တခြားမင်းသားတွေထက် ကောလဟလဒဏ် ပိုခံရကြောင်း ထင်မိတယ်လို့ပြောပြလာတဲ့ ဇေရဲထက်က မကြာသေးခင်ကမှ လူမှုကွန်ယက်မှာ ပရိသတ် အများပြောစရာဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်း အချို့နဲ့ပတ်သက်ပြီးပြောပြပေးသွားသလို လက်ရှိမှာ မျက်လုံး ထိခိုက်ထားတာကြောင့် မျက်ကပ်မှန် အသုံးပြုကာ ကားရိုက်နေရပြီး ၄ လပိုင်းနဲ့ ၅လပိုင်းနှစ်လကို ကားရိုက်နားမယ်လို့လဲသိရပါတယ်။ ၂၀၁၆ မှာ ကားကြီးတော်တော်များများကို လက်ခံထားပြီး လက်ရှိမှာလဲ လူပျိုလူလွတ်ဆိုတဲ့ ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့သူက
-အခုရိုက်နေတဲ့ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။
လူပျိုလူလွတ်တဲ့။ ကျွန်တော်နဲ့ဦးလူမင်းနဲ့ကသားအဖ၊ ညီအစ်ကို သူငယ်ချင်းလိုနေတာပေါ့။ စော်ရှုပ်တယ်။ အပျော်အပါး လိုက်စားတယ်။ အဲ့ဒါကြောင့်သေသွားတဲ့အခါမှာ အမျှတောင်မဝေရတဲ့သူဖြစ်သွားတာပေါ့။ မင်းသမီးက နန်းဆုဦးပါ။
-ဒီကားပြီးရင်ရော ဘာတွေလက်ခံထားတာရှိဦးမလဲ။
ကျွန်တော်ကအရှေ့မှာ မျက်လုံးခွဲထားတဲ့အတွက် ၃ လနားခိုင်းထားတာ ဒါပေမဲ့ ၃လနားချိန်မရှိတော့ တစ်လ ၁၀ ရက်နဲ့ကျွန်တော်ရိုက်နေရတာပေါ့။ နောက်ပြီးတော့ ပြင်ဦးလွင်မှာ ကားကြီးနှစ်ကား သွားရိုက်ဖို့ရှိတယ်။ ဒီကြားထဲမှာ ဗီဒီယိုတစ်ကား လက်ခံထားတယ်။ နောက်ကြော်ငြာ ၃ခုရိုက်ပေးပြီး ၄လပိုင်းနဲ့၅လပိုင်း ၂ ကိုပြန်နားထားမယ်။ ၆ လပိုင်းမှပြန်စရိုက်ပါမယ်။
-မျက်လုံးကဘယ်ကဘယ်လိုစဖြစ်တာလဲ။
ကျွန်တော်ဘန်ကောက်မှာ ဗီဒီယို လေးကားသွားရိုက်ပြီး မျက်လုံးတစ်ခါတည်း ခွဲရတာပေါ့။ မျက်လုံးက ဒရာမာရိုက်တုန်းက အရမ်းငိုထားတဲ့အတွက် မျက်လုံးတွေ ထိထားတာပေါ့။ ပြီးတော့ ကားရိုက်ရင်း နေတွေပူ၊ သဲတွေဝင်နဲ့မျက်ကြည်လွှာ ကွဲသွားတယ်။ အခုနောက်ပိုင်း ရိုက်ပါများတော့ မှန်ထိုးမီးထိုးတွေကြောင့်လဲ ပါတယ်။ နောက်ချောင်းသာမှာ နေဒဏ်မီးဒဏ်တွေ ခံရပြီး ထိုင်းမှာ ၄ကားရိုက်ပြီးတဲ့အချိန်မှာ မျက်လုံးခွဲလိုက်ရတယ်။ အခုလဲပြန်မကောင်းသေးဘူး။ ဒါပေမဲ့ရိုက်နေရတာပဲ။ မျက်လုံးက ခွဲထားတဲ့အတွက် သိပ်ပြီးအားမရဘူး။ ကြည့်ရတာ အဆင်မပြေသေးဘူး။ ဆရာက၀န်က သုံးလနားခိုင်းထားတာ၊ ဒါပေမဲ့ ကားရိုက်ကရွှေ့လို့မရတဲ့အတွက် ကားပြန် ရိုက်လိုက်ရတယ်။ ခုတော့ မျက်ကပ်မှန် တပ်ထားရတယ်။ ၄လပိုင်းမှာ တစ်ခေါက်ထပ်သွားပြမယ်။ အခုတော့ ၂ လနားဖို့စဉ်းစားထားတယ်။ ဒါပေမဲ့ နားရက်ရမရကတော့ အတိအကျမသိသေးဘူးပေါ့။
-လက်ခံထားတဲ့ ကားကြီးနှစ်ကားအကြောင်းကိုလဲသိချင်ပါတယ်။
ပထမတစ်ကားက ချစ်သုဝေရယ်၊ ရွှေမှုန်ရယ်၊ အိချောပိုရယ်ကတစ်ကား။ နောက်တစ်ကားကျတော့ ၀တ်မှုန်ရွှေရည်နဲ့ကိုခန့်နဲ့ကတစ်ကား နှစ်ကားလုံး ပြင်ဦးလွင်မှာပါပဲ။ ပထမကားက အချစ်ကားလေး၊ နောက်တစ်ကားက လူလိမ်ကွက်ကျော်ရိုက်တဲ့ ကားလေးပါပဲ။
-ပါးသိုင်းမွှေးတွေထားထားတာကရော ဒီကားအတွက်ပဲလား။
အခုခေတ်က ပါးသိုင်းမွှေးခေတ်မို့လို့ ထားထားတာပါ။ နောက်တစ်ခုက ဦးလူမင်းနဲ့လဲ သားအဖချင်းတူအောင် နည်းနည်းထားထားတယ်။ ဒါပြီးရင် ပြန်ရိတ်မှာပါ။ ကျွန်တော်က တစ်ကားနဲ့တစ်ကားကို ရုပ်ချောတာကြီး မဖြစ်ချင်ဘူး။ ဒီနှုတ်ခမ်းမွှေးမပါတဲ့ကားတွေလဲ ရှိတယ်ဆိုတော့ အခုခေတ်ခေတ်စားနေတဲ့ နှုတ်ခမ်းမွှေးကို ဒီကားမှာ ထားလိုက်တဲ့သဘောပါ။
-အစ်ကို့မျက်နှာကြည့်ရတာ တစ်ခုခု ပြောင်းလဲနေသလိုပဲ။ ဘန်ကောက်မှာ ပြုပြင်လာတာမျိုးရောရှိမလား။
မျက်နှာကချွန်းနေတာ။ မျက်နှာက ချထားတာပါ။ မျက်နှာကို အဆီကျဆေးထိုးတယ်။ ဘာကြောင့်ထိုးရလဲဆိုတော့ အရှေ့မှာ HIV ကားရိုက်ရတာကိုး။ အဲ့ဒါကြောင့် ဘာလုပ်ရလဲဆိုတော့ ကျွန်တော့အတွက် အရမ်းလဲခက်ခဲသလို အရမ်းလဲပိုက်ဆံကုန်တယ်။ ပရိသတ်ကိုလဲ မညာချင်ဘူး။ အဲ့ဒီကားမှာ မိတ်ကပ်နဲ့ချထားမယ်ဆိုလဲ အဲ့ဒီအရာကြီးက လာထင်နေမှာပဲ။ မျက်နှာပိန်ကပ်သွားအောင်ချဖို့အတွက်ကဆေးနဲ့ပဲချရတာဆိုတော့ ကျွန်တော်ဆေးနဲ့ချပြီး လုပ်ယူရတာမျိုးတွေ ရှိတယ်။ အခုတောင်ပြန်ဖောင်းလာတာ။ အရင်က ဆိုသေးသေးလေးပဲ။ ကျွန်တော့မျက်နှာက အိပ်လဲဖောင်း၊ မအိပ်လဲဖောင်း ကားမပြီးခင် မျက်နှာပြန်ပြောင်းလာမှာကို စိုးရိမ်နေရတာ၊ ဆေးကလဲ ၁လလောက်ပဲ ခံတာလေ။ အဲ့ဒီကားက ဗီဒီယိုလေးပေါ့။ အမှန်အတိုင်းပြောရရင် ဗီဒီယိုပဲ အားရနေတယ်။ ကားကြီးကဟာသတွေများတဲ့အတွက် ကျွန်တော်အားရတာ ၄ကားလောက်ပဲရှိတယ်။
-ကားကြီးတွေ ပိုရိုက်ရတဲ့ မင်းသားတစ်ယောက်အနေနဲ့ ဗီဒီယိုပိုင်းကိုရော ဘယ်လိုလေးဆက်ရိုက်သွားမလဲ။
ကျွန်တော်ရုပ်ရှင်ကား ၃၀ ကျော်လက်ခံထားတယ်။ ဇာတ်လမ်းမတူတာကို ရွေးချယ်ပြီး ရိုက်ကူးသွားမယ်။ တစ်ကားနဲ့တစ်ကားရုပ်ပြောင်းရုပ်လွှဲလဲလုပ်သွားမယ်။ ဘာလို့လဲဆိုတော့ ကားတိုင်းကိုဇေရဲထက်ရုပ်ကြီး မဖြစ်ချင်ဘူး။ အခုလဲ ကျွန်တော့ကားလေးတွေ ထွက်လာရင် ပရိသတ်ကြီးမြင်မှာပါ။ တစ်ကားနဲ့တစ်ကား ရုပ်မတူဘူး။ ဖက်ရှင်တွေ မတူဘူး။ ဒီကားမှာဆိုလဲ ဂျစ်ပစီလို လူငယ်မျိုးဖန်တီးထားတယ်။
-အီဖေကိုတို့ရွေးကောက်ပွဲကားမှာဆိုရင်လဲ တောသားကာရိုက်တာကို မိတ်ကပ်တွေသုံးတယ်။ အရမ်းဖြူနေတယ်ဆိုပြီး ဝေဖန်တာမျိုးတွေလဲတွေ့ရတယ်နော်။
သူတို့တွေနဲ့ယှဉ်တဲ့အခါ ကျွန်တော်က အသားပိုဖြူနေတာလဲပါတယ်။ ပြင်ဦးလွင်ရဲ့နေရောင်ကလဲ အရမ်းလှတယ်။ နောက်ပြီး သူတို့က အရင်ရိုက်နေတာ၊ ကျွန်တော်က နောက်မှရောက်သွားတဲ့သူဆိုတော့ ပိုဖြူနေတာ၊ ဘယ်လိုမိတ်ကပ်အညို လိမ်းလည်း မရဘူး။ လိမ်းလဲခဏပဲ။ ချွေးထွက်ပြီးပျောက်သွားတာများတယ်။ ကျွန်တော့်မျက်နှာက Sensitive ဆိုတော့ ရဲရင်ရဲ မရဲရင်ဖြူတယ်။ အဲ့ဒီကားက အ၀တ်အစားကလဲ အဖြူဝတ်တာများတဲ့အတွက် မျက်နှာကို လာဟပ်တာလဲပါတယ်။ ပြီးတော့ကိုယ်နဲ့တွဲရိုက်တဲ့သူအားလုံးကလဲ ကြိုရိုက်ထားတဲ့အတွက် ပြင်ဦးလွင်ရေကြောင့်ညိုပြီးနေပြီ။ ကိုယ်ကရန်ကုန်ကနေ ၅ ရက်လောက်ကြာမှ ရောက်သွားတဲ့အတွက်ဖွေးနေတာပါ။ အဲ့ဒီကားဆိုရင်လဲ ဦးညီရဲ့ဆုံးမမှုအောက်မှာကြိုးစားခဲ့ကြတယ်။ ပေါက်သွားတဲ့အတွက်လဲ အရမ်းပျော်တယ်။ တစ်ခါမှ ရုပ်ရှင်လောကမှာ ၅ ပတ်ဆိုတာမဖြစ်ဖူးတဲ့ စံချိန်ကို သူချိုးသွားတယ်။
-အစ်ကိုဘန်ကောက်ရောက်နေတဲ့အချိန်မှာ ဗီဒီယိုကားအချို့က ဇာတ်ဝင်ခန်းတွေနဲ့ပတ်သက်ပြီး ပရိသတ်ပြောစရာဖြစ်ခဲ့တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုခံစားရလဲ။
မပြောတော့ဘူး။ မပြောတော့ဘူး ဆိုတာက အရင်ကလဲ တစ်ခုပြီးတစ်ခုဖြစ်နေတာပဲဆိုတော့လေ။ ပြောပါများလာတော့ လူကထူသွားပြီး မပြောချင်တော့ဘူး။ နောက်တစ်ခုက ကိုယ့်ရဲ့ မင်းသား၊ မင်းသမီးအချင်းချင်းပဲ သိတယ်လေ။ နောက်တစ်ခုက ကိုင်မိတာလဲ မဟုတ်ဘူး။ ကင်မရာအယူအဆအရ ကြည့်လိုက်ရင် ထိသွားတယ်လို့ထင်ရတာပါ။ ဒါပေမဲ့ အဲ့ဒါကို တစ်ယောက်ချင်းစီ လိုက်ရှင်းပြဖို့ဆိုရင်လဲ ကောင်းတဲ့ ဖက်ကမြင်တဲ့သူကတော့ အကောင်းမြင်မှာပဲ။ မကောင်းဖက်မြင်တဲ့သူကတော့ မကောင်းမြင်မှာပဲ။ အဓိကက ကိုယ်နဲ့အလုပ်လုပ်နေတဲ့သူ အချင်းချင်း ပဲသိတယ်။ သူတို့ပဲနားလည်မှာပဲ။ တစ်ယောက်ချင်းစီ လိုက်ရှင်းပြရင်တောင် ယုံတဲ့သူကတော့ ယုံမှာပဲ။ မယုံတဲ့သူကတော့ ယုံမှာမဟုတ်ဘူး။ အမှန်တိုင်းပြောရရင် ဖေ့စ်ဘုတ်ဆိုတာ သူတို့လုပ်ချင်တိုင်း လုပ်လို့ရမဲ့နယ်ပယ်ကြီးကိုဖြစ်နေတာ။ အဓိကကလဲ နာမည်ဖျက်တဲ့သူဖျက်ပေမဲ့ ကိုယ်က မလုပ်ရက်လို့ အမှန်အတိုင်းပြောရရင် အသရေဖျက်မှုနဲ့တရားစွဲလို့ရတာပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ အတိုင်းအတာနဲ့လုပ်မယ်ဆိုရင်လဲ စီးပွားရေးနှောင့်နှေးသွားတာတွေ ရှိမယ်။ စိတ်ညစ်ရမယ်။ မဖြေရှင်းပဲလွှတ်ထားလိုက်တာအကောင်းဆုံးပဲ။
-စတက်ကတည်းက တခြားမင်းသားတွေထက် ကောလာဟလဒဏ်ကိုပိုခံရသလိုပဲ။
ထင်နေတယ်။ ကျွန်တော်ကိုယ်တိုင်က အမှန်အတိုင်းပြောရရင် ဖေ့စ်ဘုတ်ကပုံတွေ၊ တီဗီကပုံတွေနဲ့ပဲလိုက်နှောင့်ယှက်တာများတယ်။ အပြင်ပုံနဲ့တော့ မနှောင့်ယှက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလဲ အိမ်နဲ့ရှုတင်ပဲ ဆိုတော့လေ။ မလိုတဲ့သူတော့ screenshot ရိုက်ပြီး စာရေးပြီးပြန်တင်မယ်။ အဲ့ဒါကိုယုံချင်တဲ့သူကတော့ ယုံတာပဲ။ မယုံတဲ့သူကတော့ မယုံဘူး။ ကျွန်တော့်အနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး။ အပြင်ကပုံတွေနဲ့ လိုက်နှောင့်ယှက်တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့။ အခုက ဖေ့စ်ဘုတ်ကပုံတွေ၊ ဇာတ်ဝင်ခန်းပုံတွေနဲ့လိုက်နှောင့်ယှက်တာဖြစ်တဲ့အတွက် ဘာမှပြောစရာမရှိပါဘူး။
-တချို့ပရိသတ်တွေက ဇေရဲထက်သရုပ်ဆောင်ရင် နွဲ့တယ်ဆိုပြီး ပြောကြတာမျိုးလဲရှိတယ်နော်။
ကျွန်တော်ကားတိုင်းမှာ တစ်ခါတစ်လေကျရင် ဆယ်ကျောသက် ပုံစံဆို ဥပမာ ရွှေမှုန်နဲ့ကားဆို ကျွန်တော် ၁၆ ၊ ၁၅ အရွယ်ဆို ကလေးတစ်ယောက်လို သရုပ်ဆောင်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ ဟာသတွေ ထပ်လာမှာကို ကျွန်တော်ကြောက်တယ်။ အဲ့ဒီတော့ ကျွန်တော့်အနေနဲ့ နွဲ့တာထက် ကလေးတစ်ယောက်ဖက်ကို ပိုသွားတာများပါတယ်။ ကလေးဆိုတာ မိဘကိုချွဲနွဲ့ပြီး ရည်းစားကိုလဲ ချွဲနွဲ့မယ်။ အဲ့ဒီလိုပုံစံမျိုး ကျွန်တော်လုပ်ဖြစ်တယ်။ တစ်ကားနဲ့တစ်ကား ပုံစံမတူအောင်လုပ်ပေးဖြစ်တယ်။ ဟာသဆို အတည်ကြီးပဲဆို ပရိသတ်အတွက်လဲရိုးနိုင်တယ်။ အခြောက်ကားတွေရိုက်ရင်တောင် တစ်ခြောက်နဲ့တစ်ခြောက်နဲ့မတူအောင်သရုပ်ဆောင်ပေးဖြစ်တယ်။ မှုန်ကြီးမှုန်လေးကားဆို ကိုရီးယားအခြောက်ပုံစံ၊ မျိုးစုံပေါ့။ အိုက်တင်မတူ၊ ရုပ်လဲမတူ၊ လေယူလေသိမ်းအစမတူအောင်သရုပ်ဆောင်ဖြစ်ပါတယ်။
Source:trend.com.mm
0 comments:
Post a Comment