တပ်မိသားစုဝင်တွေကို ကြံ့ခိုင်ရေးပါတီအတင်းမဲထည့်ခိုင်း


 တပ်မိသားစုဝင်တွေ ကြိုတင်မဲပေးတဲ့အခါ တပ်တွင်းအရာရှိတွေက မဲပြားပေါ်မှာ အမိန့်အာဏာနဲ့ ကြံခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို မဲထည့်ခိုင်းနေတယ်ဆိုပြီး ကိုယ်တွေ့ကြုံခဲ့ရသူတွေက ဘီဘီစီကို ပြောလာပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ဖူလုံဆိုတဲ့ ရွာအနီး တပ်ချထားတဲ့ ခြေလျင်တပ်ရင်း ၂၅၇ မှာဆိုရင် ကာယကံရှင် မဟုတ်ဘဲ ကိုယ်စားမဲပေးခိုင်းတာတွေ ပြုလုပ်ခဲ့သလို မဲပေးတဲ့အခါမှာလည်း စစ်မှုထမ်းတဦးကနေ မဲလာပေးသူတွေရဲ့ လက်ကိုကိုင်ပြီး မဲဆန္ဒကပ်ပြားပေါ်က ကြံ့ခိုင်ရေးကိုယ်စားလှယ်နေရာကို ထုခိုင်းတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်မှုထမ်းတဦးရဲ့ ဇနီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ရွေးကောက်ပွဲအတွက် ပြောခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းထဲက မိန့်ခွန်းမှာတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ အများပြည်သူဆန္ဒကို ထင်ဟပ်ဖို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေအပေါ်မှာ လေးစားလိုက်နာမယ်ဆိုပြီးတော့လည်း သူဦးဆောင်မယ့် အစိုးရအတွက်သာ မကဘဲ စစ်တပ်အတွက်သာ တာဝန်ခံပြီး ကတိပြုပြောဆိုထားပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ရွေးကောက်ပွဲအလွန်ကာလ အစိုးရ အပြောင်းအလဲဖြစ်လာတဲ့အခါ ဘယ်သူအပေါ်မှာမှ အာဃာတ ထားမှာမဟုတ်ဘူးလို့ အခုလို ပြောထားပါတယ်။

ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့လို့ရှိရင် ကျမတို့ ဘယ်သူ့ကိုမှ ဂလဲ့စားချေဖို့ ကျမတို့မှာ ရည်ရွယ်ချက် မရှိဘူး။ အမျိုးသား ရင်ကြားစေ့ရေးကို ရှေ့တန်းတင်ပြီးတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်း နေနိုင်ဖို့ကိုသာ ကျမတို့က ဦးတည်မှာပါ။

ဒါ့အပြင် စစ်ဗိုလ်ချုပ်ဟောင်း ဘယ်သူဘယ်ဝါကိုမှာ နောက်ကြောင်းပြန် အရေးယူ ဆောင်ရွက်တာမျိုးတွေ ပြုလုပ်မှာမဟုတ်ဘူးလို့လည်း
ဒေါ်အောင်ဆန်းစုကြည်က အာမခံပြောဆိုထားပါတယ်။

ရွေးကောက်ပွဲနေ့ လုံခြုံရေးအခြေအနေကို ကြည့်ရင်တော့ လုံခြုံရေးတွေ တိုးပြီး ချထားတယ်။ ပုံမှန် ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်။ အခြေအနေဟာ အေးအေးဆေးဆေး ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ဆန္ဒမဲလာပေးသူတွေကို ရဲတပ်ဖွဲ့အနေနဲ့ ထွေထွေထူးထူး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်မှာမဟုတ်ဘဲ မဲရုံးမှူးက အကူအညီတောင်းခံလာမှသာ ရဲက ကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ကျောက်ဖြူမြို့ ပညာရေးကောလိပ်က ကျောင်းသားအများစုဖြစ်တဲ့ အယောက် ၃၀၀ ကျော် မဲထည့်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေထဲမှာ မဲစာရင်းတွေ အချိန်မီ ရောက်မလာခဲ့ဘူးဆိုပြီး ကျောက်ဖြူပညာရေး ကောလိပ်ကျောင်းအုပ် ဦးကျော်ရွှေက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment