို ပြည်ပ မီဒီယာများမှလည်း ထိုအကြောင်း ကြေညာသွားခဲ့သည်။ ဦးတေဇ၏စာတွင် NLDမှ ဦးဝင်းထိန်၊ ဦးဟံသာမြင့်၊ ဦးမျိုးရန်နောင်သိန်းတို့က NLD အမတ်များ အတွက် သင်တန်းဖွင့်ရန် မိမိထံ အီးမေးလ်ပို့လာကြောင်း၊ ထို့ကြောင့် အဆိုပါ သုံးဦးနှင့် တွေ့ဆုံပြီး ရွှေစံအိမ်ဟိုတယ်ကို အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း၊ အကူအညီပေးခြင်းသည် မည်သည့် မျှော်လင့်ချက် မည်သည့် အခွင့်အရေးကို မျှော်ကိုး အကူအညီပေးခြင်း မဟုတ်ကြောင်း မိမိသည် NLD ပါတီသို့လည်း မည်သည့်အခါမှ ၀င်ရောက်မည့်သူ မဟုတ်ဟု ရှင်းလင်းစွာ ပြောကြားခဲ့ကြောင်း။ NLDက သင်တန်းအတွက် နေရာကမ်းလှမ်းလာသည့် အခါတွင်လည်း သမ္မတထံ တင်ပြခဲ့ရာ သမ္မတက မင်းပိုင်တဲ့ ဟိုတယ် မင်းကြိုက်တာလုပ်ဟု ပြောသဖြင့် NLD သင်တန်းဖွင့်ရန် ခွင့်ပြုခဲ့ကြောင်း၊ သို့သော် သင်တန်းဖွင့်နေချိန်တွင် ဟိုတယ်ခရီးဝန်ကြီးက ခေါ်ပြီး သင်တန်းနေရာ ရွှေ့ရန်ပြောသည့်အပေါ် ကလေးဆန်သည်ဟု မိမိမြင်ကြောင်း၊ အမှန်မှာ ရွေးကောက်ပွဲ အောင်မြင်ထား သူများကို အစိုးရကပင် ကူညီရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ ခွင့်ပြုထားသည့် နေရာကို မည်သည့်အရေးယူမှုများ ရှိလာသည်ဖြစ်စေ မိမိနေရာပြောင်း မပေးနိုင်ကြောင်း၊ မိမိအား ပြဿနာရှာ၍ ဖမ်းဆီးလိုလျှင် အင်းယားလမ်းခြံ အမှတ် H100တွင်ရှိကြောင်း၊ မိမိ ခေါင်းမရှောင်တတ်ပါဟု စာတွင် ဖော်ပြထားသည်။
ထို့အပြင် ဦးတေဇက သူ၏၀န်ထမ်းများသို့ အသိပေးစာတွင် ယခုအစိုးရ လက်ထက်တွင် ယခင်က သူလုပ်ကိုင်ခွင့် ရထားသည့် လုပ်ငန်းများစွာ ပြန်အသိမ်းခံရကြောင်း၊ ထို့အပြင် အချို့လုပ်ငန်းများတွင် တင်ဒါ ၀င်ပြိုင်ခွင့်ပင် မပြုခဲ့ကြောင်း၊ သမ္မတရုံးဝန်ကြီး တစ်ဦးဆိုလျှင် မိမိ ခေါ်လာသော နိုင်ငံခြား ကုမ္ပဏီများကို မိမိနှင့်တွဲပြီး အလုပ်မလုပ်ရန်အထိ ပြောကြားကြောင်းတို့လည်းပါရှိသည်။ သင်တန်းမှာ ရွှေစံအိမ် ဟိုတယ်တွင်ပင် ဖွင့်လှစ်ပြီးဆုံးသွားသော်လည်း ဟိုတယ်ခရီး ၀န်ကြီးဌာနက နောက်နောင် သင်တန်းများ ပြုလုပ်မည် ဆိုပါက ၀န်ကြီးဌာနသို့ တစ်ပတ်ကြိုတင် အကြောင်းကြား ခွင့်ပြုချက်ယူရန် ဦးတေဇ အပါအ၀င် နေပြည်တော် ဧည့်ဂေဟာ ဟိုတယ်များသို့ တရားဝင် စာပို့ကြောင်းလည်း သတင်းရရှိသည်။ ခိုင်ဇော် (USA)၏ ဖေ့စ်ဘွတ်တွင် NLD၊ အစိုးရနှင့် ဦးတေဇဟူသော ခေါင်းစဉ်ဖြင့် NLD သင်တန်းဖွင့်ရန် ရွှေစံအိမ်ဟိုတယ်ကို ခွင့်ပြုပေးခဲ့သည့် အတွက် အစိုးရနှင့် ဦးတေဇ ပြဿနာ ဖြစ်ခဲ့သည်များကို ရေးသားထားပြီး အဆုံးသတ်တွင် မည်သို့ပင်ဆိုစေကာမူ နောင်လာမယ့် ငါးနှစ်သက်တမ်းမှာ တိုင်းပြည်အတွက် အလုပ်လုပ်ရမဲ့ ခေါင်းဆောင်ငယ်တွေကို အသိဉဏ် ဗဟုသုတ လက်ရှိအနေအထားထက် မြှင့်တင်ပေးနိုင်မှုအတွက် ပြည်သူလူထုက အပြုသဘောဆောင်ပြီး ၀မ်းသာကြရပါတယ်။ လက်ရှိအစိုးရအဖွဲ့ကလည်း အပြုသဘောဆောင်ပြီး ကြိုဆိုရမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဟိုတယ်ခရီး ၀န်ကြီးဌာနဟာ NLDပါတီ ရွှေစံအိမ်ဟိုတယ် သုံးလို့ရအောင် ကူညီပေးခဲ့တဲ့ ဦးတေဇအပေါ် တရားဝင်စာထွက်ပြီး တရားစွဲဖို့အထိတောင် လုပ်ချလိုက်ပါတယ်။ NLD ပါတီရဲ့ လာမည့်ငါးနှစ်တာ ဦးဆောင်မှုကို အဆင်မပြေမှုတွေ ကြုံတွေ့ချင်တာလား ဆိုတာကို လက်ရှိအစိုးရမှ လွဲလို့မည့်သူမျ သိနိုင်မှာ မဟုတ်ဘူးဟု ရေးသားထားသည့်အပြင် ဤစာပါ အကြောင်းအရာများ အတွက် တာဝန်ယူမှု အပြည့်ရှိပါသည်ဟုပါ ဖော်ပြထားသည်။
Tomorrow Journal
0 comments:
Post a Comment