အကယ်ဒမီပေးပွဲကို ဧပြီလဆန်းပိုင်း ၃ရက်နေ့ မှာ ကျင်းပမှာ သတ်မှတ်ထားတဲ့အကြောင်း ပြောပြလာတဲ့ လူမင်း


ဗီဒီယိုဈေးကွက် ပျက်နေတဲ့ အတွက်ကြောင့် သရုပ်ဆောင်တော်တော်များများ ရုပ်ရှင်ကားကြီးတွေကို ပိုမိုအားထည့်ကာ ရိုက်ကူးနေကြတာကိုတွေ့လာရပါတယ်။ ထိုအထဲမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်တဲ့ အန်ကယ်လေး ကိုယ်တိုင်လဲ အပါအ၀င်ပါပဲ။ ဗီဒီယိုထက် ကားကြီးကိုပဲ ဦးစားပေးရိုက်ကူးဖြစ်နေတဲ့ လူမင်းက ပရောဖက်ဆာ ဒေါက်တာဆိပ်ဖွားနဲ့မြိုင်ရာဇာတာတေ၊ ငေါ့ချန်းခသစ္စာအစရှိတဲ့ ပရိသတ် စိတ်ဝင်စားမဲ့ ဇာတ်ရုပ်နဲ့ကာရိုက်တာမျိုးများကို ပီပြင်သထက်ပီပြင်အောင်ကြိုးစား ရိုက်ကူးခဲ့တယ်လို့လဲသိရပါတယ်။ ဒါ့အပြင် ပရိသတ်ကို ပညာပေးအနေနဲ့အမြဲတမ်းမီးမောင်းထိုးပြလေ့ရှိတဲ့လူမင်းက လက်ရှိမှာလဲ အရိပ်မဲ့သစ်ပင်ဆိုတဲ့ ပညာပေးကားလေးကိုရိုက်ကူးနေတယ်လို့သိရတာကြောင့် သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခိုက်မှာ
-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
 ဖဲသမားဖြစ်နေတဲ့ အဖေတစ်ယောက်ရဲ့ အကြောင်းပေါ့။ အိမ်တစ်အိမ်မှာ ခေါင်ဖြစ်တဲ့ အဖေက ဖဲသမားဖြစ်နေမှတော့ ဒီခေါင်က ဘယ်လိုလုံပါတော့မလဲပေါ့ ပညာပေးကားလေးပါ။
-အရင်ရိုက်ခဲ့တဲ့ ပညာပေးကားတွေနဲ့ရော ဘယ်လိုကွာခြားမှုရှိလဲ။
ကိုယ်အရင်ကလဲ ရိုက်ဖူးပါတယ်။ နောက်ပိုင်းမှာလဲ ဖြစ်နိုင်မယ်ဆို ကိုယ့်အသက်အရွယ်အရပညာပေးကားတွေပဲ ရိုက်ချင်ပါတော့တယ်။ ဒါပေမဲ့လဲ ပရိုဂျူဆာတွေရဲ့ ဇာတ်ရွေးချယ်မှုနဲ့ဈေးကွက်တောင်းဆိုမှုအရ ကလေးကလားကားလေးတွေလဲရိုက်နေရတာတော့ရှိတာပေါ့နော်။ ကိုယ်ကိုတိုင်လဲ အပြင်မှာ အဖေတစ်ယောက်ဖြစ်နေတဲ့အတွက် အဖေတစ်ယောက်ဟာ မိသားစုတစ်စု အိမ်တစ်အိမ်မှာ ခေါင်ဆိုတာ ဘယ်လောက်အရေးပါလဲဆိုတာကို မီးမောင်းထိုးပြတဲ့ ပညာပေးကားလေးပါ။
-ဒီကားမတိုင်ခင် ရေခဲတောင်မှာသွားရိုက်တဲ့ ကားကြီးအကြောင်းကိုလဲ ပြောပြပေးပါဦး။
အဲ့ဒီကားက ကိုယ်တို့ဟိုမှာ တစ်လနီးပါးသွားရောက်ရိုက်ကူးခဲ့ရတဲ့ကားလေးပေါ့။ သွားရေးလာရေး အခက်အခဲ၊ ရာသီဥတုအခက်အခဲ၊ နေရေးထိုင်ရေး အခက်အခဲလေးတွေတော့ရှိတယ်။ ဒါပေမဲ့ကိုယ်တို့တိုင်းပြည်မှာ ဒီလိုကားမျိုးကလဲရိုက်သင့်တယ်။ ဒေသခံဂျိန်းဖောမြေ ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးတာမို့လို့လဲ ကိုယ်တို့အခက်အခဲကြားကနေ အဆင်ပြေပြေရိုက်ကူးနိုင်ခဲ့တယ်။ အဆိုးထဲကအကောင်းပဲပေါ့။ ကိုယ်တို့တည်းတဲ့နေရာမှာဆို ရေပူကအစ ရတယ်။ မြို့ကြီးထဲက ဟိုတယ်တွေလို မဟုတ်ပေမဲ့ အခန်းလေးတွေနဲ့ ရေပူရေအေးရတဲ့ တည်းခိုခန်းလေးမှာ တည်းခွင့်ရတယ်။ နေ့တိုင်းရေခဲတောင်ပေါ် တက်တက်ရိုက်ရတယ်။ ပင်တော့ပင်ပန်းတယ်။ ဒါပေမဲ့လဲ ကိုယ့်ပြည်ရဲ့ အလှအပနဲ့ ကိုယ့်လူမျိုးတွေရဲ့အကြောင်း နဲ့ ဇာတ်ကားရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်မြေကိုယ့်ရေကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို သစ္စာရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရိုက်ခဲ့တာပါ။
-လျှို့ဝှက်သောနှင်းသွားရိုက်ခဲ့တုန်းက အချိန်ကာလတွေကို ပြန်လွမ်းတာမျိုးရော ရှိမလား။
အဲ့ဒီတုန်းကတော့ ခုနစ်ရက်လောက်ကို ကိုယ့်တဲကိုယ်ထိုး၊ ကိုယ်ရေကိုကြိုသောက်၊ ပင်ပင်ပန်းပန်း သွားရိုက်ခဲ့ရတာပေါ့။ အခုကတော့ ရက်ရှည်ကြီးတွေ လမ်းမလျှာက်ရပေမဲ့လဲ ရေခဲတောင်ဆိုတာက ကားတက်လို့ ရတာမဟုတ်ဘူးလေ။ လမ်းဆိုတာကလဲ အင်မတန် အန္တရယ်များပါတယ်။ တစ်ဖက်က ကမ်းပါးယံ၊ တစ်ဖက်ကချောက်ကြီးတွေ နဲ့ကမ်းနဖူးကို မေးတင်ပြီးသွားရတဲ့လမ်းပေါ့။ ရေခဲတွေလွှမ်းနေတဲ့ လမ်းကို မြေကော်တဲ့ ကားကြီးတွေနဲ့လမ်းရှင်းပြီး သွားရိုက်ရတာပါ။ အန္တရယ်လဲများသလို အခက်အခဲလဲရှိတယ်။ ကိုယ်တို့ကြိုးစားပြီးသွားရောက်ရိုက်ကူးခဲ့ရတာပေါ့။
-ကားနာမည်လေးကရော ဘာများလဲ။
ငေါ့ချန်းခသစ္စာတဲ့။ ငေါ့ချန်းဆိုတာကတော့ ကချင်လူမျိုးစု ခြောက်မျိုးထဲက လချိတ်တို့၊ လရှည်တို့ထဲက ငေါ့ချန်းဆိုတဲ့လူမျိုးတစ်စုပေါ့။ အဲ့ဒီလူမျိုးတွေတကယ်နေတဲ့အရပ်မှာကိုယ်တို့သွားရိုက်ခဲ့တာ။ ချီပွေမြို့နယ်ဖီမော်မြို့ပေါ့။ ဟိုတစ်ခါသွားရိုက်တာက ပူတာအိုဖက်က ခါကာဘိုရာဇီတောင်ဖက်၊ အခုက အီမော်ဘွန်းတောင်ကိုသွားရိုက်ခဲ့တာပါ။ အဲ့ဒီအရပ်ဒေသမှာတကယ်နေထိုင်ခဲ့တဲ့ လူတွေအကြောင်းကိုသွားရောက်ရိုက်ကူးခဲ့တာပေါ့။ ကိုယ့်ရဲ့ကာရိုက်တာက အဲ့ဒီမြေမှာ မွေးတဲ့ ကိုယ်ကိုတိုင်လဲ ငေါ့ချန်းလူမျိုးတစ်ယောက်ဖြစ်ပေမဲ့ ငယ်ငယ်ကတည်းကရန်ကုန်ကို မွေးစားတဲ့မိဘတွေနဲ့ပါလာပြီး ရန်ကုန်မှာ ကြီးပွားချမ်းသာပြီး နယ်စပ်မှာ မှောင်ခိုစီးပွားရေး နဲ့ချမ်းသာဖို့ပြန်သွားရင်း ကိုယ့်မိသားစုနဲ့ပြန်ဆုံတဲ့ ဇာတ်လမ်းမျိုးပေါ့။ ဒါရိုက်တာက ခင်မောင်ဦး (စိုးသိမ်းထွဋ်) ၊ သရုပ်ဆောင်တွေက ကိုယ်ရယ်၊ Mလန်းဘောင်၊ ပက်ထရစ်ရှာ၊ ဒေါ်ချိုပြုံး၊ ကိုကျော်ထူးတို့ ကချင်သရုပ်ဆောင်တွေလဲပါတယ်။
-အတွေ့အကြုံအနေနဲ့ရောဘာတွေရခဲ့လဲ။
ကိုယ်တို့ ရုပ်ရှင်ကားတစ်ကားရိုက်တော့မယ်ဆိုရင် အနုပညာအလုပ်သွားလုပ်တာဆိုတော့ကိုယ်တို့ လူက ၁၀၀လောက်ရှိတယ်။ သွားရေးလာရေးနေရေးထိုင်ရေးအခက်အခဲတော့ရှိခဲ့တယ်။ ဒါပေမဲ့အနုပညာချစ်စိတ်နဲ့ရိုက်ခဲ့တဲ့အတွက် အဲ့ဒါတွေက မပြောပလောက်ပါဘူး။ ခြုံပြောရင် အားလုံးအောင်အောင်မြင်မြင်နဲ့ရိုက်ကူးနိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ မိုးရွာနေတဲ့အချိန်ဟိုမှာလဲမိုးတွေရွာ၊ နှင်းမိုးတွေကျ နောက်ဆုံးရေခဲမိုးတွေပါကျပြီး ရိုက်ကွင်းပါနားလိုက်ရတဲ့ရက်တွေလဲရှိတယ်။ တစ်ခါမှမတွေ့ဖူးတဲ့ ရှုခင်းတွေ ရိုက်ကွင်းရက်ကွက်တွေရပေမဲ့ အဆိုးထဲကအကောင်းပေါ့။
-မြိုင်ရာဇာတာတေ ကားကြီးကရော ရိုက်ပြီးသွားပြီလား။
ပြီးသွားပါပြီ။ ဆရာကြီးမင်းသိင်္ခရဲ့ဝတ္ထုတွေကို ကိုယ်တစ်ခါမှ ရုပ်ရှင်မရိုက်ဖြစ်ဘူး။ ဟိုးအရင် ဒီဗီဒီခေတ်ကလဲ ကမ်းလှမ်းပေမဲ့ အကြောင်းကြောင်းကြောင့် မရိုက်ဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကဆရာကြီးမင်းသိင်္ခ၀တ္ထုတွေကို အရမ်းကြိုက်ခဲ့တာကိုး။ ကိုယ်ပီပီပြင်ပြင် မရိုက်နိုင်ရင်၊ နောက်ရိုက်တဲ့ ဒါရိုက်တာမပီပြင်ရင် လျော့သွားမှာ စိုးတဲ့စိတ်နဲ့မရိုက်ခဲ့တာပါ။ အခုကတော့ ရုပ်ရှင်ကားကြီးလဲဖြစ်တယ်။ ကိုကျော်သူနဲ့လဲ တွဲဖက်ရိုက်ကူးရတဲ့ ကားဖြစ်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်တာပါ။
-အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတွေစီစဉ်နေလဲ။
ရက်ကတော့ ဧပြီ ၃ ရက်နေ့ကို သတ်မှတ်ပြီးပါပြီ။ နေရာကတော့ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းပဲဖြစ်ဖို့များပါတယ်။ ဘာလို့လဲဆိုတော့ ဧပရယ် ၃ ရက်နေ့ဆိုတော့ outdoor လုပ်ရင်လဲ နေကတစ်အားပူပြီလေ။ indoor လုပ်ဖို့ကလဲ ကိုယ်တို့တိုင်းပြည်မှာက အခမ်းအနားကြီးတွေကျင်းပဖို့အတွက် လူ ၂၀၀၀ ၊ ၃၀၀၀ ဆန့်ဇာတ်ရုံကြီးတွေက ရှိမှမရှိပဲ။ အဲ့ဒီတော့ ဘောလီဘောပုတ်၊ ကြက်တောင်ရိုက်တဲ့ ဒီအားကစားကွင်းထဲမှာပဲ အကယ်ဒမီပွဲကြီးကို ပြင်ဆင်ပြီးကျင်းပရမှာပေါ့။
-အမှတ်ပေးစာရင်းတွေကရော ဘယ်လောက်အနေအထားလောက်ပြီးသွားပြီလဲ။
၂၀၁၄ အတွက်ကတော့ အကဲဖြတ်ပြီးပြီ။ သူတို့ရဲ့ စာအိတ်တွေကိုလဲ ချိတ်ပိတ်ပြီးသိမ်းပြီးသွားပြီ။ ၂၀၁၅ ခုနစ်အတွက်ဇာတ်ကားတွေကိုလဲကြည့်နေပါပြီ။
-၂၀၁၄ မှာရော အစ်ကို့ကားတွေက ဆန်ကာတင်ထဲပါနေလား။
၂၀၁၄ မှာ တစ်ကားမှမပါဘူး။ ၂၀၁၅ မှာတော့ ပါတယ်။ ဒါပေမဲ့ကိုယ့်အတွက်မျှော်လင့်စရာမရှိပါဘူး။
-ရုံပြိုင်စနစ်ပြောင်းလဲသွားမှုနဲ့ပတ်သက်ပြီး အန်ကယ်လေးအနေနဲ့ဘယ်လိုမြင်မိလဲ။
ကိုယ့်အနေနဲ့ကတော့ အားရတယ်။ ပရိသတ်တွေလဲရွေးချယ်ခွင့် ရှိသွားပြီလေ။ အခုဆို ဧဒင်ရဲ့နတ်သမီးနဲ့အီဖေကိုတို့ရွေးကောက်ပွဲ၊ စိုင်းစိုင်းကိုကြိုက်တဲ့ပရိသတ်က သူ့ဟာသူ အားပေးနေသလို အီဖေကိုတို့ရွေးကောက်ပွဲကလဲ သူ့ပရိသတ်နဲ့သူအားပေးနေတာပဲ။ ရုပ်ရှင်သမားတွေ နည်းနည်းလှုပ်လှုပ်ရှားရှားလေးဖြစ်လာပြီပေါ့။ တချို့ကလဲ ဒီရုံပြိုင်စနစ်အပေါ်မှာ မယုံကြည်တဲ့သူတွေ၊ အားမရတဲ့သူတွေ၊ မကြိုက်တဲ့ သူတွေလဲရှိတယ်။ ကိုယ်တို့က ဒီစနစ်ကြီးတစ်ခုက မဖြစ်မနေ လိုအပ်လာပြီလေ။ အခုဆို သမီးတို့လဲသိမှာပဲ။ ဗီဒီယိုကဈေးကွက်ပျက်တော့ ရုပ်ရှင်တွေပဲ ရိုက်နေကြတာ။ ဒီပုံစံအတိုင်းကို အရင်တိုင်းသာ ပြမယ်ဆိုရင် ၃ နှစ် ၄ နှစ်မှ တင်ရမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အခုရုံပြိုင်စနစ်လေးနဲ့ဆိုတော့ ရိုက်ထားတဲ့ ကားရုံတင်ဖို့အတွက် အချိန်အကြာကြီးစောင့်စရာမလိုတော့ဘူးပေါ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment