ထူးမခြားနား ထိပ်သီးတွေ့ဆုံပွဲ – ထက်မြက်

ပြည်သူကသာ သူ့လိုအင်ဆန္ဒကို ပြတ်ပြတ်သားသား တောင်းဆို မည်ဆိုလျှင် ပြည်သူအားဖြင့် ပင်လယ်ကြီး ကိုလည်း ဖျက်သွားနိုင်သည်။ ဧ၀ရက်တောင်ကြီးကိုလည်း ဖြိုချသွားနိုင်ပါသည်။ ထိုအခြေအနေကို ပြည်သူ့ ဆန္ဒအား သံသယ၀င်နေတတ်သော အတိုက်အခံများရော၊ တချို့နိုင်ငံရေး ခေါင်းဆောင်များရော သိရှိဖို့ လိုသည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အောက်တိုဘာ ၃၁ ရက်က သမ္မတ အိမ်တော်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသော အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီ တစ်စုကို ကိုယ်စားပြုသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLDပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ခဲ့လေသည်။ အစိုးရအဖွဲ့၏ ထိပ်သီးများအဖြစ် သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့ တက်ရောက် လာခဲ့သလို တပ်မတော်ကို ကိုယ်စားပြုပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ တက်ရောက်ခဲ့သည်။ လွှတ်တော်ကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ တက်ရောက်ခဲ့ပြီး ဦးခင်မောင်ဆွေ၊ ဦးဌေးဦး၊ ဦးသိန်းထွန်း၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းအိုက်ပေါင်း တို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လည်း ထိုထိပ်သီး ၁၄ ဦး တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ပါသည်။

နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ကျင်းပသော နိုင်ငံ၏ ထိပ်သီး ၁၄ ယောက် တွေ့ဆုံပွဲ၏ အဆက်မှာ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသော ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို ချေဖျက်လိုက်ခြင်းသာ ဖြစ်သည်။ ထို့ပြင် ယနေ့ ဖြစ်ပေါ်နေသော အကျပ်အတည်း၊ တပ်မတော်အပေါ် ပြည်သူလူထုက ယုံကြည်မှု ပျက်ယွင်းနေသည်ကို တစ်စုံတစ်ရာ ဖြေလျှော့ပေးလိုသည့် သဘောဖြင့် ထိုထိပ်သီး တွေ့ဆုံပွဲ ကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ၃၁ ရက် တွေ့ဆုံဖို့အတွက် ၂၈ ရက်တွင် အကြောင်းကြားကာ ကသုတ်ကရက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အစိုးရ ဘက်ကမူ အနည်းငယ် ညှိနှိုင်း နေနိုင်သော်လည်း သူတို့အတွက်မူ အတိုက်အခံများဘက် မှ တောင်းဆိုမည့် အချက်များကို သိနေ၍ လိုက်လျောလိမ့်မည် မဟုတ်။ လေးနက်သော အကြံဉာဏ်များကိုယူသော တွေ့ဆုံ ပွဲလည်း မဟုတ်ပေ။ အတိုက်အခံများဘက်မှ အကြံဉာဏ်များကိုယူဖို့ သဘောထားရှိပုံ မရဘဲ မတွေ့လျှင် မကောင်းသော အခြေအနေများကြောင့် တွေ့လိုက်ပုံ ရလေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးလျှင် ၁၀ မိနစ် လောက်သာ ဆွေးနွေးစကား ပြောခွင့် ရသောကြောင့်ပင်။ အာဆီယံ ထိပ်သီး ညီလာခံ ကျင်းပမည်ဖြစ်ရာ ထိုပွဲသို့ အမေရိကန်သမ္မတ အိုဘားမားလည်း ရောက် လာမည် ဖြစ်သောကြောင့် ပြုပြင်ပြောင်းလဲရေး လေသံလေး နည်းနည်းဖြစ်အောင် အိုဘားမားအစိုးရက တိုက်တွန်းခဲ့သည်။ ထို့ကြောင့် ၄ ပွင့်ဆိုင် တွေ့ဆုံပွဲကို ငြင်းကာ ၁၄ ပွင့်ဆိုင် တွေ့ဆုံ၍ ဟန်ပြသဘော ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန် သုံးသပ်ကြလေသည်။

ယခုတွေ့ဆုံပွဲမှာ အစိုးရအဖွဲ့သစ် လက်ထက်၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း အထွေအထူး တွေ့ဆုံခဲ့ခြင်းကား မဟုတ်။ တိုင်းပြည်၏ လောလောဆယ် အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သည့် ဆွေးနွေးပွဲလည်း မဟုတ်ပေ။ ယနေ့အတိုက်အခံများနှင့် ပြည်သူတစ်ရပ်လုံး (သာဓကပြရလျှင် လပိုင်းအတွင်း လက်မှတ်ရေးထိုး တင်ပြလိုက်သည့် ပြည်သူ ၅ သန်း)ခန့်က အလေးအနက် တောင်းဆိုနေသော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ (ထိုအထဲတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး၊ ပုဒ်မ ၁၈ ဖျက် သိမ်းပေးရေး၊ PR စနစ် ဖျက်သိမ်းပေးရေးတို့ ပါဝင်သည်။) ထိုအကြောင်းကို အစိုးရဘက်က လွှတ်တော် ထဲ၌သာ ပြင်ရမည်ဟု မာမာတင်းတင်း ပြတ်ပြတ်သားသား ပြောဆိုနေခြင်းသာ ရှိသည်။ တိုင်းရင်းသား ကိုယ်စားလှယ်များကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် တပ်မတော်က တင်ပြသော အချက် ၆ ချက်ကို ဆွေးနွေးရန် တင်ပြခဲ့သော် လည်း ပြေလည်အောင် ညှိနှိုင်း ဆွေးနွေးခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ထိုတွေ့ဆုံပွဲမှာ ထူးခြားဆန်းသစ်ခြင်း မရှိဟု သုံးသပ်ကြခြင်းဖြစ်၏။ ထိုကဲ့သို့ လုပ်ရပ်မျိုးမှာ ယခင်စစ်အစိုးရ လက်ထက်ကတည်းက ဟန်ပြတွေ့ဆုံမှုများ ပြုလုပ် ခဲ့သောကြောင့် ပြည်သူများမှာ မီဒီယာများတွင် တွေ့ရှိ နားထောင် ဖတ်ရှုခဲ့ရသော်လည်း အလေးအနက် မရှိခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် ချက်ချင်းတွေ့ဆုံမှု၊ အချိန်ပိုင်းလောက်သာ ဆွေးနွေးခွင့် ပေးသောကြောင့် လေးလေး နက်နက် တွေ့ဆုံသော ဆွေးနွေးပွဲများ မဖြစ်နိုင်ဟု သုံးသပ်ခဲ့ကြပါသည်။ မြန်မာ့နိုင်ငံရေး တွေ့ဆုံပွဲများတွင် အုပ်စိုးသူများသည် မည်ကာမတ္တသာလုပ်ပြီး ဖဆပလခေတ်တွင်ရော၊ မဆလခေတ်တွင်ရော၊ စစ်အစိုးရ ခေတ်တွင်ရော လူမြင်ကောင်းအောင် လုပ်ခြင်းသာရှိပြီး ထိပ်သီး စစ်အာဏာရှင်များ ချမှတ်ခဲ့သော လမ်း ကြောင်း အတိုင်းသာ တွေ့ဆုံဆွေးနွေးခြင်း ဆိုသည်ကို လုပ်ဆောင်ခဲ့ပြီး အတိုက်အခံများဆီမှ အကြံဉာဏ် သဘောထား တောင်းယူခြင်း မရှိခဲ့ပေ။ ဗိုလ်သန်းရွှေ လက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နာရီ ပိုင်းသာ တွေ့ဆုံကာ ဓာတ်ပုံများရိုက်ပြီး လူမြင်ကောင်းအောင် လုပ်ခဲ့သည်။ လူထုကို လိမ်လည်လှည့်ဖြားပြီး သူတို့ကောင်းဖို့ အတွက်သာ လုပ်ခဲ့၏။ ထိုသို့ ထင်ရာစိုင်းခဲ့သောကြောင့် နိုင်ငံတကာက ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။ တိုင်းပြည်မှာ ဖြူခါပြာခါကျကာ လက်ဖြန့်ခံဘ၀သို့ ရောက်ရှိခဲ့လေသည်။ ထိုသို့ အခြေအနေ ဆိုးလာသည်ကို သဘောပေါက်လာသော စစ်အာဏာရှင်တို့သည် ဆင်ကြံကြံလာကြ၏။ ဒီမိုကရေစီကို အော်ကာ လမ်းပြမြေပုံရေးဆွဲ၍ တိုင်းပြည်နှင့်ကမ္ဘာကို လိမ်ညာခဲ့ခြင်းဖြစ်ပါသည်။ ထိုအဖြစ်များကို မိမိဆန္ဒစွဲဖြင့် ရေးခဲ့ခြင်း မဟုတ်ပေ။ စာဖတ်သူများ လေ့လာကြည့်လျှင် ငြင်း၍မရကြောင်း သိလာပေမည်။ တချို့ပိတ်ဆို့ ထားသည်များကို တစ်စုံတစ်ရာ ဖွင့်ပေးသည်မျိုးရှိ၏။ ဥပမာ စာပေနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်များ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို လက်ခံခြင်းများ၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံခြင်းများ ရှိခဲ့သော်လည်း အတိုက်အခံများ အာဏာရလောက်သည်အထိ လွတ်လပ်ခြင်းမျိုး မရှိခဲ့ပေ။ ယခုထိပ်သီး စည်းဝေးပွဲတွင် ထွေထွေထူးထူး ဆွေးနွေးခြင်း မရှိသည်ကို သိသောကြောင့် ဒေါ်အောင်ဆန်း စုကြည်က ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထိပ်သီးစည်းဝေးပွဲတွင် ၂၀၀၈ မပြင်ပေးပါက ရင်ဆိုင်ရမည့် ပြဿနာများကို သမ္မတက ကြိုတွက်ကာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်လျှင် လွှတ်တော်ထဲမှသာ ပြင်ရမည်ဟု ထိပ်သီးများကို သွေးဆောင်စည်းရုံး ခဲ့ပုံလည်းရသည်။ ထို့ကြောင့် ထိပ်သီးများသည် ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲ၌သာ ပြင်ရမည်ကို တစ်သံတည်း သဘောတူကြောင်း ကြေညာခဲ့လေသည်။ ၂၀၀၈ ပြင်ဆင်ကြောင်း အခြေအနေမျိုးကို လွှတ်တော်ထဲကသာ သဘောထား ပေးရမည်ဆိုသော အခြေအနေကို မည်သူကမျှ အာမခံပေးနိုင်မည်မထင်ပေ။ ထိုပြဿနာသည် ပြည်သူတစ်ရပ်လုံးအတွက် အဆိုးအကောင်း ပြဿနာဖြစ်သည်။ ထိုပြဿနာကို ထိပ်သီး ၁၄ ယောက်က ဆုံးဖြတ်၍ မရနိုင်ပေ။ သူတို့လည်း တာဝန် မယူနိုင်သလို ပြည်သူကလည်း တာဝန်ယူခိုင်းလိမ့်မည် မဟုတ်ပေ။ ပြည်သူကသာ သူ့လိုအင်ဆန္ဒကို ပြတ်ပြတ်သားသား တောင်းဆိုမည်ဆိုလျှင် ပြည်သူအားဖြင့် ပင်လယ်ကြီးကိုလည်း ဖျက်သွားနိုင်သည်။ ဧ၀ရက် တောင်ကြီးကိုလည်း ဖြိုချသွားနိုင်ပါသည်။ ထိုအခြေအနေကို ပြည်သူ့ဆန္ဒအား သံသယ ၀င်နေတတ်သော အတိုက်အခံများရော၊ တချို့နိုင်ငံရေး ခေါင်းဆောင်များရော သိရှိဖို့လိုသည်။ ကိုလိုနီနယ်ချဲ့များနှင့် ဖက်ဆစ် ဂျပန်များကို အသက်ပေး၍ ဓားဖြင့် ၀င်ခုတ်ခဲ့ကြ၏။ အသိသာဆုံးမှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး၏ တိုက်ပွဲဝင်မှု ဖြစ်ပြီး ပြန်စဉ်းစားလျှင် သမိုင်းဘီး၏ လည်ပတ်မှုကို ပိတ်ပင်နေသူများ၊ ပြည်သူ၏ လိုအင်ဆန္ဒကို ငြင်းပယ် နေသူများအတွက် ကြက်သီးထမိပါသည်။

အစိုးရအဖွဲ့သစ် တက်လာပြီး ၄ နှစ် နီးပါး သက်တမ်းတွင် စနစ်ကျသော တွေ့ဆုံဆွေးနွေးပွဲ တစ်ခုမျှ မရှိပေ။ ယခုထိပ်သီး တွေ့ဆုံပွဲမှာ တချို့ဝေဖန်ကြသလို ဓာတ်ပုံရိုက် ကောင်းရုံ တွေ့ဆုံပွဲ ဖြစ်သလို သာကြောင်း၊ မာကြောင်း တွေ့ဆုံမေးမြန်း ကြသည့်အဖြစ် သဘောမျိုး တွေ့ဆုံပွဲလည်း ဖြစ်နေ၏။ မတွေ့ခြင်းထက် စာလျှင် တွေ့ ခြင်းက ပိုကောင်းသည်ဟု ပြောကြသော်လည်း တွေ့ရုံသက်သက် တွေ့ခြင်းမှာ အခြေအနေကောင်း တစ်ခုကို မည်သို့ပြုလုပ် နိုင်ပါမည်နည်း။ ယခင်က တူတာတွဲလုပ်၊ မတူတာ ခွဲလုပ်ဆိုသည်မျိုး ဆွေးနွေးခဲ့သော် လည်း မတူတာက များနေ၏။ ဒေါ်အောင်ဆန်းစုကြည်က အတတ်နိုင်ဆုံး တူအောင် ကြိုးစားခဲ့လေသည်။ ထို့ကြောင့်လည်း NLD ၏ ယခင်က ရည်မှန်းချက်များကို ဘေးချကာ လွှတ်တော်ထဲကို ၀င်လိုက်သည်။ လွှတ်တော်ထဲတွင်လည်း ပြတ်သားသော အတိုက်အခံ ပါတီမျိုးလို မရပ်တည်နိုင်ခဲ့ပေ။ ဖဆပလခေတ်က အတိုက်အခံ ပမညတများမှာ ၄၀ ကျော်သာ ရှိသော်လည်း ပြတ် သားပြောင်မြောက်သော ဆွေးနွေးဝေဖန်ချက် များသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထင်ရှားစွာ ကျန်ရစ်ခဲ့သည်။ ကာကွယ်ရေး ဘတ်ဂျက်ကို ပေါရိသာရ ဘတ်ဂျက်ဟု ဝေဖန်ခဲ့ခြင်းမျိုး၊ ၀ိဓူရ သခင်ချစ်မောင်ဟု နာမည် တွင်ကျန်ရစ်လောက်အောင် အုပ်စိုးသူ အစိုးရ၏ လုပ်ရပ်အပေါ် ခြေခြေမြစ်မြစ်၊ ပြတ်ပြတ်သားသား ဝေဖန်ခဲ့မှုများသည် မြန်မာ့လွှတ်တော် သမိုင်းတွင် ယနေ့အထိ ရှိနေခဲ့ပါသည်။ အတိုက်အခံတို့သည် ယခုအချိန်ထိ ဘာကိုမှ ထိပ်တိုက် မရင်ဆိုင်ခဲ့ပေ။ ပြုပြင် ပြောင်းလဲမည်ဟု ကတိအာမခံများ ကျယ်ကျယ်လောင်လောင် ပေးလာ သည်ကို မျှော်ရင်းမျှော်ရင်းဖြင့် ပထမ သက်တမ်း ကုန်ဆုံးဖို့ အချိန်နီးလာလေသည်။ ၄ နှစ်ထဲ ၀င်လာသည်။ ၅ နှစ်သို့ ရောက်တော့မည်။ အတိုက်အခံ များကလည်း (NLD ရော ၈၈ တို့ပါ) တွေ့ဆုံ ဆွေးနွေးပွဲကို မှန်မှန်ကန်ကန် ခြေခြေမြစ်မြစ် လုပ်မလားဟု မျှော်လင့်သည်။ တွေ့ ဆုံ ဆွေးနွေးပွဲ လုပ်မည်။ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်မည်ဟု ရိုးရိုးသားသား သဘောထား ခဲ့သော်လည်း ဦးသိန်းစိန် အစိုးရသည် ယခင်ဗိုလ်သန်းရွှေ အစိုးရ အတိုင်းပင် တစ်မူးသားမျှ မလျှော့ဘဲ ရာနှုန်းပြည့် အမြတ်လိုချင်သည့် သဘောဖြင့် အတိုက်အခံများအတွက် ဘာအခွင့်အရေးမှ မပေးခဲ့။ ထို့ကြောင့် အတိုက်အခံများမှာ ““ငွေစိန်လှေလှော်ရင်း တက်ကျိုး ကုန်ကြတော့သည်”” သူတို့ မျှော်လင့်သော ဆိုရှယ်လစ်စနစ်သို့ သွားမလားဟု မျှော်တလင့်လင့် ဖြစ်နေသော သခင်သိန်းဖေမြင့်တို့၊ ၀ိဓူရ သခင်ချစ်မောင် တို့လို နိုင်ငံရေးသမားများနှင့် တူပါတော့သည်။ ဗိုလ်နေ၀င်းအစိုးရမှာ ကြွယ်ဝ သထက် ကြွယ်ဝနှင့် နောက်ဆုံး ၈၈ အရေးတော်ပုံကြီး ဖြစ်ပေါ်လာကာ ထိုလူရမ်းကားများကို ဖြုတ်ချ ပစ်လိုက်တော့ သည်။ ထို့ကြောင့် သူတို့၏ ဇာတိရုပ်အပေါ် သဘောပေါက်သူတိုင်းက ထိုထိပ်သီးတွေ့ဆုံပွဲကို မျှော်လင့်ချက် မထားကြပေ။ ထူးခြား သည်ဟုလည်း မယုံကြည်ခဲ့ကြပေ။ အရေးကြီးသည်မှာ အနာဂတ်ကို ဖန်တီးသူများ မှာ ပြည်သူလူထုသာဖြစ်၏။ ထို့အတူ ပြည်သူကပင်လျှင် သမိုင်းကို ဖန်တီးပေလိမ့်မည်။

ထက်မြက်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment