ဘီလူးသဘက် ရင်ဘတ်ပေါ် တက်တဲ့အခါ

ဒီတစ်ပတ်မှာတော့ ညအိပ်နေရင်းနဲ့ ကြုံရတတ်တဲ့ကျန်းမာရေး ပြဿနာလေးတစ်ခုကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ညဘက် အိပ်ရင်း ရုတ်တရက်နိုးလာတဲ့အချိန်မှာ မအော်နိုင်၊ စကားမပြောနိုင်၊ မလှုပ်ရှားနိုင်တာကို ခံစားဖူးကြမယ်ထင်ပါတယ်။ အဲဒါကိုတော့ မြန်မာအခေါ်အဝေါ်အရတော့ ဘီလူးစီးတယ်လို့ခေါ်ကြပါတယ်။ ဒီလို ဘီလူးစီးတာဟာ သာမန်လူတွေမှာတော့ တစ်ခါတစ်ရံသာကြုံတွေ့နိုင်ပြီး အိပ်စက်ခြင်းဆိုင်ရာ ပြဿနာရှိသူတွေမှာတော့ မကြာခဏဆိုသလို ကြုံတွေ့နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အဲဒီလို ဘီလူးစီးတာကို အင်္ဂလိပ်လိုတော့ Sleep Paralysis လို့ခေါ်ပါတယ်။ အဲဒီလို ဘီလူးစီးတဲ့အခါမှာ ဘာတွေဖြစ်တတ်တယ်။ ဘယ်လိုလူတွေမှာ အဖြစ်များတတ် တယ်ဆိုတာကို ဗဟု သုတအနေနဲ့သိရအောင် အထွေထွေရောဂါကုဆရာဝန်ဒေါက်တာကျော်စွာဦးနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါတယ်။
ဘီလူးစီးတယ်ဆိုတာ ဆေးပညာအရ ဘာကိုခေါ်တာပါလဲ။
အချို့ အယူအဆတွေအရ ဘီလူးစီးတယ်။ သရဲစီးတယ်ဆိုတဲ့ အယူအဆတွေနဲ့ ပြောတာရှိတယ်။ အဲဒီလိုဖြစ်တဲ့ အချိန်မှာသတိကောင်းတယ်။ ဒါပေမဲ့ ကောင်းကောင်း မလှုပ် ရှားနိုင်ဘူးပေါ့။ အိပ်နေရင်းနဲ့ နိုးချင်သလိုလို ဖြစ်နေတဲ့အချိန်မှာ ခဏလောက်ပေါ့။ မိနစ်အနည်းငယ် လှုပ်ရှားလို့မရတာ၊ စကားပြောလို့မရတာ လုပ်ချင်တာ တစ်ခု ကိုလုပ်လို့မရ တာမျိုးဖြစ်တတ်တယ်။ တစ်ခါတလေကျရင် အသက်ရှူကျပ်သွားသလို ဖြစ်တတ်တယ်။ ဘီလူးစီးတာက ဆေးပညာအရဆိုရင်တော့ အာရုံကြောနဲ့ ပတ် သက်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ အိပ်နေရင်းနဲ့ ကြွက်သား ကောင်းကောင်း အလုပ်မလုပ်နိုင်တာပေါ့။ ဇီဝကမ္မ သဘောအရဖြစ်တာ ဖြစ်ပါတယ်။
ဒါက ဘယ်လိုအချိန်မှာ ဖြစ်တတ်ပါသလဲ။
အဓိကကတော့ အိပ်တဲ့အချိန်မှာ ဖြစ်တတ်တယ်။ အိပ်နေရင်းနဲ့ နိုးချင်တဲ့အချိန်မှာ အဖြစ်များပါတယ်။ ဖြစ်တဲ့အခါမှာ လန့်နိုးတာတို့၊ လှုပ်ရှားလို့မရတာတို့ ဖြစ်တတ်ပါတယ်။ စက္ကန့်ပိုင်းလောက်အတွင်းမှာ ဖြစ်တာဖြစ်တယ်။ ပျောက်သွားတယ်။ လည်ပင်းညှစ်ထားသလိုဖြစ်တာပေါ့။
အဲဒီလို မကြာခဏဖြစ်ရင် ဘာတွေသတိထားသင့်ပါသလဲ။
အဲဒီလိုမကြာခဏ ဖြစ်လေ့ရှိရင်တော့ တရားထိုင်တာတို့ ပုတီးစိတ်တာတို့လို စိတ်ငြိမ်အောင်လုပ်သင့်တယ်။ စိတ်ညစ်စရာ မတွေးနဲ့ပေါ့။ ဒါကလည်း ကြိုတင်ကာကွယ်တဲ့ သဘောပေါ့။ ဒီလိုဖြစ်တာက အသက်အန္တရာယ်ရှိလောက်တဲ့ အထိမဖြစ်ပါဘူး။ ကြွက်သားတွေ အားနည်းတဲ့လူတွေ ဆိုရင်တော့ အာရုံကြောအားဆေးတွေ ဘာတွေေ သာက်သင့်ပါတယ်။ခဏခဏ ဖြစ်တတ်ရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။ နောက်ပြီး အာရုံကြောဆရာဝန်နဲ့လည်း ပြသသင့်ပါတယ်။ ဒါကို ဆေးနဲ့ လည်း ကုလို့ရပါတယ်။
ဘယ်လိုလူမျိုးတွေမှာ အဖြစ်များတတ်ပါသလဲ။
စိတ်လှုပ်ရှားတာနဲ့ ပတ်သက်လို့ အိပ်မပျော်တဲ့သူတွေ၊ အိပ်ရေးမဝတဲ့လူတွေ၊ စိတ်ဖိစီးမှုများတဲ့ လူတွေ၊ တစ်ခုခုစိုးရိမ် စိတ်များတဲ့လူတွေ၊ ကိုယ်လက် လှုပ်ရှားမှုမရှိ တဲ့ လူတွေမှာ ဖြစ် ဖို့အခွင့်အလမ်းများတယ်။ ဒါက အိပ်ရေးပျက်တာနဲ့လည်းဆိုင်တယ်။ နားထဲမှာ တစ်ခုခုလာပြောနေသလို သရဲလိုက်လာသလို အဲဒီလိုဖြစ်ပြီး သူ့ကိုယ်က လှုပ်လို့မရတော့တာ။ အဲဒါကို သရဲစီးတယ်လို့ ပြောကြတာ။
မြတ်စုငြိမ်း
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment