စစ်တပ်မှ နှိပ်စက်မှုကြောင့် မြေပုံမြို့နယ်မှ ရွာသားတစ်ဦး မျ က်လုံးတစ်ဖက် ဒဏ်ရာရရှိ

မျက်လုံးတစ်ဖက် ဒဏ်ရာရသွားသူ မောင်ရွှေမြ ( ဓါတ်ပုံ- နိရဉ္စရာ) 

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာမှ မောင်ရွှေမြင့်ဆိုသူမှာ စစ်သားအချို့၏ နှိပ်စက်မူ ကြောင့် မျက်လုံးတစ်ဖက် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ နှိပ်စက်ခံရခြင်းမှာ တစ်ရွာတည်းနေ ဦးဖိုးဗာကြီးဆိုသူနှင့် သောက်စားမူးယစ်ပြီး အချင်းချင်း ရန်ဖြစ်စကားများကာ တုတ်ဆွဲ ဓါးဆွဲဖြစ်ကြရာမှ စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရ၍ ဖြစ်သည်ဟု စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသမူ ခံယူရန် ရောက်ရှိနေသော မောင်ရွှေမြင့်က ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျွန်းသာယာကျေးရွာရှိ ဦးဖိုးဗာကြီးဆိုသူနှင့် မောင်ရွှေမြင့်တို့ နှစ်ဦးမှာ သောက်စားမူးယစ်ပြီး အချင်းချင်းရန်ဖြစ် စကားများပြီး တုတ်ဆွဲဓါးဆွဲဖြစ်ခဲ့ကြသည်။

ယင်းသို့ ဖြစ်ပွားပြီးနောက် ဦးဖိုးဗာကြီးက ၄င်းတို့ ရွာရှိ အမြောက်တပ် အမတ(၃၇၇) တပ်ခွဲသို့ သွားရောက် တိုင်တန်းခဲ့သည်ဟု ဆိုသည်။

မောင်ရွှေမြင့်အား စစ်တပ်မှ စက်တင်ဘာလ ၂၂ ရက်နေ့နံနက် ၁၀ နာရီတွင် လာရောက် ခေါ်ဆောင် သွားပြီး ထိပ်တုံးခတ် ဖမ်းဆီးကာ မျက်လုံးတစ်ဖက်အားလည်း ဖယောင်းစက်များချကာ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်ဟု ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး မောင်ရွှေမြင့်က “ကျနော်ကို ပြဿနာဖြစ်ပြီး မိုးလင်းတော့ စစ်တပ်ကလာဖမ်းပါတယ်။ နှစ်ယောက်လုံး သောက်စားပြီး ဖြစ်ကြတာပါ။ ဦးဖိုးဗာကြီးရဲ့ သမီးနှစ်ယောက်က အမတ(၃၇၇)က တပ်သားတွေနဲ့ ညားနေကြတာဆိုတော့ တပ်ကိုသွားတိုင်ပါတယ်။ ကျနော်တပ်ကို ရောက်သွားတော့ ဗိုလ်ကြီး အောင်ကိုကိုကျော်က ခင်းဗျားကို ဒဏ်ပေးတဲ့အနေနဲ့ ဒီနေ့ည ဒီမှာ အိပ်ရမယ်ပြောတယ်။ ပြီးတော့ ကျနော့် အမေနဲ့ကျနော်ကိုနေ့လည် ၂ နာရီကစပြီး ၄ နာရီအထိတောင်ပေါ်ရှိမြက်တွေကို ပေါက်ခိုင်းပါတယ်” ဟု ဆိုသည်။

ဆက်လက်ပြီးမောင်ရွေမြင့်က သူ့အား နှိပ်စက်ပုံကို ယခုလိုဆက်ပြောသည်။

“ ညနေ ၄ နာရီခွဲတော့ ကျနော်ကို ထိပ်တုံးခတ်တယ်။ ၅ နာရီခွဲလောက်မှာ ရေချိုး ထမင်းစားခိုင်းပါတယ်။ ပြီးတော့ ညနေ ၆ နာရီကျော်လောက်မှာ ဗိုလ်ကြီး အောင်ကိုကိုကျော် တပည့်တွေက ကျနော်လည်မြိုကို ဖျစ်ပြီး ဗိုက်ကို တန်းတောင်ဆစ်တွေနဲ့ ထိုး၊ ခြေတွေနဲ့ တက်နင်းပါတယ်။ ပြီးတော့ ကျနော်မျက်လုံးကို အပေါ်မှ မီးတိုင်ထွန်းပြီး ဖယာင်းစက်တွေချပါတယ်။ သူတို့နှိပ်စက်ပြီး ၁၂ နာရီကျော်မှ ကျနော်ကိုအိပ်ခိုင်းပါတယ်။ တစ်ညလုံး နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ကျနော် အိပ်မပျော်ခဲ့ပါဘူး” ဟု သူက ဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် မောင်ရွှေမြင့်၏ ဇနီး ရောက်ရှိလာကြောင်း၊ ယောင်္ကျားဖြစ်သူ နာကြင်မှု ဝေဒနာများ ခံစားနေရခြင်းကို မြင်တွေ့ပြီး ဗိုလ်ကြီးအောင်ကိုကိုကျော်အား မေးမြန်းကြောင်း၊ ဗိုလ်ကြီးက ယခုလို ပြောဆိုခဲ့ကြောင်း မောင်ရွှေမြင့်၏ ဇနီးကဆိုသည်။

“ ခင်ဗျား ယောင်္ကျားက ငါတို့ ခိုင်းစေတာ ကို မထီမဲမြင်လုပ်တဲ့ အတွက် ငါ့တပည့်တွေကို ငါကိုယ်တိုင် ရိုက်ခိုင်းတာ။ ပီးရင် ကိုမောင်ရွှေမြင့်ရဲ့ မိခင်နဲ့ ကျွန်မကိုလည်း  ဗိုလ်ကြီးအောင်ကိုကိုကျော်က ခြေကိုင်ပြီး ရှိခိုး တောင်းပန်ခိုင်းပါတယ်။ သူပြောတဲ့ အတိုင်း ရှိခိုးတောင်းပန်ပြီးမှ ကိုမောင်ရွှေမြကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ဆိုသည်။

စစ်တပ်မှ ပြန်လွှတ်ပေးလိုက်ပြီးနောက် မောင်ရွှေမြင့်မှာ တစ်ညလုံး ညှင်းပန်းနှိပ်စက်မှုများကြောင့် ဗိုက်နာပြီး ဘယ်ဘက် မျက်လုံးတစ်ဖက်မှာလည်း မှုန်ဝါးကာ အလင်းရောင်အား လုံးဝမမြင်ရတော့သဖြင့် ကျေးရွာရှိ ကျန်းမာရေးမှူးအား သွားပြရာ စစ်တွေသို့အချိန်မှီ ဆေးကုသရန်စေလွှတ်ခဲ့သည်ဟု ပြောသည်။

ယခုအခါ မောင်ရွှေမြင့်မှာ စစ်တွေ ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ဘယ်ဖက် မျက်လုံးအား ခွဲစိတ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျွန်းသာယာကျေးရွာအုပ်ချုပ်ရေးမှူးအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ မောင်ရွေမြင့်အား အမတ(၃၇၇)တပ်ခွဲမှ အထက်ဖေါ်ပြပါ အတိုင်း ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။


(နိရဉ္စရာ-၂၇ စက်တင်ဘာ ၂၀၁၄)/ နှင်းသန္တာ
http://www.narinjara.com/burmese/?p=12001
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment