လူပေါင်း ၆၀၀ ကို အကြိမ်ပေါင်း ၇၂၀၀ စမ်းသပ် စစ်ဆေးပြီးမှ ဖြန့်ချိခဲ့တဲ့ Clinique အလှကုန်အကြောင်း ပြောပြပေးခဲ့တဲ့ Brand Manager ဒေါက်တာငွေတီဦး


၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်ဖြန့်ချိခဲ့ပြီး လက်ရှိ ၃ နှစ်တာကာလအတွင်းမှာ လူကြိုက်များသလို အနုပညာရှင်တော်တော်များများကလည်း တော်တော်လေး သုံးစွဲလာကြပြီဖြစ်တဲ့ Clinique Skin Care & Cosmetic နဲ့ပတ်သက်ပြီး Han Ideal Trading Ltd မှ Brand Manager ဒေါက်တာငွေတီဦး ကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ
-Clinique Skin Care & Cosmetic Brand ကို စလုပ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
သူက USA brand ပေါ့။ အစ်မတို့ စဖြန့်တာက ၂၀၁၃ သြဂုတ်လမှာပါ၊ စဖွင့်တာကတော့ Parkson FMI Centre မှာ ပေါ့။ ဖွင့်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို ပထမဦးဆုံး ဒီလိုBrand ကို စပြီးသွင်းချင်တဲ့ စိတ်ဆန္ဒနဲ့ ဒီ brand ကိုစလုပ်ဖြစ်တာပေါ့။ ဘာကြောင့် လဲဆိုတော့ Clinique က နိုင်ငံပေါင်း ၁၃၅ ပတ်ဝန်းကျင်လောက်မှာ establish ဖြစ်ပြီးသားပေါ့။ မြန်မာနိုင်ငံကို လဲ တခြားနိုင်ငံတွေနဲ့တန်းတူ ၀င်စေချင်တဲ့ အတွက်ကြောင့် စပြီး သွင်းဖြစ်ခဲ့တာပါ။
-Parkson အပြင် ဘယ် Centre တွေမှာ ရနိုင်သေးလဲ။
အခုက အစ်မတို့ Junction Square မှာ ဒုတိယဆိုင်ခွဲ ထပ်ဖွင့်တယ်။ ခုလောလောဆယ်တော့ ကောင်တာ နှစ်ခုပဲ၊ နောက်ပြီး အစ်မတို့ Sedona ဘေးက HAGL မှာလဲ ကောင်တာ ယူထားတယ်။ အစ်မတို့ Brand တွေကကျတော့ ကောင်တာသေးသေးလေးနဲ့ မထင်မရှားလေး သွားလို့ မရတဲ့ အနေအထားဆိုတော့ ကောင်တာတစ်ခုတစ်ခု လုပ်ဖို့ကို အချိန်ယူရတယ်။
-အစ်မက ဒီမှာ ဘယ်အပိုင်းကို တာဝန်ယူထားရလဲသိချင်ပါတယ်။
အစ်မက ဒီမှာ Brand Manager အနေနဲ့တာဝန်ယူထားပါတယ်။ ဒီဟာရဲ့ ပိုင်ရှင်ကတော့ HAN IDEAL ပေါ့။ ဒီမှာဆိုရင်တော့ ဆရာနဲ့အစ်မနဲ့ ပိုင်တာပေါ့။ ဆရာကဒေါက်တာ ဦးဝင်းစည်သူနဲ့ ဒေါက်တာစုလှိုင်ဟန်ပါ။ အစ်မကတော့ Managing Director ပေါ့။
-အစ်မက ဒေါက်တာဘွဲ့ယူပြီး ဘာလို့ စီးပွားရေးပိုင်းကို လုပ်ဖြစ်တာလဲသိချင်ပါတယ်။
အစ်မတို့ဒီမြန်မာနိုင်ငံရဲ့ ပညာရေး စနစ်လို့ပဲပြောရမှာပေါ့နော်။ ဆရာဝန်တော်တော်များများက ဆရာဝန် မလုပ်ကြဘူး။ မလုပ်ကြဘူး ဆိုတာကလဲ တကယ့်အစိုးရလက်အောက်ကို ၀င်ပြီး Posting ၀င်တဲ့အခါ အခက်အခဲတွေ အများကြီးလဲ ရှိတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ်ကို မြန်မာနိုင်ငံသားတော်တော်များများက နားလည်ပြီးသားဖြစ်မှာပါ။ ဆရာဝန် အနုပညာရှင်တွေ၊ ဆရာဝန် စာရေးဆရာတွေ၊ ဆရာဝန်စီးပွားရေးသမားတွေ အဲ့လိုမျိုးနဲ့ပဲ ပြန့်ကျဲသွားတာပေါ့။ ဆရာဝန်ဖြစ်သွားပေမဲ့လဲ ကိုယ်လုပ်ချင်တဲ့ စီးပွားရေးပိုင်းကို ၀င်သွားကြတာပေါ့။ အစ်မကလဲ Posting မ၀င်ဘူး။ ဘွဲ့ရပြီးကတည်းက အပြင် ကုမ္ပဏီတွေမှာပဲ လုပ်တယ်။
-ဆရာဝန်မလုပ်ပဲနဲ့ စီးပွားရေးထဲကို ၀င်လာတဲ့ အစ်မကိုယ်တိုင်ရော Cosmetic ပိုင်းကို ဘယ်လောက်အတိုင်းအတာထိ စိတ်ဝင်စားလဲ။
Cosmetic သီးသန့်ကြီးမို့လို့ ၀င်လာမိတာတော့ မဟုတ်ဘူး။ Clinique ကကျတော့ အရေပြားဆရာဝန်တွေ ထွင်တဲ့ Brand ပေါ့။ သူ့ရဲ့ထူးခြားချက်က ကောင်တာမှာရှိတဲ့ တိုင်ပင်လို့ရတဲ့ ကလေးတွေကအစ ဆရာဝန်ကုတ်လိုမျိုး တကယ့်ကို သပ်သပ်ရပ်ရပ်လေး ၀တ်ရတယ်။ ဆရာဝန်နဲ့ဆက်စပ်တဲ့ Brand ဖြစ်သလို အစ်မ ကိုယ်တိုင်ကလဲ ဆရာဝန်တစ်ယောက်မို့လို့ဒီ Brand ဆိုရင်တော့ ကိုယ်နဲ့ မစိမ်းလောက်ဘူး အဆင်ပြေလောက်တယ်ဆိုပြီး တခြား brand ထက် ဒီဘက်လောကကို ပိုစိတ်ဝင်စားသွားလို့ လာဖြစ်ခဲ့တာပါ။
-Clinique brand ရဲ့ တခြား Skin Care တွေနဲ့မတူတဲ့ ထူးခြားချက်က။
ဒီ brand က အရေပြားပညာရှင် ကိုယ်တိုင်က ထွင်ပြီးတော့ အရေပြားအမျိုးအစားတိုင်းအတွက် သီးသန့်စီ ထုတ်လုပ်ထားတာပါ။ ဥပမာ toner ဆိုရင် အသားခြောက်တဲ့သူအတွက်က တစ်မျိုး ၊ အဆီပြန်တဲ့သူအတွက်က တစ်မျိုး၊ ပုံမှန်သမားအတွက်က တစ်မျိုး၊ Combination သမားအတွက်က တစ်မျိုး အဲ့ဒီအခါကျတော့ သူကကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ့်အရေပြားပေါ်မှာ မူတည်ပြီးသူက Choice လုပ်လို့ရတယ်။ အရေပြား အမျိုးအစားကို အစ်မတို့ကောင်တာက ကလေးတွေနဲ့ အရင်တိုင်ပင်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်တဲ့ အပိုင်းတွေကလဲ မတူနိုင်ဘူး။
-Clinique skin care မှာ ရရှိနိုင်တာတွေက။
အစ်မတို့ဆီမှာက ပြသနာတွေအကုန်လုံးအတွက် ထုတ်လုပ်ထားတယ်။ ဘယ်လိုဟာမျိုးတွေလဲဆိုတော့ ဥပမာ Healthy Skin ပေါ့။ ကျန်းမာရေးနဲ့ပြည့်စုံတဲ့ အရေပြားပေါ့။ နောက်တစ်ခုက  အသားအရောင်မညီတာပေါ့။ အဲ့ဒီလူတွေ အတွက်ပြန်ပြီး ညီအောင် ထုတ်လုပ်ထားတာလဲ ရှိတယ်။ ပြီးတော့ ချွေးပေါက်တွေဖြစ်တာပေါ့။ အဲ့ဒါအတွက်လဲ သီးသန့်ရှိတယ်။ နောက်တစ်ခုက မျက်နှာမှာ အရွယ်မတိုင်ဖြစ်တဲ့ အိုမင်းရင့်ရော်မှုတွေ၊ နောက်မျက်အိတ်ဖောင်းတာတွေ၊ အသားအရေ တွဲကျတာတွေ ၊ အဲ့ဒါတွေအတွက်လည်းရှိတယ်၊ အဲ့ဒါကျတော့ အားလုံးကို ပြန်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်အောင်ပြန်လုပ်ပေးတာပေါ့။ Clinique မှာ နာမည်ကြီးတာက ၀က်ခြံသမားတွေ အတွက်ပေါ့။ သူက Series လိုက်အစုံရှိတယ်။ ကိုယ့်မျက်နှာပေါ်မှာဖြစ်တဲ့ အရာတွေ အကုန်လုံးအတွက် အစ်မတို့က သီးသန့်ထုတ်လုပ်ထားတယ်။ အစ်မတို့ဆီမှာ Skin Care အပြင် Cosmetic နဲ့ရေမွှေးတွေပါ ရှိတယ်။ ရေမွှေးဆိုရင် အစ်မတို့ Clinique Happy , Happy Heart , Clinique Form, Happy In Born ပေါ့။ အဲ့ဒီ ၄မျိုးရှိတယ်။ နောက်တစ်ခုက Cosmetic ပေါ့။ ရတနာမိုင်တို့ဆိုလဲ သုံးပါတယ်။ မိတ်ကပ်တွေ ဆိုရင်လဲ အမျိုးအစား အစုံရှိတယ်။ နောက်မျက်နှာပေါ်မှာ လိုတဲ့ဟာတွေ အကုန်ရှိတယ်။ Skin Care၊ Cosmetic နဲ့ရေမွှေးအစုံရှိတယ်။
-အစ်မတို့ Cosmetic ကို ဘယ်အချိန်လောက်မှာ လူတွေစပြီး သိလာတာလဲ။
တဖြည်းဖြည်းချင်းစီ များလာအောင် အစ်မတို့က ဆွဲခေါ်ရတာပေါ့နော်။ အစ်မတို့တတ်နိုင်တဲ့ ဖက်ကနေ ကြော်ငြာတွေ သွားထားတာတော့ ရှိတယ်။ တီဗီကြော်ငြာတော့ မသွားသေးဘူး။ ဒါပေမဲ့ Print Art တွေ သွားတယ်။ ခုလောလောဆယ် magazine တွေ ဂျာနယ်တွေမှာ ကြော်ငြာတွေထည့်တယ်။ ဒါတွေက တစ်ဆင့်လူသိတယ်။ နောက် Junction Square မှာဖွင့်တယ်။ Parkson ထက်စာရင် Junction မှာ ဖွင့်လိုက်တာ လူပို သိသွားတယ်လို့အစ်မကတော့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ Parkson ကကျတော့ လူသိပ်မသွားဘူး။ ကြည့်လိုက်ရင် လူနည်းတယ်။ တကယ်ဝယ်တဲ့ သူလောက်ပဲ သွားတယ်။ ပုံမှန် Shopping သမားတွေ သိပ်မသွားကြဘူး။ Junction Square ကကျတော့ ရုပ်ရှင်ကြည့်တဲ့သူတွေလဲရောက်နိုင်တယ်။ မုန့်စားတဲ့သူတွေလဲ ရောက်နိုင်တယ်။ Junction Square မှာ ကောင်တာဖွင့်လိုက်တဲ့အချိန်မှာ လူပိုသိသွားတယ်လို့ထင်ပါတယ်။
-Clinique ကို ဘယ်အနုပညာရှင်တွေ သုံးကြလဲ။
ဇမ်နူး၊ကိုဆန်းထွဋ်၊ ချောရတနာ၊ ယွန်းရွှေရည်၊ ပက်ထရစ်ရှာ၊ ရတနာမိုင်တို့တော့ဝယ်ကြတယ်။
-Clinique ရဲ့ ဈေးနှုန်းလေးတွေကကော ဘယ်လောက်ကနေ ဘယ်လောက်ထိရှိလဲ။
အနည်းဆုံး ၂၀၀၀၀ ကျော်ကနေ အများဆုံး တစ်သိန်းကျော်ထိ ရှိပါတယ်။
-သုံးစွဲသူတွေဆီကနေ မတည့်လို့ Complain တက်တာမျိုးရောရှိခဲ့ဖူးလား။
ရှိတယ်ညီမ။ ဒါကတော့ Brand တိုင်းမှာ ရှိမှာပါ။ မတည့်တဲ့သူတွေက ဘယ် brand အမျိုးအစားထဲမှာ မဆိုရှိမှာပါ။ ၁၀၀ ရာခိုင်နှုန်း တည့်တယ်ဆိုတာတော့ မရှိဘူးလို့အစ်မထင်တယ်။ အနည်းဆုံး ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းလောက်တော့ ပါနေမှာပါပဲ။ မြန်မာနိုင်ငံမှာက အပူပိုင်းဖြစ်တော့ မျက်နှာနည်းနည်း အဆီပြန်တယ်။ တချို့က အဲ့ဒါကို မကြိုက်ကြဘူး။ ပုံမှန်အဆီပြန်တာကိုပဲ သူတို့စိတ်ထဲမှာ အများကြီးအဆီပြန်တယ်လို့ခံစားကြပြီး ဆုံးဖြတ်ချက် မှားသွားတာမျိုးတွေလဲဖြစ်နိုင်တယ်။
-Clinique နဲ့ပတ်သက်ပြီး ပရိသတ်ကိုအခိုင်အမာပြောနိုင်တာကဘာများဖြစ်မလဲ။
အဲ့ဒါက ဘာလဲဆိုတော့ အစ်မတို့ Brand ဟာ ဓာတ်မတည့်မှုဖြစ်စဉ်တွေအတွက် သေသေချာချာ စမ်းသပ်ထားတဲ့ Brand တစ်ခုဖြစ်တယ်။ ဘယ်လို စမ်းသပ်လဲဆိုတော့ Skin Care Formula တစ်ခုထွက်လာတယ်။ သုံးစွဲတဲ့သူတွေရဲ့လက်ထဲကို မထည့်ခင် လူပေါင်း ၆၀၀ ကို အကြိမ်ပေါင်း ၇၂၀၀ စမ်းသပ်တယ်။ တစ်ယောက်ကို အကြိမ်ကာလ တစ်ခုစီထားပြီး ၁၂ ကြိမ် စမ်းသပ်တယ်။ အဲ့ဒီလိုစမ်းသပ်တဲ့နေရာမှာ ဒီထဲက တစ်ကြိမ်ကြိမ်မှာ မတည့်ဘူးဆိုပြီး အလက်ဂျီဖြစ်စဉ်မျိုးတွေ့ပြီဆိုရင် အစ်မတို့က Formula ကိုပြန်ပြီးပြင်တယ်။ အဲ့ဒီတော့စောစောက ပြောသလိုပဲ တခြား Brand တွေထက်စာရင် အလက်ဂျီဟာ သက်သာတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ တခါတလေမှာ ဘယ်လိုဖြစ်လဲဆိုတော့ သုံးစွဲကာစ မျက်နှာနုနယ်နေတဲ့အချိန်မှာ အတွင်းထဲမှာရှိနေတဲ့ ၀က်ခြံပုန်းတွေပြန်ကန်တက်လာတာမျိုးတွေလဲ ဖြစ်တတ်တယ်။ အဲ့ဒီမှာ တကယ်ဆက်သုံးမသုံးကလဲ ရှိသေးတယ်။ ဆက်သုံးရင်ကောင်းသွားမှာ။ ဒါပေမဲ့ ဒါနဲ့ငါနဲ့အဆင်မပြေဘူးဆိုပြီး ရပ်လိုက်တဲ့အခါမှာ အစ်မတို့အနေနဲ့ဖြေရှင်းရတာ ခက်တယ်။ အမှန်က မတည့်တာတော့ မဟုတ်ဘူး။ နောက်တစ်ခုက အနံ့လုံးဝမထည့်ဘူး။ အဲ့ဒါက ဘာလဲဆိုတော့ တချို့ Cosmetic တွေ၊ Skin Care တွေမှာ ရနံ့တွေ ထည့်တယ်။ အဲ့ဒီအနံ့တွေက အရေပြားပေါ်မှာ ဆိုးကျိုးကိုဖြစ်စေတယ်။ တကယ်တော့ အနံ့မပါတဲ့ ပစ္စည်းတွေက ပိုပြီးကောင်းတယ်။ ဒါပေမဲ့ တချို့ကအနံ့မွှေးတာကိုကြိုက်ကြတယ်လေ။ အစ်မတို့ဆီက ပစ္စည်းတွေက အနံ့ကင်းစင်တယ်။နောက်တစ်ခုက စောစောကပြောတဲ့အတိုင်း အရေပြားဆရာဝန်တီထွင်တဲ့ Brand ဖြစ်တဲ့အတွက် ကိုယ့်အသားရေနဲ့ကိုက်ညီမှုရှိမရှိ သေချာ စမ်းသပ်ထုတ်လုပ်ထားတယ် ဆိုတာကလဲ ထူးဆန်းတယ်ပေါ့။ အဲ့ဒီတော့ အဲ့ဒီအချက်သုံးချက်ကို အာမခံနိုင်တယ်။ ဒါပေမဲ့ အာမ မခံနိုင်တာက ဒါတွေ လုပ်ထားတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း အဆင်ပြေပါလိမ့်မယ်လို့တော့မပြောနိုင်ဘူး။ သူ့အသားအရေနဲ့မကိုက်တဲ့ ပစ္စည်းကိုရွေးယူသွားရင်တော့ ဒါရွေးချယ်မှု မှားတာသာဖြစ်တယ်။ မတည့်တာ မဟုတ်ဘူးလို့ပြောချင်ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment