ဧဒင်ရဲ့ နတ်သမီး ဇာတ်ကားထဲက လိုအပ်ချက်တွေကို ဖြည့်စွက်ပြီး ကြည့်ပေးပါလို့ ပြောလာတဲ့ မေဂရေစ့်


သြစတြေးလျနိုင်ငံ မဲလ်ဘုန်း တက္ကသိုလ်မှာ မီဒီယာမေဂျာ အထူးပြု ကို တက်ရောက်သင်ကြားနေတဲ့ မေဂရေစ့်က မြန်မာနိုင်ငံကို လဲ တစ်နှစ်နှစ်ခေါက် ပြန်လာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ ရုံတင်ပြသနေတဲ့ ဧဒင်ရဲ့ နတ်သမီး ဇာတ်ကားမှာလဲ မဒီပျိုဆိုတဲ့ ကောင်မလေးရဲ့ ကာရိုက်တာကို အစွမ်းကုန် ပီပြင်အောင် သရုပ်ဆောင်ခဲ့သလို လက်ရှိမှာလဲ မြန်မာနိုင်ငံသို့ ရောက်ရှိနေတာမို့ သူမနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တဲ့ အနုပညာအကြောင်းအရာများနဲ့ လက်ရှိတက်ရောက်သင်ကြားနေတဲ့ ပညာရေးပိုင်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
ပထမဆုံး ပြောပြပေးသွားတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကတော့ "မေအနေနဲ့ ဟိုမှာ မီဒီယာမေဂျာအထူးပြုကို ယူဖြစ်ခဲ့တာက မေကအရင်အသက် ဆယ့်ငါးနှစ် အရွယ်ကတည်းက Modelling ကိုလုပ်ခဲ့တာဆိုတော့ မီဒီယာနဲ့ နီးစပ်နေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့မီဒီယာပညာရပ်ကို စိတ်ဝင်စားလာခဲ့တယ်။ ပြီးတော့ မီဒီယာဆိုတာကလဲ အရမ်းကို စွမ်းအားကြီးပါတယ်။ မီဒီယာမေဂျာ အထူးပြုထဲမှာမှ PR ( Public Relation ) ကိုပိုပြီး စိတ်ဝင်စားလာလေ့လာခဲ့ပါတယ်။ အခုတော့ ကြိုးစားလေ့လာဆဲပါ။ ကျောင်းတက်နေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို မေတစ်နှစ် နှစ်ခေါက်လောက်တော့ ပြန်လာဖြစ်တယ်။ အဲ့ဒီအတွက် အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်သေးတာပါ။ မေပြန်လာတဲ့အချိန် နဲ့ အနုပညာလုပ်ခွင့်ရတဲ့ အချိန်ကမကြုံကြိုက်တာလဲပါပါတယ်။ အခွင့်အရေး ရလာရင်တော့ လုပ်သွားမှာပါ။ ဒါပေမဲ့ မေ တစ်နှစ်ကို နှစ်ခေါက်ပြန်လာတဲ့အခါတိုင်း သရုပ်ဆောင်ပိုင်းနဲ့တော့ မကြုံကြိုက်သေးပေမဲ့ Modelling အပိုင်းနဲ့ ပတ်သက်တဲ့ ကြော်ငြာလေးတွေ၊ မြူးဆစ်ဗီဒီယိုလေးတွေတော့ မေလက်ခံရိုက်ကူးဖြစ်ပါတယ်။"လို့ ဆိုပါတယ်။
ထပ်ပြီးတော့လည်း သူမက "မေက အနုပညာကို အရမ်းဝါသနာပါတယ်။ ကျောင်းက မပြီးသေးလို့သာ အနုပညာကို သေချာ မလုပ်ဖြစ်သေးတာပါ။ ပရိသတ်တွေကလဲ အားပေးနေဦးမယ်။ အခွင့်အရေးလဲ ထပ်ရမယ်ဆိုရင် ကျောင်းပြီးသွားရင်လဲ မေအနုပညာအလုပ်တွေ ဆက်လုပ်ချင်တယ်။ ကိုယ်တိုင်လဲ ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်တယ်။ မေက ရိုမန့်တစ်ဆန်တဲ့ ဇာတ်ကားတွေကိုကြိုက်တယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ အခွင့်အရေးပေးလာရင် ရိုမန့်တစ်ဇာတ်ကားတွေကိုလဲ ရိုက်ကူးချင်ပါတယ်"တဲ့။
လက်ရှိမှာ ရုံတင်ပြသနေတဲ့ ဧဒင် ရဲ့ နတ်သမီး ဇာတ်ကားအကြောင်းကိုတော့ "မေ အဲ့ဒီကားကြီးကို တစ်အားကြိုးစားထားခဲ့တယ်။ ရိုက်ထားတာကလဲ နှစ်နှစ်ကျော်လောက်ရှိပြီဆိုတော့ အခုမှရုံတင်တဲ့အတွက် အရမ်းလဲ စိတ်လှုပ်ရှားရတယ်။ ပထမဦးဆုံး ရုပ်ရှင် Screen အကြီးကြီးပေါ်မှာ ကိုယ့်ရဲ့သရုပ်ဆောင်မှုတွေကို တွေ့လာရတာဖြစ်တဲ့ အတွက်လည်း ရင်ခုန်နေမိတယ်။ သရုပ်ဆောင်တုန်းက အတွေ့အကြုံကလဲ မေ့မှာ သိပ်မရှိခဲ့ဘူး။ စိုးရိမ်စိတ်လဲ ရှိခဲ့တယ်။ အားရမှုလဲ သိပ်မ ရှိခဲ့ပေမဲ့ ဆရာဦးမီးပွားကလည်းသင်ပြပေးတယ်။ ပြီးတော့ ကိုစိုင်းကလဲ သင်ပြပေးတယ်။ သူတို့တွေရဲ့ သင်ပြမှုတွေနဲ့အကောင်းဆုံးကြိုးစားခဲ့ရပါတယ်။ ကာရိုက်တာပီပြင်ဖို့အတွက် အဲ့ဒီဇာတ်ကားထဲက မဒီပျိုဆိုတဲ့ ဇာတ်ကောင် ကောင်မလေးကအကကို တစ်အားကျွမ်းကျင်တဲ့သူပါ။ ဒါပေမဲ့ ကိုယ်က အကနဲ့ပတ်သက်ပြီး အတွေ့အကြုံက သိပ်မရှိတဲ့အတွက် အဲ့ဒီဇာတ်ကား မရိုက်ကူးခင်မှာ Uranium နဲ့ Life & Dance အကအဖွဲ့တွေမှာ အက သင်ခဲ့တယ်။ ပြီးတော့ မေက မြန်မာစကား သိပ်မကျွမ်းကျင်တော့ မြန်မာအသံထွက်ကို အင်္ဂလိပ်လိုရေး ပြန်ကျက်ခဲ့ပြီး ဒိုင်ယာလော့ခ်တွေကို ပြောခဲ့ရတယ်။ လိုအပ်တာတွေလဲ အများကြီးရှိမှာပါ။ အဲဒါကိုတော့ မေ့ကိုအားပေးနေတဲ့ ပရိသတ်တွေဖြည့်စွက်ကြည့်ကြပါ"လို့ သူမက ပြောပြသွားခဲ့ပါတယ်။
Credit:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment