ဘာလင်တံတိုင်းက ပြောလိုက်တဲ့ မြန်မာပြည်ရဲ့ ပုဂ်္ဂိုလ်နှစ်ဦး – အောင်ထွန်းလင်း



“”ဒီပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက် တုန်းကတော့ လူတွေပဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက် သထက်ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘ၀သို့ ရောက်သွားတယ် . . .”” ဗိုလ်ချုပ်အောင်ဆန်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

ဘာလင်တံတိုင်းလို့ဆိုရင် နဂိုက ဂျာမနီ နိုင်ငံကြီးကို နှစ်ခြမ်းခွဲထားတဲ့ ကွန်ကရစ်ပြားကြီးတွေကို ပြေးမြင် မိမှာပါ။ အရှေ့ဂျာမနီနဲ့ အနောက်~ ဂျာမနီကို နှစ်ခြမ်းခွဲပြီး တစ်ဖက်တစ်ခြမ်းစီမှာ တိုးတက်နေတဲ့ တိုင်းပြည် မှာ နေထိုင်ရသူနဲ့ တစ်ဖက်မှာတော့ မတိုးတက်မှုတွေကို ခံစားနေရတဲ့ ပြည်သူတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ဂျာမနီပြည် သူတွေ ပြန်ပေါင်းစည်းလို့ ဘာလင်တံတိုင်းလည်း မြေခခဲ့ရပါတယ်။ တချို့ကဆိုရင် ဘာလင် တံတိုင်းနဲ့ ဂလိုဘယ် လိုက်ဇေးရှင်း (ကမ္ဘာ့ရွာ)ကိုတောင် ချိတ်ဆက်လို့ ပြောသူကပြော၊ ရေးသူကရေးလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သေချာ တာ တစ်ခုကတော့ ပြည်သူ့အလိုကျ ဘာလင်တံတိုင်းကြီး ပြိုလဲလို့ ဂျာမနီ ဟာလည်း တစုတစည်း ဖြစ်ခဲ့ပါတယ်။

ဟော အခုလာပြန်ပါပြီ။ ဘာလင်တံတိုင်းမှာ အသုံးပြုခဲ့တဲ့ ကွန်ကရစ် ပြားကြီးတွေပေါ်မှာ ကမ္ဘာအရပ်ရပ်က အကြမ်းမဖက်လမ်းစဉ်ကို ကျင့်သုံးခဲ့၊ ကျင့်သုံးဆဲ ဖြစ်တဲ့ ပုဂ္ဂိုလ်ငါးဦးရဲ့ ပုံတွေကို ရေးဆွဲပြီး ဂုဏ်ပြုသတဲ့။ ဂုဏ်ပြု ခံရတဲ့သူတွေကတော့မှာ လက်ဝဲ၀ါဒကနေ လက်ယာဝါဒကို ဂျာမန်နိုင်ငံရေး သမားကြီး ၀ီလီဘရန့် Willy Brandt၊ တိဗက် ဒလိုင်းလားမား၊ အိန္ဒိယ လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူ မဟတ္တမဂန္ဒီ၊ တောင်အာဖရိကရဲ့ ငြိမ်းချမ်းရေးရှင်ကြီးလို့ တင်စားခံရတဲ့ နယ်လ်ဆင် မင်ဒဲလားနဲ့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်တို့ပါ။

ဘာလင်တံတိုင်းအဖြစ် အသုံးပြုခဲ့တဲ့ ကွန်ကရစ်ပြားကြီးတွေပေါ်မှာ လွတ်လပ်ခြင်းနဲ့ ပတ်သက်လို့ မတူညီတဲ့ အမြင်တွေနဲ့ ပန်းချီပုံတွေ၊ စာတန်းတွေကို ရေးထိုး ထားပေမယ့်လည်း ထူးထူးခြားခြား လူပုဂ္ဂိုလ် ငါးဦးရဲ့ ပုံတွေကိုပဲ ထည့်သွင်းရေးဆွဲ ဂုဏ်ပြုထားတာပါ။ ဒီကွန်ကရစ်ပြားတွေ ကို ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ၀ယ်ယူပြီး အခုလို ပြုလုပ် ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသ အသီးသီးက ငြိမ်းချမ်းရေးအတွက် အကြမ်းဖက် လမ်းစဉ်ကို စွန့်လွှတ်၊ ငြိမ်းအေးတဲ့ လမ်းစဉ်နဲ့ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်ဆဲပုဂ္ဂိုလ်တွေကို ဂုဏ်ပြုခြင်း တစ်ရပ်လည်း ဖြစ်ပါ တယ်။ နောက်တစ်ခုက အဲဒီဘာလင်တံတိုင်း ကျောက်ပြားတွေဆိုတာ ခွဲခြား ခံထားရခြင်းရဲ့သင်္ကေတ အမှတ်အသားတစ်ခု၊ ပြည်သူတွေရဲ့ ညီညွတ်ခြင်းနဲ့ ပေါင်းစည်းခြင်း အချိန်မှာ စွန့်ပစ် ခံရတဲ့ ပစ္စည်း တစ်ခုပါ။ အခုတော့ ဒီစွန့်ပစ်ခံ အရာတွေရဲ့အပေါ်မှာ အကြမ်းမဖက်ခြင်း၊ လွတ်လပ်ခြင်းတို့နဲ့ ပတ်သက်လို့ အမျိုးမျိုး ရေးဆွဲ ခံရနေရသလို ဒီလမ်းစဉ်ကို တစိုက်မတ်မတ် ကျင့်သုံးခဲ့သူ၊ ကျင့်သုံးနေဆဲ သူတွေရဲ့ ရုပ်ပုံတွေဟာ ခမ်းနားထည်ဝါစွာ ရှိနေပါပြီ။

မြန်မာနိုင်ငံသား ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး ဂုဏ်ပြုခံရတာ မြင်တော့ နိုင်ငံသား တစ်ယောက် အနေနဲ့““ဒါမှတို့ဗမာ””ကွလို့ စိတ်ထဲမှာ ကြုံးဝါးမိတယ်။ ကိုယ့်တိုင်းပြည်က ပါတီတစ်ခုရဲ့ ခေါင်းဆောင်၊ အများက လူထုခေါင်းဆောင်လို့ အမည်တပ် ဂုဏ်ယူ ပြောဆို ခံနေရသူတစ်ဦးကို အခုလို ဂုဏ်ပြုတာဟာ ကိုယ့်နိုင်ငံအတွက် လက်ခမောင်းခတ် ဂုဏ်ယူရမယ့် ကိစ္စပါ။

အခုလိုမျိုး ကန့်သတ်ခြင်း သင်္ကေတ ဘာလင်တံတိုင်းပေါ် မှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ ရုပ်ပုံရေးဆွဲခံရတာ ဒုတိယအကြိမ်ပါ။ ၂၀၁၃ ခုနှစ်တုန်း အတွင်းမှာ ပထမအကြိမ်ရေးဆွဲ ခံရတာကတော့ သမ္မတ ဦးသိန်းစိန်ပါ။ ဒါပေမဲ့ ရေးဆွဲခံရတဲ့ အကြောင်းအရာ ကတော့ မတူပါဘူး။ ရေးဆွဲခံရတဲ့ အကြောင်းအရာက Dictator’s Wall တဲ့။ Dictator ဆိုတာ မြန်မာလိုဆို အာဏာရှင်လို့ အဓိပ္ပာယ် ရပါတယ်။သမ္မတ ဦးသိန်းစိန်နဲ့အတူ ဖော်ပြ ခံရတဲ့သူတွေက အီရန်သမ္မတ မာမွတ် အာမက်ဒီနေဂျက်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ၊ လစ်ဗျား ခေါင်းဆောင် ကဒါဖီ၊ ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ၊ ဆူဒန်သမ္မတ Omar Al-bashir၊ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ် အာဆတ်စတဲ့ အာဏာရှင်တွေနဲ့တွဲပြီး ဖော်ပြထားတာပါ။ သမ္မတဦးသိန်းစိန်ကို ဘာရည်ရွယ် ချက်နဲ့ အာဏာရှင်စာရင်းမှာ ထည့်သွင်းထားတယ် ဆိုတာကတော့ ရုပ်ပုံဖော်ညွှန်းတဲ့ သူတွေပဲ သိနိုင်မှာပါ။

သေချာတာ တစ်ခုကတော့ အရပ်ဝတ်လဲ အစိုးရခေါင်းဆောင် သမ္မတ ဦးသိန်းစိန်ကို အာဏာရှင်စာရင်းမှာ ထည့်သွင်း ရေးဆွဲခဲ့တာကတော့ အမှန်တကယ်ပါ။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ တွေးမိတာက မြန်မာနိုင်ငံရဲ့ အစိုးရ ခေါင်းဆောင်နဲ့ အတိုက်အခံ ခေါင်းဆောင်လို့ ခေါ်ရမယ့် သူနှစ်ဦးဟာ စည်းခြားခြင်း သင်္ကေတ ဘာလင် တံတိုင်းပေါ်မှာ မတူညီတဲ့ ခေါင်းစဉ်နှစ်ခု နဲ့ ဖော်ပြခံရတာဟာ နိုင်ငံတကာနဲ့ နိုင်ငံတကာက အနုပညာရှင် တွေရဲ့ စိတ်နှလုံးကို ဖော်ပြလိုက်တယ် ဆိုတာပါ။ တစ်ယောက်က အာဏာရှင်၊ တစ်ယောက်က ငြိမ်းချမ်းရေး သမား။ မတူညီမှုတွေနဲ့ တွဲစပ်ခံထားရတဲ့ အနုပညာ တစ်ရပ်ကို ဖော်ညွှန်း ထားသလိုပါပဲ။

တွေးမိတာလေးတစ်ခုကို ထပ်ပြီး ဖောက်သည်ချပါရစေ။

ပြည်ပက အနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးသမား၊ သမ္မတဦးသိန်းစိန်ကို အာဏာရှင်လို့ ပြောနေ၊ ပုံတွေရေးဆွဲ ဖော်ညွှန်းနေတဲ့ အပေါ် ကျွန်တော်တို့ ပြည်သူတွေကကော အဲဒီအတိုင်း မြင်ကြသလား၊ ဘယ်လိုမြင်ကြသလဲ ဆိုတာက တွေးတော ရတော့မှာပါ။ အဘက်ဘက်က ကျပ်တည်းမှုတွေနဲ့ ဘ၀ကိုဖြစ်သလို ရုန်းကန်နေရလို့ တွေးတော ချိန်တွေ ပျောက်ဆုံးလို့၊ မရှိလို့များ မတွေးတောမိကြတာလား။

ဒါဆိုရင် ကျွန်တော်တို့ အချက်အလက်တွေနဲ့ စဉ်းစားကြည့်ရအောင်။ စာဖတ်သူတို့လည်း ကျွန်တော် မေးချင်တဲ့ မေးခွန်းလေးကို ကိုယ့်ဘာသာကိုယ် ဖြေဆိုရင်း စဉ်းစားကြရအောင်။ အချိန်ရတယ် ဆိုရင်ပေါ့။

သမ္မတ ဦးသိန်းစိန်ကို နိုင်ငံ့ရဲ့ခေါင်းဆောင်အနေနဲ့ လက်ခံသလား။ ကျွန်တော့်အတွက် အဖြေက နှစ်ခု ထွက်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေအရတော့ လက်ခံတယ်။ ဒါပေမဲ့ လူထုက တင်မြှောက်တဲ့ သမ္မတ အဖြစ်တော့ လက်မခံနိုင်ဘူး။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုကော အကြမ်းမဖက် ငြိမ်းချမ်းရေး လမ်းစဉ်ကို ကိုင်စွဲထားသူအဖြစ် လက်ခံသလား။ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်လို့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး စစ်အစိုးရက အာဏာ မလွှဲပေးတဲ့အပေါ် ကြားဖြတ်အစိုးရဖွဲ့ဖို့ တိုက်တွန်းမှုတွေ ရှိပေမယ့် တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းချင်လို့ အတိုက်အခံတွေကြား အကွဲအပြဲတွေ ဖြစ်ကုန် ဖူးပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး နေအိမ်အကျယ်ချုပ် ချခံရပေမယ့် စစ်တပ်ကို မမုန်းပါဘူး၊ တွေ့ဆုံ ဆွေးနွေးရေး လုပ်ပါ့ရစေလို့ ကမ်းလှမ်းခဲ့သူပါ။

ဒါဆိုရင် ကျွန်တော်တို့ အလိုရှိတဲ့နိုင်ငံ ခေါင်းဆောင်နဲ့ အစိုးရဆိုတာက ဘယ်လိုမျိုးလဲ။ ထပ်ပြီး စဉ်းစား ရအောင်။ ဒီနေရာမှာ ကျွန်တော် ကတော့ ခေါင်းဆောင်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတွေကို ပြန်ကိုးကားချင်ပါတယ်။

““ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲရမယ်။ ညွှန်ပြရဲ ရမယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင် မဖြစ်စေရဘူး။ ကျွန်တော်ကတော့ လူတိုင်းအကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထု အကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ”” (ဗိုလ်ချုပ်အောင်ဆန်း – ၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)

နောက်ပြီး ဗိုလ်ချုပ်ပြောခဲ့တဲ့ အစိုးရနဲ့ ပတ်သက်တဲ့ စကားတစ်ခုကိုလည်း ထပ်ပြီး ကိုးကားပါရစေ။

““အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမ ခေတ်ကစပြီး ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့ တယ်။ ယခုခေတ်မှာတော့ ကားလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘော တရားဟာ တဖြည်းဖြည်း ခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံးတရား မဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလို သဘောအမျိုးမျိုး ဆိုပေမယ့် နိုင်ငံရေးဟာ စီးပွားရေး အုတ်မြစ်ပေါ်မှာ တည်တယ် ဆိုတာကတော့ ဘယ်သူမှ မငြင်းတော့ပါဘူး။

လူရယ်လို့ ဖြစ်လာရင် လူဟာ စားရမယ်၊ ၀တ်ရမယ်၊ နေရမယ်။ အဲဒီအစား အ၀တ်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ ၀တ္ထုပစ္စည်း အသုံးအဆောင်တွေကို ရှာကြံတဲ့ အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်း လုပ်ငန်းစနစ်တွေ ပေါ်လာတဲ့အခါ လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းမှု စနစ်ဟာ ပေါ်လာတယ်။ လူတန်းစား ခြားနားလာကြတယ်။ အဲဒီလိုခြားနား လာကြရာက အကျိုးချင်း ကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။

တင်မြှောက်တုန်းကတော့ လူတွေပဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘ၀သို့ ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ လူတွေက အာဏာအပ်လို့ ဖြစ်လာတာပါကလား ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။ အဲ ရှင်ဘုရင် စနစ်လို သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာ ရှိတော့မလဲ”” (ဗိုလ်ချုပ်အောင်ဆန်း (၂၀-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတွင် မိန့်မြွက်ခဲ့သည့် ညီလာခံမိန့်ခွန်းမှ)

ကဲ . . .ကျွန်တော်ကတော့ ဗိုလ်ချုပ် ပြောခဲ့သလို နိုင်ငံ့ခေါင်းဆောင်မျိုး ဦးဆောင်တဲ့၊ ပြည်သူက ယုံယုံ ကြည်ကြည် လေးလေးစားစား အားကိုးတကြီး တင်မြှောက်ခွင့်ရတဲ့ အစိုးရအဖွဲ့မျိုးသာ ရခဲ့မယ်ဆိုရင်ဖြင့် အတိတ်က ရွှေထီးဆောင်းခဲ့ရတဲ့ မြန်မာပြည်မျိုး ပြန်လည်ရရှိမှာ မလွဲဧကန်ပါပဲ။

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment