သီရိရတနာဈေးတွင် နေ့ခင်းကြောင်တောင် မီးထပ်လန့်၍ ဈေးသူ ဈေးသားများ စိုးရိမ်ပူပန်နေ


မုံရွာ ဇန်နဝါရီ ၂၆

မုံရွာမြို့ သီရိရတနာဈေးတွင် မီးနှစ်ကြိမ်လောင်အပြီး ဇန်နဝါရီ ၂၆ ရက်ညနေ ၅ နာရီကျော်ဈေးသိမ်းခါနီးတွင် ဈေးအနောက်ဘက်တန်း ခေါင်မိုးသွပ်ပြားပေါ်အမှိုက်များမီးစွဲနေသည်ကို ဈေးသူဈေးသားများ တွေ့၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

''ဈေးသိမ်းပြီး ရွာပြန်မလို့လုပ်နေတုန်း အနောက်ဘက်တန်းခေါင်မိုး ပေါ်က မီးခိုးတွေမြင်တာနဲ့ ဝိုင်းငြှိမ်းခဲ့ကြပါတယ်။ လောင်နေတာက သွပ်မိုးပေါ်က သစ်ရွက်ဆွေးအမှိုက် ခြောက်တွေပါ။ ဒီဇယ်နံ့လည်းရတယ်။ အပေါ်ရောက်တော့ လူရိပ်လူခြေတော့ မတွေ့ရဘူး'' ဟု မီးတက်ငြှိမ်းသူ ဈေးသည်တစ်ဦးက ပြောပြသည်။

ဈေးသူ ဈေးသားများအနေဖြင့် မီးသုံးကြိမ်လောင်သည့်အပေါ် စိုးရိမ်စိတ်များနေသည့်အပြင် မီးလောင်သည့်ကျိုးကြောင်းရင်းမြစ် ဖော်ထုတ်မှု အားနည်းသည့်အပေါ် သံသယစိတ်များလျက်ရှိကြောင်း သိရသည်။

''သုံးကြိမ်စလုံးမှာ ဘာကြောင့် လောင်တယ်ဆိုတာကို သတင်းစာ တွေကတစ်ဆင့် သိရပေမယ့် သိထားတဲ့အချက်နဲ့က လွဲနေတယ်လို့မြင်မိတယ်။ ဈေးသူဈေးသားတွေအနေနဲ့ ဈေးတာဝန်ရှိသူတွေအပေါ် ပိုသံသယရှိပြီး မယုံကြည်ကြတော့ပါဘူး။ အခု တတိယတစ်ခါမှာလည်း ဘာကြောင့်ဘယ်သူက ရှို့သွားတယ်ဆိုတာ တိတိကျကျ တာဝန်ရှိသူတွေကိုယ်တိုင် မသိဘူးဖြစ်နေတယ်''ဟု ဈေးသည် တစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကြပ်မတ်၍ မီးဘေးကာကွယ်ရေးနှင့် ဈေးများရေရရှိရေးများကို ဆောင်ရွက်နေချိန်ဖြစ်သည့် ဇန်နဝါရီ ၁၁ ရက် နံနက် အစောပိုင်းက မုံရွာမြို့ သီရိရတနာဈေးတွင် ဒုတိယအကြိမ် လောင်ကျွမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက ဆိုင်ခန်းပေါင်း ၇၁ ခန်းရှိဈေးရုံ ပထမအကြိမ် မီးလောင်ခဲ့ပြီး ယခု ဇန်နဝါရီ ၂၆ ရက်တွင် တစ်ကြိမ်ထပ်မံ မီးလန့်ခြင်းဖြစ်သည်။

မီးလောင်ခံရသော ဈေးရုံအား ချက်ချင်းပြန်ဆောက်မည်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသော်လည်း ယခုအချိန်အထိ ပြန်လည်မတည်ဆောက်သေးကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment