ဘာရန်ငြိုးရန်စမှမရှိဘဲ မနာလိုလို့ ဓာတ်ပုံအတုလုပ်ပြီး တိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုတဲ့ ၀ိုင်းစုခိုင်သိန်း


လွန်ခဲ့သည့်လအနည်းငယ်က ဖေ့စ်ဘွတ်ခ်တွင် ဖိုတိုရှော့ပြုလုပ်ထားသည့် ဓာတ်ပုံတစ်ပုံဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံခဲ့ရသော အဆိုတော်သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းက အနုပညာလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သော ဓာတ်ပုံနှင့်ပတ်သက်၍ ၎င်း၏ ဖန်ပေ့ခ်ျမှတစ်ဆင့် ပရိသတ်များကို ဖြေရှင်းခဲ့သည်။ လတ်တလောတွင် တတိယတစ်ကိုယ်တော်ခွေအာဘွား အမ်တီဗီရိုက်ကူးမှု၊ အမျိုးသားအဆိုတော်များနှင့် စုံတွဲခွေအပါအ၀င် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပရန် စီစဉ်နေသည့် ၀ိုင်းစုခိုင်သိန်းကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး- တတိယတစ်ကိုယ်တော်ခွေအာဘွား အမ်တီဗီရိုက်ကူးရေး ဘယ်လောက်အတိုင်းအတာအထိပြီးသွားပြီလဲ။  ဘယ်တော့လောက် ထွက်မှာလဲ။
ဖြေ- ၁၀ လပိုင်းအကုန် ၁၁ လ ပိုင်းလဆန်း နောက်ဆုံးထားပြီး ထွက်နိုင်အောင် ကြိုးစားနေတယ်။ ကျန်တာကလည်း နှစ်ပုဒ်လောက်ပဲ ကျန်တော့တယ်။ ဒီလထဲမှာ အပြီးရိုက်မယ်။
မေး- အာဘွားစီဒီထွက်တုန်းက ပရိသတ်အားပေးမှုရခဲ့တာဆိုတော့ အမ်တီဗီကိုကော ပရိသတ်တွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုကြိုးစားပြီး ပုံဖော်နေလဲ။
ဖြေ- အဓိကက ဒါရိုက်တာတွေရဲ့ စိတ်ကူးပါပဲ။ သီချင်းနဲ့လိုက်ဖက်အောင် သူတို့ရဲ့စိတ်ကူးတွေနဲ့ ပုံဖော်ပေးထားပါတယ်။ ၀ိုင်းစု ၀င်ပြောထားတာမျိုးမရှိပါဘူး။ နောက်ဆုံးရိုက်ထားတဲ့ ‘‘မင်းရဲ့ရွေးချယ်မှု’’ဆိုတဲ့ သီချင်းလေးကိုတော့ အိုင်ဒီယာပြောပြဖြစ်တယ်။
မေး- အမျိုးသားအဆိုရှင်တွေနဲ့ အခွေတစ်ခွေလည်း စီစဉ်နေတာဆိုတော့ ဘယ်နှယောက်ပါမှာလဲ။ သီချင်းတွေကရော ပြန်ဆိုတေးတွေ ဖြစ်မှာလား။ အသစ်တွေ နားဆင်ရမှာလား။
ဖြေ- အမျိုးသားအဆိုရှင် ၁၄ ယောက်ပါမှာပါ။ သီချင်းတွေကတော့ အကုန်လုံးအသစ်တွေပါပဲ။ အချစ်သီချင်းတွေပါသလို သီချင်းအမိုက်စားတွေလည်း ပါတယ်။ အားတီနဲ့သီချင်းဆိုရင် အမိုက်စားကလပ်ပုံစံမျိုး တီးလုံးတွေပါတယ်။ Snare နဲ့ သီချင်းဆိုရင်လည်း မိန်းကလေးဘက်က ကိုယ့်ကို ကြိုက်တဲ့လူများလို့ ခါချနေရတယ်။ ယောက်ျားလေးဘက်ကလည်း ခါချနေရတယ်။ အဲဒါမျိုး အပြိုင်အဆိုင်ပုံစံမျိုးလေး ရေးထားတဲ့ သီချင်းလေးပါ။ သီချင်းတွေကတော့ အကုန်ရပြီ။ အသံသွင်းရမယ့်အပိုင်းနဲ့ Mixing ပိုင်း ကျန်သေးတယ်။ ဒီဇင်ဘာလောက် ထွက်နိုင်အောင် ကြိုးစားနေတယ်။
မေး- သီချင်းခွေစီစဉ်နေသလို တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ကျင်းပတော့မှာဆိုတော့ ဖျော်ဖြေပွဲအတွက် ဘာတွေပြင်ဆင်နေပြီလဲ။
ဖြေ- လောလောဆယ် စတိတ်ဒီဇိုင်းဆွဲဖို့ အကအဖွဲ့တွေနဲ့ ညှိနေတယ်။ သူတို့ဘာလိုချင်လဲ။ ဒီမှာကော လုပ်လို့ရနိုင်ပြီလား။ အဲဒီအပေါ်မှာ ညှိပြီးလုပ်နေတယ်။ ရန်ကုန်မှာတော့ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ လုပ်မယ်။ မန္တလေးမှာတော့ ပရိသတ်တွေအားမယ့်ရက်ကို ရွေးနေတယ်။ ရန်ကုန်ပွဲအပြီး နောက်တစ်ပတ်၊ ဆယ်ရက်လောက်နားပြီး လုပ်ဖြစ်မယ်။
မေး- တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်နဲ့မန္တလေး နှစ်ပွဲလုပ်ဖို့ စီစဉ်ဖြစ်တာ ဘာကြောင့်ပါလဲ။
ဖြေ- မန္တလေးက အထက်မြန်မာပြည်ပရိသတ်တွေ ရှိတယ်။ မုံရွာ၊ ပြင်ဦးလွင်၊ စစ်ကိုင်းက ပရိသတ်တွေ လာကြည့်လို့ရတယ်။ ရန်ကုန်ကျတော့လည်း ရန်ကုန်ပရိသတ်တွေဆိုတော့ ဒီမှာကြည့်လို့မရတဲ့သူတွေ ဟိုမှာကြည့်လို့ရအောင် နှစ်ပွဲစီစဉ်ဖြစ်တာပါ။
မေး- တစ်ကိုယ်တော်ဖျော်ဖြေပွဲဆိုတာ အဆိုတော်တစ်ယောက်ရဲ့ မှတ်တိုင်လို့ ပြောကြတာဆိုတော့ ပထမဆုံးအကြိမ်လုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ်မှာ စိုးရိမ်စိတ်ဖြစ်တာမျိုးရှိလား။
ဖြေ- စိုးရိမ်စိတ်ကတော့ ကိုယ့်ပွဲတင်မဟုတ်ဘူး။ သူများပွဲဆိုလည်း ဖြစ်တယ်။ လူဝင်ပါ့မလား။ ဆိုတာအဆင်ပြေပါ့မလား။ စက်ပစ္စည်းချို့ယွင်းတာများ ရှိမလား။ အဲဒီလို လိုအပ်ချက်တွေရှိသွားမှာ ကြောက်တယ်။ အဲဒီလို ကြောက်ရင်းကြောက်ရင်းနဲ့ မလုပ်ဖြစ်တာ။ အဲဒါကြောင့် ဒီတစ်ခါတော့ လုပ်ဖို့ဆုံးဖြတ်လိုက်တာ။ တစ်ကိုယ်တော်ပွဲ မလုပ်သေးဘူးလားဆိုပြီး မေးတဲ့ပရိသတ်တွေလည်းရှိတော့ သူတို့အတွက်စဉ်းစားပြီး ဒီပွဲလေးကို တတ်နိုင်သလောက် ကြိုးစားပြီးစီစဉ်ဖြစ်တာ။
မေး- အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေးက ပရိသတ်တွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုဆိုတော့ ၀ိုင်းစုရဲ့ အိမ်ထောင်သည်ဘ၀ ဖြတ်သန်းမှုကို ပြောပြပေးပါဦး။
ဖြေ- ၀ိုင်းစုမှာ ဘာမှထွေထွေထူးထူး မရှိပါဘူး။ ဒီအတိုင်းပါပဲ အဆင်ပြေပါတယ်။
မေး- ကိုယ့်ရဲ့ အနုပညာအလုပ်တွေ လုပ်ဖြစ်သလို အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းတွေကော ဘယ်လိုအကူအညီပေးဖြစ်လဲ။
ဖြေ- သူနဲ့ ၀ိုင်းစုနဲ့က အပြန်အလှန်ပါပဲ။ ၀ိုင်းစုလိုအပ်တာကို သူ့ကိုပြောပြတယ်။ တိုင်ပင်တယ်။  သူကူညီနိုင်တာ ရှိရင်လည်း ကူညီပေးတယ်။ သူ့အလုပ်နဲ့ ပတ်သက်လို့ ၀ိုင်းစုကူညီနိုင်တာရှိရင်လည်း ကူညီပေးတယ်။
မေး- ဂီတဘက်မှာတင်မဟုတ်ဘဲ သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အသိအမှတ်ပြုခံထားရတော့ အိမ်ထောင်သည် ဖြစ်လာတဲ့အချိန် နှစ်ဖက်မျှအောင် ဘယ်လိုအချိန်ပေးလဲ။
ဖြေ- အရင်ကတည်းက တစ်လကို အများဆုံးနှစ်ကားလောက်ပဲ ရိုက်ဖြစ်တာဆိုတော့ အခုလည်း အဲဒီလိုပါပဲ။ သူကလည်း ချုပ်ချယ်ထားတာမျိုး မရှိပါဘူး။ အရင်အတိုင်းပါပဲ။ အိမ်ထောင်ကျပြီးမှ ထူးခြားသွားတာ မရှိပါဘူး။
မေး- အတူတူအိမ်ထောင်ပြုခဲ့တဲ့ သက်မွန်မြင့်က ရင်သွေးလေးလွယ်ထားပြီဆိုတော့ ရင်သွေး ဘယ်တော့လောက်ယူဖို့ စဉ်းစားထားလဲ။
ဖြေ- လောလောဆယ်တော့ မယူဖြစ်သေးဘူး။ နောက်ထပ် တစ်နှစ်ခွဲ၊ ၂နှစ်လောက်မှ ယူဖြစ်မယ်။
မေး- အခုရက်ပိုင်း စန္ဒီမြင့်လွင်နဲ့အတူ Gym ဆော့တာ တွေ့ရတယ်။ အရင်ကတည်းက ပုံမှန်ဆော့ဖြစ်တာလား။ ကျန်းမာရေးအတွက်လား။ ခန္ဓာကိုယ်ထိန်းတဲ့သဘောထား။
ဖြေ- ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်လှပဖို့ရော အကုန်လုံးပါပါတယ်။ နောက်တစ်ခုကလည်း ဖျော်ဖြေပွဲလုပ်မှာဆိုတော့ သက်လုံကောင်းအောင် အမောခံနိုင်အောင်ပါ။
မေး- အနုပညာရှင်တစ်ယောက်အနေနဲ့ ဖေ့စ်ဘွတ်ခ်သုံးတာက ပရိသတ်တွေနဲ့ ပိုပြီးရင်းနှီးမှုရတယ်လို့ ထင်လား။ ဖေ့စ်ဘွတ်ခ်ကိုကော ဘယ်လောက်အချိန်ပေးပြီးသုံးဖြစ်လဲ။
ဖြေ- ဖေ့စ်ဘွတ်ခ်ကို သုံးဖြစ်ပါတယ်။ ကိုယ် ဒီနေ့ ဘာလုပ်တယ်ဆိုတာကို အမြဲတမ်း ဖေ့စ်ဘွတ်ခ်တင်ဖြစ်တယ်။ ဖေ့စ်ဘွတ်ခ်သုံးဖြစ်တော့ ပရိသတ်နဲ့ အမြဲတမ်း အဆက်အသွယ် ဖြစ်တယ်။
မေး- ပြီးခဲ့တဲ့ရက်က ဖေ့စ်ဘွတ်ခ်မှာ ၀ိုင်းစုရဲ့ ဓာတ်ပုံတစ်ပုံကို ဖိုတိုရှော့လုပ်ပြီး တင်ခဲ့တယ်ဆိုတော့ ဖေ့စ်ဘွတ်ခ်ကနေ တိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်လား။ ဘာကြောင့်လုပ်တယ်လို့ ထင်လဲ။
ဖြေ- တိုက်ခိုက်ခံရတာကတော့ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ရိုးတော့လည်း ရိုးနေပါပြီ။ ဒါပေမဲ့ ဒီတစ်ခုကိုတော့ ၀ိုင်းစုကိုယ်တိုင် ၀ိုင်းစုရဲ့ Fan Page မှာ ပြန်ပြီးဖြေရှင်းပေးထားတယ်။ အဲဒါကို သက်သက်ကြီးလုပ်နေတယ်ဆိုတာ သိသာတယ်။ ဘယ်သူလုပ်တယ်ဆိုတာကိုလည်း  ၀ိုင်းစုသိတယ်။ သူတို့အကောင့်အတုတွေ ခွဲပြီးသုံးတယ်။ ဘယ်သူဆိုတာကို ၀ိုင်းစု သိပြီးသား။ ဘာရန်ငြိုးရန်စမှမရှိဘဲ လိုက်လုပ်တာဆိုတော့ မနာလိုလို့ လုပ်တာပဲလေ။ မနာလိုလို့ လုပ်တာဆိုတော့ သူတို့ကို မနာလိုမဖြစ်ပါနဲ့လို့ သွားပြောလို့လည်း မရဘူးလေ။ ပြောချင်တာကတော့ သူများကို တိုက်ခိုက်နေမယ့်အစား ကိုယ့်အောင်မြင်မှုအတွက် အချိန်ပေးပြီး ကြိုးစားပါလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများကိုလုပ်ဖို့ဆိုတာ ကိုယ့်အချိန်ကို ပေးရတယ်လေ။ နောက်ပြီး မုဒိတာမပွားနိုင်ဘဲ ယုတ်မာချင်တဲ့စိတ်ကို အရင်မွေးရတဲ့အတွက် အကုသိုလ်လည်း ဖြစ်တယ်။ သူများကိုပဲ ခေါင်းထဲမှာ အချိန်ပေးနေရတာဆိုတော့ သူ့ဘ၀ အချိန်တော်တော်များများကို ၀ိုင်းစုပဲ နေရာယူသလို ဖြစ်နေတယ်။ အဲဒါကိုတော့ သူ့ဟာသူ မတွေးမိဘူး ဖြစ်နေတယ်။
မေး- ဒါပေမဲ့ အဲဒီကိစ္စကို ပရိသတ်တွေ မယုံခဲ့ကြဘူးဆိုတော့ ၀ိုင်းစုအတွက် ဘယ်လိုအကျိုးအမြတ်ရခဲ့လဲ။
ဖြေ- အဲဒီကိစ္စအတွက် ၀ိုင်းစုကို ပရိသတ်တွေက ပိုပြီးသနားကြတယ်။ ပိုပြီးလည်း အားပေးလာကြတော့ ပြောရမယ်ဆိုရင် သူတို့ကိုတောင် ကျေးဇူးတင်တယ်။ သူတို့ အဲဒီလိုလုပ်တော့ ပရိသတ် ပိုတောင်ရသေးတယ်။ ခုခေတ်မှာ ဖိုတိုရှော့လုပ်တာကို လူတိုင်းက သိနေကြပြီလေ။ အဲဒါကို သူတို့ လုပ်နေကြတာဆိုတော့ ပရိသတ်တွေအကုန်လုံးက အသိဉာဏ်ရှိတယ်။ ခွဲခြားတတ်တယ်လေ။ ဘာမှမထူးခြားတာကိုလုပ်တော့ သူတို့အတွက် အချိန်ကုန်တာကလွဲပြီး ဘာမှဖြစ်မလာဘူး။
မေး- အားပေးနေတဲ့ ပရိသတ်ကြီးကို စကားလက်ဆောင်လေး ပြောပြပေးပါဦး။
ဖြေ- ၀ိုင်းစု အနုပညာအလုပ် စပြီးလုပ်တဲ့အချိန်ကတည်းက အားပေးခဲ့တဲ့ ပရိသတ်တွေရော အဆိုဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ အခုလို အတိုက်အခိုက်တွေ ကြားထဲကတောင် စဉ်ဆက်မပြတ်အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ၀ိုင်းစုဘက်ကလည်း အနုပညာလုပ်ငန်းတွေကို ပရိသတ်အတွက် ဒီထက်ပိုပြီး လုပ်သွားပါမယ်။
ကျေးဇူးတင်ပါတယ်။
ဇွဲဉာဏ်
Source:7daydaily.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment