ငါးပတ်တာ ရုံတင်ပြသခဲ့တဲ့ အီဖေကိုတို့ရွေးကောက်ပွဲ ဇာတ်ကားနဲ့ပတ်သက်ပြီး ပါဝင်သရုပ်ဆောင်သူဖြစ်တဲ့ ညီထွဋ်ခေါင် အားရကျေနပ်ကြောင်းပြောပြလာပါတယ်။ ရုံပြိုင်စနစ်နဲ့ပြသတဲ့အချိန်မှာ ၀င်ငွေ စံချိန်ချိုးတဲ့အထိအောင်မြင်ခဲ့သလို ဇာတ်ကားရရှိငွေသိန်း ၁၀၀ နဲ့လဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းထားတယ်လို့သိရတာကြောင့် အဆိုပါအကြောင်းနဲ့ပတ်သက်ပြီးသွားရောက်မေးမြန်းဖြစ်ခဲ့သလို လက်ရှိလှုပ်ရှားနေတဲ့ အနုပညာရေးရာ အကြောင်းများကို လဲတွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ
-အခုရိုက်တဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
ဇာတ်ကားနာမည်က နှိုက်တယ်တော့တဲ့။ မဒီးဒီရဲ့ သီချင်းလေးကို ပြန်ရိုက်ထားတာပေါ့။ ဒါရိုက်တာကသားကြီး၊ မင်းသမီးကသွန်းဆက်ပါ။ ဇာတ်ကားလေးကတော့ ဟာသကားလေးပါပဲ။ လင်မယားဇာတ်လေးပေါ့။
-ဒါပြီးရင်ဘာတွေလက်ခံထားတာရှိဦးမလဲ။
လောလောဆယ်တော့မရှိဘူး။ သင်္ကြန်ပြီှးမှဆက်ရိုက်ဖြစ်မယ်။ စီးရီးတွဲပေါ့။ ရွှေမိုးငွေမိုး သွန်းဖြိုးလို့ရွာဆိုတဲ့ဇာတ်လမ်းတွဲလေးပါ။ MNTV ကရိုက်မှာပေါ့။ ဒါရိုက်တာက သြရသ၊ ကိုထွန်းထွန်းရယ်၊ ရဲလေးရယ်၊ ကိုယ်ရယ်၊ နန်းမြတ်ဖြိုးသင်းရယ်ပါ။
-အရှေ့မှာလဲ ၀ါ စိမ်း နီ ကမ္ဘာသိမ်းမည် ဇာတ်လမ်းတွဲလေးက အခုလွှင့်နေတယ်။ ပရိသတ်လဲလက်ခံတယ်ပေါ့။ အချိန်ပေးရတဲ့ ဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်းလေးကိုလဲသိချင်ပါတယ်။
ဝါ စိမ်း နီစရိုက်တုန်းက ကိုယ်က ကားလဲ အဲ့လောက်ကြီးမရိုက်ရသေးဘူး။ နောက်တစ်ခုက စီးရီးတွဲရိုက်ရတယ်ဆိုတာ ကိုယ့်အတွက် က အခွင့်အရေးလဲဖြစ်သလို အတွေ့အကြုံအသစ်လဲဖြစ်တယ်။ အဲ့ဒီအတွက် ကိုယ်လက်ခံခဲ့တယ်။ ကိုယ်အဲ့ဒီတုန်းက အချိန်လဲပေးနိုင်တယ်ဆိုတော့လေ။ တကယ်တော့ ကိုယ်တို့ဖြစ်ချင်တဲ့ပုံစံ၊ ကိုယ်တို့ရိုက်ကတည်းကရည်ရွယ်ချက်ကလဲ အဲ့ဒီသဘောပဲ။ မြန်မာ ပရိသတ်တွေ ကိုရီးယားဇာတ်လမ်းတွဲကို စောင့်ကြည့်သလို မြန်မာဇာတ်လမ်းတွဲကိုလဲ ပရိသတ်တွေစောင့်ကြည့်ရတဲ့အခြေအနေမျိုးဖြစ်လာရင် သိပ်ကောင်းမှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ရိုက်ခဲ့ကြတယ်။ နယ်ဖက်တွေသွားရင် ပိုသိသာတယ်။ တစ်ပတ် တစ်ပတ်စောင့်ကြည့်ရတာ ကိုရီးယားကားလိုပဲတဲ့။ ကိုယ်တွေရိုက်တုန်းက ရိုက်ခဲ့ကြတယ်။ ဒီလို Feedback ကောင်းမယ်လို့လဲမထင်ခဲ့ဘူး။ ဒါပေမဲ့ အခုFeedback ကောင်းတယ်ဆိုတော့ ဆက်ရိုက်ဖို့အတွက်ပိုအားရှိတာပေါ့။
-အီဖေကိုတို့ရွေးကောက်ပွဲကလဲ ရုံပြိုင်စနစ်နဲ့ပြသတာတောင် ၅ ပတ်လောက်ထိ စံချိန်ချိုးသွားတယ်ဆိုတော့ ပါဝင်တဲ့သရုပ်ဆောင်တစ်ယောက်အနေနဲ့ စိတ်ကျေနပ်မှုအတိုင်းအတာကိုလဲသိချင်ပါတယ်။
အဲ့ဒီကားဆိုရင် စိန်ခေါ်မှုပိုကြီးတယ်။ ပါတဲ့ သရုပ်ဆောင်တွေဆိုလဲ ဒိတ်ဒိတ်ကြဲနံပါတ် တစ်တွေ မဟုတ်ဘူးလေ။ ဆရာဦးညီညီထွန်းလွင်ကိုယ်တိုင်ကလဲ ထုတ်ရိုက်ထားတာကတစ်ကြောင်း ဆရာ့ကားလေး ကို အောင်မြင်စေချင်တယ်။ ရုံပြိုင်နဲ့ပြတဲ့အတွက် လူဝင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးတော့ ရှိခဲ့တယ်။ ဆရာပထမဆုံး ထုတ်ရိုက်တဲ့ကားဖြစ်တဲ့အတွက် မရှုံးစေချင်ဘူး။ ရုံစတင်တဲ့ အချိန်မှာ မျှော်လဲမျှော်လင့်တယ်။ မျှော်လဲမမျှော်လင့်ရဲဘူး။ ဒီကားလေး ရုံ ၅ ပတ်တင်တဲ့အတွက် အီဖေကိုအဖွဲ့သားတွေ မီးဘေးသင့်ပြည်သူတွေကို သိန်း ၁၀၀ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခွင့်ရတယ်။ ကျွန်တော်တို့ရဲ့ အလှူလေးတွေလဲပါသွားတာပေါ့။ ရုံပြိုင်မှာ ဒီလိုဝင်ငွေစံချိန်ချိုးတဲ့ ကားတစ်ကားဖြစ်တဲ့အတွက်အရမ်းအရသာရှိတာပဲ။ ရုံစတင်တော့ ရင်ခုန်တယ်ဆိုတာအဲ့ဒါပေါ့။ ရုံပြိုင်မှာ ကိုယ့်ကားကိုဒီလိုရွေးချယ်ပြီးကြည့်ပေးကြတဲ့ ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။
-အခုနောက်ပိုင်း နယ်ဖက်တွေမှာ သီချင်းသွားဆိုဖြစ်တာလဲတွေ့ရတယ်နော်။
အခွေထုတ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ၀ါသနာတော့ပါပါတယ်။ ဒါပေမဲ့ နယ်ပရိသတ်ကလက်ခံတယ်ဆိုတော့ သွားဆိုဖြစ်တယ်ပေါ့။ ကျွန်တော်သီချင်းသွားဆိုတိုင်းသေချာလေးပြင်ဆင်ပြီးမှပဲ သွားဆိုဖြစ်တာပါ။
-မိသားစုနဲ့ရော တွေ့ဖို့အစီအစဉ်ရှိဦးမလား။
ဒီလ ၆ ရက်နေ့မိသားစုရှိတဲ့ မြစ်ကြီးနားမှာသီချင်းဆိုဖို့လက်ခံထားတယ် ။ အဲ့ဒီမှာ ၃ရက်လောက်ဝင်ပြီးမိသားစုနဲ့တွေ့ပါမယ်လို့ပြောပြပေးခဲ့ပါတယ်။
Source:trend.com.mm
0 comments:
Post a Comment