ဆယ့်နှစ်ပွဲဈေးသည် မမြချယ်

မမြချယ် နေမကောင်း ဖြစ်နေသည်မှာ ဆယ်ရက်ကျော် လေပြီ။ သူမှ မဖြစ်ရင်လည်း ဖြစ်မည့်သူ မရှိတော့ပေ။ တစ်မနက်ခင်းလုံး အပူဒဏ်ခံ အလုပ်လုပ်။ နေ့လယ်ကျ ခရီးဝေးကို ကားစီးပြီး သွားကာ ညကြီးမိုးချုပ် (သို့မဟုတ်) နံနက်လင်းမှ ပြန်ရောက်သည်။ မမြချယ်၏ အလုပ်မှာ နီးစပ်ရာ ဘုရားပွဲဈေး များတွင် မုန့်ရောင်းသော အလုပ် ဖြစ်သည်။ သူနေထိုင်ရာ ဇာတိဖြစ်သော မတ္တရာမှ အခြား နေ့ချင်းပေါက် ခရီး ရောက်သည့် နေရာများသို့ ဈေးလိုက်ရောင်း ခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသည်မှာ ဆယ်စုနှစ် တစ်စု မကကြာပြီ ဖြစ်သည်။

အစ်မကြီး မြသွယ်နှင့် ညီမ မြငယ် မွေးချင်း သုံးယောက်တွင် မမြချယ် မှာ သမီးအလတ် ဖြစ်သည်။ အမေသည် သမီးများကို ဆင်စီးပြီး မြင်းရံရန် ထက် စိန်စီပြီး မြချယ်ရန် သည်လို အမည်များ ပေးခဲ့သည် ထင်သည်။ သို့သော် မမြချယ်မှာ ကံမကောင်း ခဲ့ပါ။ မိဘများ မရှိသည့် နောက်တွင် အားကိုးရမည့်သူ အဖြစ် ကလေးများ၏ အဖေကို ရွေးချယ်ခဲ့သည်။ ထိုသို့ ရွေးချယ် လိုက်မှ မမြချယ် တစ်ယောက် ဈေးသည်ဘဝ လုံးလုံး ရောက်ရ တော့သည်။ မကြာပါ ကလေးနှစ်ယောက် နှင့် မုဆိုးမဘွဲ့ ကိုပါ ထပ်ရသည်။ ဇနီးမယား နှင့် သားသမီးကို လုပ်မကျွေးဘဲ အရက်သမား အမည်ခံ အသက်ရှင် နေခြင်းထက် ယခုလို ဘဝနိဂုံးချုပ် သွားတော့လည်း သွားလေသူ အတွက် အကောင်းသားဟု တွေးပြီး ဖြေမိသည်။

နေထိုင် မကောင်းသည့် အချိန်မို့ အတွေးများက တောင်ရောက် မြောက်ရောက်။ ဈေးသည်ပီပီ အငြိမ် မနေတတ်သော မမြချယ် တစ်ယောက် ယခုကဲ့သို့ အိပ်ရာထဲ လှဲနေရ ချိန်တွင် စိတ်က ပိုမသက်သာလှ။ သည်ကြားထဲ ဈေးရောင်း၊ ဈေးဝယ် မကောင်းသဖြင့် ဖျားသည်ကိုပင် မိမိကိုယ်ကို ဒေါသထွက်ကာ 'ဟင်း' ခနဲနေအောင် သက်ပြင်း တစ်ချက် ချမိသည်။ ဘေးမှ သမီးဖြစ်သူက မမြချယ် သက်ပြင်းချ သည်ကို ကြားသဖြင့် ''အမေဘာလို့ သက်ပြင်းတွေ ချနေတာလဲ'' ဟု မေးရှာသည်။ မမြချယ် ဘာပြော ရမည်နည်း။ ကျောင်းစာကို လိုလိုလားလား ကြိုးစား သင်နေသော သည် သမီးနှင့် သားကို မမြချယ် တစ်ယောက် သူမ၏ဒုက္ခ များကို ပြောမထွက်။ မပြောပြ ရက်ပေ။ သမီးနှင့် သားမှာ သူမ မျက်နှာကို ကြည့်ကာ နေကြသည့် ကလေးများ ဖြစ်ကြသဖြင့် မျက်နှာ မညှိုးရဲသလို သည်အခက်အခဲ များကို ပြောမပြနိုင် ခဲ့ပေ။ ''ဘာမှ မဖြစ်ပါဘူး အေ'' ဟုပြောလျက် တစ်ဖက်သို့ လှည့်လိုက်သည်။ အတွေးများ ကတော့ အရင်လက ဘုရားပွဲဈေး သွားရောင်းသည့် အချိန်သို့ ပြန်ရောက် သွားသည်။

မမြချယ် တစ်ယောက် မတ္တရာနှင့် အတန်ငယ် လှမ်းသော ရွှေဘို၊ ရေဦး၊ ခင်ဦး နှင့် မန္တလေး ဘုရားပွဲ တို့တွင် မုန့်လိုက် ရောင်းသည်။ ယခုလည်း မန္တလေး ကျောက်တော်ကြီး ဘုရားပွဲတွင် မုန့်ခေါပြင် ရောင်းရန် သွားခြင်း ဖြစ်သည်။ မုန့်ခေါပြင် အတွက် လိုအပ်သော မုန့်အပြင် ဆီ၊ မြေပဲဆားထောင်း၊ သကြား နှင့် အုန်းသီးတို့ကို သေချာ ပြင်ဆင်ကာ တောင်းထဲ ထည့်သည်။ အုန်းသီးကို ခြစ်ပြီးယူလျှင် သယ်ရ  သက်သာ သော်လည်း ရောက်မည့် အချိန်နှင့် ရောင်းမည့် နေရာက မသေချာ သဖြင့် အုန်းသီးအနံ့ မထွက်စေရန် အလုံးနှင့်အခြမ်း မျှသယ် ရသည်။ မိမိ အတွက်ကတော့ ရေတစ်ဘူး ပါလျှင် ရသည်။ ဆာလျှင် မုန့်လေး စားလိုက် ရေသောက်လိုက် နှင့် နေလို့ရသည်။ ညနေဘုရားပွဲ လူစည်ချိန် မီရန် နေ့လယ်ကပင် ပြင်ဆင်ကာ ကားစောင့်စီး ရသည်။ ကားသမား များကလည်း မလွယ်လှ။ ကားခ ဈေးကြီး ပေးရသည့် အပြင် မုန့်တောင်းပါ သဖြင့် တောင်းဖိုးပါ ပိုပေးရသည်။ တောင်းပါလျှင် မတင်ချင်ကြ သောကြောင့် မနည်း တောင်းပန် ရသည်။ သူတို့ အနေဖြင့်လည်း ဟုတ်ပါသည်။ လူကျပ်သည့် ကားပေါ်တွင် တောင်းကြီး တကားကား နှင့် အများကိုလည်း အနှောင့်အယှက် ဖြစ်သည့်အပြင် တောင်းက နေရာယူသေး သည်မဟုတ် ပါလား။ တောင်းကို ကားခေါင်မိုး ထက်တွင် တင်လို့ရအောင် မမြချယ် တစ်ယောက် အိမ်ကတည်းက ပြင်ဆင်ထားသည်။ ပုဆိုးအုပ် ထားသော တောင်းအပေါ်တွင် ပလတ်စတစ် စကြီးကြီး တစ်ခုဖြင့် ထပ်အုပ်ကာ ကြိုးဖြင့် ချည်ပိတ် ထားသည်။ မုန့်တောင်းထဲ ဖုန်မဝင်စေရန် ဖြစ်သည်။ စားကောင်းသော မုန့်ဖြစ်သော်လည်း သဲပါက မည်သူမျှ စားချင်မည် မဟုတ်ပေ။

ကားပေါ်တက်ပြီး သည်နှင့် လက်ထဲမှာ အသင့်ကိုင် လာသော ပလတ်စတစ်အိတ် နှင့် ထည့်ထားသည့် မုန့်တစ်ထုပ် ကို ကားစပယ်ယာ ထံ ပေးလိုက်သည်။ ပြုံးယောင်သမ်း သွားသော စပယ်ယာ မျက်နှာတွင် အားနာမှု တစ်စုံတစ်ရာ မတွေ့ရ သော်လည်း မမြချယ် ကျေနပ်မိသည်။ ကားဆရာ ကတော့ ပေးစရာ မလိုပေ။ လိုင်းကားစီးလျှင် အချက်အချာမှာ ကားဆရာ မဟုတ်၊ ကားစပယ်ယာ ဖြစ်သည်။ ကားစပယ်ယာ  က ရပ်ဆိုလျှင် ကားဆရာက ရပ်ပေးရသည် မဟုတ်ပါလား။ တောင်းများ ပါသဖြင့် ရပ်မပေးသော ကားများနှင့် အကြိမ်ကြိမ် ကြုံဖူးတော့ မမြချယ် တစ်ယောက် နပ်နေလေပြီ။ အခုတော့ ကားစပယ်ယာ အတော်များများ ကို မုန့်ပေးပေါင်း ထားသဖြင့် မမြချယ်ဆို ကားသမား အတော်များများ က ကားရပ်ပေး ကြသည်။ အတူ ဈေးရောင်း လိုက်သည့် သူများကလည်း မမြချယ်နှင့် သာ အတူလိုက်ချင် ကြသည်။ ကားအကြာကြီး စောင့်စရာ မလိုဟု ပြောကြသည်။ ကား အဆင်ပြေ တော့လည်း ဈေးရောင်း ရမည့်နေရာက အဆင်ပြေ၊ မပြေ ရှာရသေးသည်။ ဘုရားပွဲ အဝင်အဝနား လူသွား လူလာများသော နေရာများတွင် တောင်းကလေးများ ကိုယ်စီချကာ မိမိတို့ ပါလာသော မုန့်များကို ပြင်ဆင် ကြသည်။ အတော် ရောင်းကောင်း ပါသည်။

သည်လို တောမုန့်မျိုး လတ်လတ် ဆတ်ဆတ်ကို မြို့ကြီးသူ မြို့ကြီးသားများ အတော် ကြိုက်ကြသည်။ ဈေးကြီးသည် ဟုပြောကာ ဈေးလျှော့ခိုင်း ကြသည်။ ဈေးလျှော့ မပေးလျှင် အုန်းသီးနှင့် မြေပဲဆားထောင်း ပိုတောင်း ကြသည်။ အတော်မျှတ ကြသည်ပင်။ ဈေးပို တောင်းတော့ မကြိုက်ချင်ကြ။ ဈေးသယ် ဘဝမို့ ဘာမှ မပြောချင်တော့ ပိုပိုသာသာ လေးသာ ထည့်ပေး လိုက်သည်။ ရောင်းလို့ တစ်ဝက်ပင် မကျိုးသေး ဈေးကောက် ဆိုသူများ ရောက်လာသည်။ တောင်း တစ်တောင်းစာ ကို တစ်ည ငွေကျပ် ငါးထောင် ပေးရမည်ဟု ဆိုသည်။ ဘုရားတ မိပါသေးသည်။ တစ်ညလုံး ရောင်းမှ ငါးထောင် သာသာ မြတ်သော သည်လို မုန့်တောင်းလေး တစ်တောင်းကို ငွေကျပ် ငါးထောင် ကောက်သည်။ တောင်းပန်လည်း မရ၊ ပြောပြလည်း အဆင်မပြေ သတ်မှတ်ချက် ဆိုတော့လည်း မတတ်နိုင်ပါ။ ပေးရမည် ဆိုတော့လည်း ပေးရုံပေါ့။ နောက်နေ့တော့ မလာတော့ဘူးဟု စဉ်းစား မိသော်လည်း အိမ်မှာ လုပ်လက်စ မုန့်များအတွက် ရတတ်မအေး ဖြစ်မိသည်။

နောက်ရက်တွင် ထပ်မလာရန် စဉ်းစား ထားသော်လည်း လုပ်ထားပြီးသား မုန့်များကုန်ရန် နောက်တစ်ရက် ထပ်သွား ရဦးမည်။ မျှော်လင့်ချက် မရှိသော အလုပ်သည် လူကို ပင်ပန်းစေသည်ဟု ဆိုသည်မှာ မှန်လေသည်။ မမြချယ် တစ်ယောက် ဈေးရောင်း ရသော်လည်း စိတ်မှာ ပင်ပန်းနေသည်။ တစ်တောင်း ကုန်သည့်တိုင် ကားခ ကျန်ပါ့မလားဟု တွေးကာ ခဏခဏ မုန့်တောင်းကို ဖွင့်ကြည့် မိသည်။ သည်ကြားထဲ အပိုတောင်း သူနှင့်တွေ့လျှင် အော်ပါ ငိုလိုက်ချင် သည်။ ယခုတော့ စိတ်ထောင်း လို့ ကိုယ်ကြေ ဆိုသည်မှာ မှန်လေပြီ။ မမြချယ် ဖျားလေပြီ။ ဖျားသည့် ကြားထဲ သည်အတွေးစ များက အသစ်ပြန်ပြန် ဖြစ်နေသည်။ ''အမေ... အမေ'' ဟု သမီးခေါ်သံကြားမှ အတွေးစ ပျက်တော့သည်။ အတူ ဈေးရောင်းဖော် သူငယ်ချင်းများ လာကြည့်ခြင်း ဖြစ်သည်။ ''ရေဦးက ဘုရားပွဲမှာ ဈေးရောင်း ကောင်းသတဲ့ တော်ရေ။ တို့ ခေါင်းရွက်သည် တွေ အခွန်အခလဲ မပေးရဘူး တဲ့အေ့ '' ဟု ပြောပြသဖြင့် မမြချယ် တစ်ယောက် ခေါင်းထောင် လာသည်။ အိမ်ထောင့်တွင် ချထား သော မုန့်ဈေး တောင်းကို တစ်ချက် ကြည့်မိသည်။ သည်အသံ ကြားလိုက်တော့ နေလို့ ထိုင်လို့ ကောင်းသွား သကဲ့သို့ မကြည်မလင် ဖြစ်နေသော စိတ်တို့ နေသာ ထိုင်သာ ရှိသွား တော့သည်။

မဒါလေး
#Yadanarpondaily
#ရတနာပုံနေ့စဉ်
http://myawady-myawady.blogspot.com/2014/11/blog-post_89.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment