ပြည် (မဇ္ဈိမ) ။ ။ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိသည့် အရပ်သားနှစ်ဦးကို လက်ထိပ်ခတ်ကာ ထိုးကြိတ်ရိုက်နှိက်သည့် ပဲခူးတိုင်း ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် လေးဦးကို ဇန်နဝါရီ ၁၆ရက်က ထောင်ဒဏ် ခြောက်လစီ ချမှတ်လိုက်သည်ဟု အဆိုပါ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။
“လေးယောက်လုံးကို မနေ့က ထောင်ပို့လိုက်တယ်” ဟု ရဲအုပ်မျိုးဝင်းက ပြောသည်။
ဒုတပ်ကြပ် မျိုးကိုကိုကျော်(နယ်ထိန်း) ၊ ဒုတပ်ကြပ် ထိန်လင်းအောင်(နယ်ထိန်း)၊ တပ်သား မျိုးမင်းဦး(အထွေထွေ)၊ တပ်သား ရဲသူဝင်း(အထွေထွေ) တို့ကို ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေအရ စစ်ဆေးမှုများ ပြုလုပ်အပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ပြည်မြို့ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။
၂၀၁၄ခုနှစ် ဇူလိုင်လ ၉ရက်က အမှတ်(၁)ရဲစခန်းမှ ဒုတပ်ကြပ် မျိုးကိုကိုကျော် ခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင် လေးဦးသည် ပေါင်းတည်-ပြည် ဒိုင်နာကားမောင်း ကိုကျော်စိုးနှင့် ညီဖြစ်သူ ကို စည်သူအောင် (စပါယ်ယာ)တို့အား လက်ထိပ်ခတ် ထိုးကြိတ်ခဲ့သည်။ ထို့အပြင် ဓါတ်ပုံဝင်ရိုက်သူ တစ်ဦး၏ ဖုန်းကင်မရာကိုလည်း ကိုင်ပေါက်ရိုက်ခွဲခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက မဇ္ဈိမကို ပြောထားသည်။
ဖြစ်စဉ်တွင် ကိုကျော်စိုးမှာ လက်သီးဖြင့် အချက်နှစ်ဆယ်ကျော် အထိုးခံရပြီး နှာခေါင်း နှင့်ပါးစပ်တို့ မှ သွေးကျခြင်း မျက်လုံးဖူးယောင်ခြင်း စသည့်ဒဏ်ရာများရရှိကာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အပြင်လူနာအဖြစ် ကုသခဲ့ရသည်။
Source:mizzimaburmese.com
0 comments:
Post a Comment