ဘမောင်တို့ တစ်ခါတလေတော့လည်း ဟိုရောက်ဒီရောက် စဉ်းစားမိလိုက်တာလေးတွေ ရှိတတ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အသက်အရွယ်တွေရှိ တတ် သူ အားလုံးဟာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီးပတ်သက် နေကြသူတွေလေ။ တချို့လည်း ပါတီတွေ အစုအဖွဲ့တွေမှာ ပါဝင် နေကြသူတွေရှိကြသလို၊ တချို့လည်း စာ မျက်နှာပေါ်၊ အသံလှိုင်းတွေပေါ်မှာ ပါဝင်နိုင်ကြသူတွေ လည်းရှိကြတယ်။ အဲဒီအခွင့်အလမ်းတွေနဲ့ နည်းနည်းဝေးကြသူ တွေအတွက်ကျတော့ လူမှုကွန်ရက်တွေ က တစ် ဆင့် ပါဝင်ခွင့်ရကြ ပြန်တယ်။ ဘမောင်တို့ လူရွယ်ဘဝက ခေတ်နဲ့တော့ အတော်ကလေး ကွာသွားပြီ။ အဲဒါက ကောင်းတဲ့ ဘက်က ဆက်သွယ်ရေးနည်းပညာ ကြောင့် တဖက်ဖက်ကနေ အ ကြောင်းတစ်ခုခုနဲ့ လက်လှမ်းမီလာကြတဲ့သဘောပဲ။
စဉ်းစားမိလိုက်တာတစ်ခုက…
၁၉၇ဝ ကျော်ကာလ ဘမောင်တို့ စာရေးတုန်းကဆိုရင် ကိုယ့်စာတွေ ပုံနှိပ်စာလုံးပေါ်မြင်ရဖို့ အတော်ကြီး ကျားကုတ်ကျားခဲ ဖြစ်ခဲ့ကြရတယ်။ တစ်နှစ်လုံးနေလို့ တစ်ပုဒ်၊ နှစ် ပုဒ်ပါလာရင် ကံကောင်း။ အခုသူများကို များများဆော်၊ အကောင်ကြီးကြီးကို နာနာနှက်နိုင်ရင် ချက်ချင်းနာမည်ကြီး၊ များများဆော်နိုင်လေ… များများ လက်မ လည်အောင် ရေးရလေဆိုတဲ့ ခေတ်ကိုရောက်လာပြီလားလို့ တွေးမိတယ်။ အဲဒါဆိုရင် မြန်မာစာပေရဲ့ တန်ဖိုး၊ သတင်းတွေရဲ့ တန်ဖိုးကိုဘယ်လို၊ ဘာနဲ့တိုင်းတာ မလဲဆို တာလည်း စဉ်းစားမိပြန်လာတယ်။ နည်းစနစ်ကျကျ ထောက်ပြတာထက် ရေးသူရဲ့ဆန္ဒနဲ့မကိုက်ညီလို့ တိုက်ခိုက်မှုဘက်ပိုပြီး အလွန်အကျွံဖြစ်လာသလားလို့လည်း ထင်မိ တယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး Workshop တစ်ခုမှာ မြန်မာနိုင်ငံအကြောင်းလေ့လာနေတဲ့ ကျွမ်းကျင်သူနိုင်ငံခြားသား ပညာရှင်တစ်ဦးက ဘာပြော သ လဲဆိုရင်..
”စာစောင်တွေ အတော်များများမှာ ရေးကြသားကြတာတွေက ဘေးထွက်နေပြီ။ ဝေဖန်ထောက်ပြမှုထက်ပိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ များနေတာဟာ ဒီမိုကရေစီပြုမှုရဲ့ အန္တရာယ်တစ်ခုလို့ မြင်သင့်ကြတယ်”
မြန်မာဘက်က နာချင်သလိုလိုရှိပေမယ့် အဲဒီပညာရှင် ပြောသွားတာကိုလည်း အတင်းကြီးငြင်းလို့ မရပြန်ဘူး။ နိုင်ငံတကာ စာစောင်တွေ၊ သတင်းစာတွေမှာ ရေးနေကြတဲ့ ပုံစံနဲ့ နှိုင်းယှဉ်ကြည့်ရင် အတော်ကြီးထင်သာမြင်သာ ရှိအောင် မြန်မာတွေကလည်း ကွာခြားနေတာကိုး… အခုလို သတိပေးထောက်ပြရင် ကိုပဲ ဆော်ကြ မယ့် သူတွေ က စောင့်နေကြဦးမှာ။ စဉ်းစားမိတာတစ်ခုက…တစ်ပါတီစနစ်ကိုမကြိုက်လို့ တော်လှန်ကြတာကို အပြစ်လို့ မမြင်ပါဘူး။ ဗဟိုချုပ်ကိုင်မှုစနစ်ကို ဆန့်ကျင်လို့ အစွန်းလည်း မရောက်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီ ယဉ်ကျေး မှုကို စပြီး လက်ခံကျင့်သုံးတဲ့အချိန်မှာ မြန်မာတွေ ဂါရဝတရား မရှိတာတော့ ဝမ်းနည်းစရာပဲ။ ပျူငှာယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ မြန်မာတွေရဲ့အမျိုးသားရေးလက္ခဏာက အတိတ်စာမျက်နှာပေါ်မှာပဲ ကျန်ခဲ့ရတော့မှာလား။ မိမိထက်အသက်ကြီးသူ၊ မိမိထက်ရာထူးကြီးသူ၊ မိမိထက် ဂုဏ်ကြီးသူ၊ မိမိထက်အလုပ်ကြီး သူစတဲ့ သူတွေအပေါ်မှာ အနည်းဆုံး ဂါရဝတရားထား တတ်တဲ့ယဉ်ကျေးမှုဟာ တစ်ချိန်က မြန်မာရဲ့ထင်ရှားချစ်စရာ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ အခုလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရတဲ့ အချိန်မှာ အဲဒီယဉ်ကျေးမှုတွေ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ကြပြီး အင်မတန် ကြမ်းတမ်းခက်ထန် မှုတွေကို တွေ့ လာရ တယ်။ ကောင်းတဲ့ အစဉ်အလာ မဟုတ်ဘူးလို့ ဘမောင်တော့ ထင်မိတာပဲ။ လူတွေမှာ ခံစားချက် ရှိတတ်ပါ တယ်။ ခံစားမှုကို ထိန်းသိမ်းနိုင်တာဟာ အရည်အချင်း တစ်ရပ် ပါပဲ။ လူဆိုတာအဖွဲ့အစည်းတွေနဲ့ကင်း ကွာလို့မရဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိန်းသိမ်းသင့်တယ်လို့ မြင်တယ်။ အဖွဲ့အစည်း အသီးသီးရဲ့ ဦးဆောင် မှု အပေါ်လိုက်ပြီး ကျန်တဲ့သူတွေရဲ့စရိုက်က ရောင်ပြန်ဟပ်တတ်တယ်။
ဒီနေ့ ပြောကြ၊ ဆိုကြ၊ ရေးကြသားကြတာတွေကိုကြည့်ရင် ဘယ်အဖွဲ့အစည်းကလို့တောင် မျက်လုံးမှိတ်ပြောနိုင်အောင်ကို ပုံသေ အရေးအသား၊ အပြောအဆိုတွေရှိနေ ကြပြီ။ ဘာကြောင့် သက်ဆိုင်သူတွေက မထိန်းသိမ်းနိုင်ကြတာလဲဆိုတာကိုလည်း တွေးမိရပြန်တယ်။ အမိယုတ်ရင်နှုတ်ကြမ်းတတ်ပြီး အဖယုတ်ရင် ကိုယ်ကြမ်း တတ် တယ်လို့ မြန်မာ့ဆိုရိုး စကားရှိတာ သတိရမိပြန်တယ်။ဒီနေ့ဖြစ်နေတာတွေကို သရုပ်ခွဲကြည့်ရင် .. စနစ်ကို တော်လှန်ဆန့်ကျင်နေတာထက် ‘ရန်-ငါ’ ခွဲ နေတာက ပိုပြီး အားကောင်းနေတာ တွေ့ရတယ်။ ဝေဖန်ထောက်ပြနေ တာထက် ပုတ်ခတ်တိုက်ခိုက်နေတာကပိုပြီးလွန်ကျူးနေတာလည်း တွေ့ရပြန်တယ်။ တာဝန်ရှိသူတွေပဲ့ပြင်နေတာ ထိန်းကျောင်းနေတာထက် မသိချင်ဟန်ဆောင်ပြီးအခွင့်အရေးတစ်ရပ်ကို အသုံးချစေတာနဲ့ ပိုပြီး တူနေသလိုပဲ။ ပြန်စဉ်းစားမိတတ်ကြအောင်ပါ။ ဒီမိုကရေစီ ပြုမှုကို မထိပါး၊ မထိခိုက်စေလိုပါ။ သဘာဝသဘောတရားတစ်ခုအရဆိုရင် … သတ္တဝါတွေအားလုံးက ကိုယ့်ရဲ့ ထူးခြားတဲ့အားကို အသုံးပြုလေ့ ရှိကြတတ်တယ်။ ကျားက လက်သည်းကို အားကိုးသလို၊ ကြံ့ကလည်း ချိုကို အားကိုးတယ်။ ဆင်ကလည်း သူ့ခွန်အားနဲ့ နှာမောင်း၊ အစွယ်တွေကို အားကိုးကြတယ်။ အားကိုးမှု တစ်ခုခုကိုသာ လူတွေက တိရစ္ဆာန်လို အဆင်ခြင်မဲ့ အသုံးပြုနေကြရင် ဘယ်အားရှိတဲ့ ဘယ်သူက နောက်ဆုံး ဘယ်လို အားကိုးသွားမလဲ…။
စဉ်းစားမိတာချရေးပြတာ..
နောက်စဉ်းစားမိတာ တစ်ခုက ရာစုနှစ် တစ်ဝက်လောက်အတွင်း ကြုံတောင့် ကြုံခဲနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဘမောင်တို့ မသေခင် ကြုံလိုက်ရတာက ဝမ်းသာစရာ တစ် ခုပါပဲ။ အပြောင်းအလဲ (၄) နှစ်သက်တမ်းကာလအတွင်း အာဏာရဘက်မှာရော၊ အတိုက်အခံတွေဘက်မှာပါ လူတော်တချို့ထွက်လာမ လားလို့ မျှော်မိသေးတယ်။ ထင် ထင်ရှားရှား သိသိသာ သာမတွေ့ရတာဟာ မြန်မာ့အနာဂတ်အတွက် ပူပန်မှုတစ်ခုဖြစ်စေတယ်လို့ ဘမောင်မြင်မိတယ်။ ဘမောင်ဖွင့်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည် သူ့ရေးရာစီမံခန့်ခွဲမှုသင်တန်းမှာ အလေးထားရှင်းပြတတ်တာတစ်ခုရှိတယ်။
”လေးတန်းကျောင်းသားကို လက်ခံအောင် ရှင်းပြနိုင်တာလည်းလူတော်ပဲ။ ဘွဲ့ရကျောင်းသားကို လက်ခံနိုင်အောင် ရှင်းပြနိုင်တာလည်း လူတော်ပဲ။ ပရော်ဖက်ဆာတွေ မငြင်းနိုင်အောင် ရှင်းပြနိုင်တာလည်း လူတော်ပဲ။ ဘယ်အဆင့်နဲ့ နှိုင်းယှဉ်တဲ့ လူတော်လည်း ဆိုတာပဲကွာတယ်။ အလုပ်ပြီး အောင်လုပ်နိုင်တာနဲ့ ရလဒ်ထွက်အောင် လုပ်နိုင်တာတခြားစီ”မြန်မာ့လူ့အဖွဲ့အစည်းမှာ မူလတန်းကျောင်းသားလောက် ခေါင်းညိတ်အောင်တော်တဲ့သူတွေ နဲ့ ကိစ္စပြီးမယ်လို့ မယူဆဘူး။ တစ်နေ့အလုပ် တစ်ေ န့ပြီးအောင်ဆောင် ရွက်နိုင်ရုံနဲ့ ရလဒ်ကောင်းတွေ လည်းမထွက်နိုင်ပါဘူး။ အာဏာရ နဲ့အတိုက်အခံကြား၊ အာဏာရအ ချင်းချင်းကြား ပွတ်တိုက်မှုတွေဖြစ် ရခြင်းရဲ့ အကြောင်းအရင်းတွေထဲ မှာ လူတော်တွေကိုကောင်းကောင်း အသုံးမချနိုင်တာအကြောင်းတစ်ခု လို့ မြင်ပြန်ပါတယ်။ လူတော်ပြီး မကောင်းရင်ရောလို့ မမေးလိုက်ပါနဲ့။ ကဏ္ဍစုံမှာ တော်လာတဲ့သူဟာ အကောင်းအဆိုးကို ခွဲခြားသွားနိုင်ပြီဖြစ်လို့ မကောင်းစရာမရှိ တော့ဘူး။ ကဏ္ဍတစ်ခုတည်းမှာသာ ချွန်တဲ့သူကို လူတော်လို့ ထင်နေကြ ရင်တော့ တစ်မျိုးပေါ့။ မြန်မာတွေ အတ္တကို ကောင်းကောင်း မဖယ်ခွာနိုင်ကြသေးဘူး။ လူတစ်ဦး တကယ်တော်လာရင် မဟာဗျူ ဟာအဆင့်ကို အလိုလိုရောက်သွားတယ်။ Coach နဲ့ Player ကွာသလို ပေါ့။ Player က တစ်ခုချင်းချွန်တာ၊ ဥပမာ- ရှေ့တန်းညာတောင်ပံသမား၊ ဘယ်တောင်ပံသမား၊ အလယ်တန်းလူ၊ နောက်တန်းလူစသဖြင့် သူချွန်ရာချွန်ရာအရည်အချင်းနဲ့၊ Coach ကအဲဒီလို တစ်ခုချင်းချွန်တဲ့သူကို ဘယ်နေရာမှာထားပြီး ကစားသွားမလဲဆိုတာမျိုးပေါ့။
မြန်မာ့နိုင်ငံရေးမှာ အဲဒီအချက်ကို ကောင်းကောင်း မတွေ့ရဘူး။ အခုထက်ထိလည်း မထင်ရှားသေးဘူး။ အစိုးရရော၊ အတိုက်အခံဘက်မှာရောပဲ။ နောက်ဆုံး အ စဉ်အလာယှဉ်ပြိုင်မှုနဲ့ပဲ ၂ဝ၁၅ ကို ဖြတ်သန်းကြမယ်နဲ့ တူတယ်။ စီမံခန့်ခွဲမှု ရှုထောင့်ကကြည့်ရင် Red Ocean Strategy ပေါ့။ သွားရမှာက Blue Ocean Strategy ။ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးဗျူဟာချထားမှုမှာ Blue Ocean ကို အရိပ်အရောင်တောင် မတွေ့ဖြစ်သေးဘူး။ ဆန့်ကျင်ကြတာ၊ တိုက်ခိုက်ကြတာမျိုးဟာ တစ်သက်လုံးသုံး လာခဲ့တဲ့ နည်းတွေပါ။ တခြားနည်း မစဉ်းစားမိကြတော့ဘူးလားလို့ တွေးကြည့်မိတယ်။ လူတော်တွေ ပျောက်နေတာနဲ့ဆက်စပ်ကြည့်မိ တော့ မဆန်းလှပါဘူးလို့ပဲ မှတ် ချက်ပြုရတော့ မလိုပဲ။ နှစ်ဖက်လုံး လူတော်သုံးနိုင်ရင် မြန်မာ့နိုင်ငံရေး ဒီထက်ပိုပြီးအဆင်တပြေဖြစ်လာမယ်။ တစ်ဖက်ဖက်က လူတော်သုံးနိုင်ရင် အဲဒီသုံးနိုင်တဲ့ဘက်က အသာစီး အများကြီးရသွားမယ်လို့မြင်တယ်။
စဉ်းစားမိတာ တစ်ခုက …
အရေးအရာအားလုံးထဲမှာ နိုင်ငံရေးဆိုတာက ဦးခေါင်းပဲ။ နိုင်ငံရေးစနစ်ပေါ်မှာ အခြေခံပြီး စီးပွားရေးပုံစံ၊ လူမှုရေးပုံစံ၊ ပညာ ရေး၊ ကျန်းမာရေးတွေက နောက် ကလိုက် လာ ရတာ။ ၂ဝ၁၅ ဟာ နိုင်ငံရေးယဉ်ကျေးမှုအသစ် ပထမသက်တမ်းရဲ့ နောက်ဆုံးနှစ်ဖြစ်လို့ ပြည်တွင်းရော၊ ပြည်ပကရော အသည်းအသန် စိတ်ဝင်စားနေကြတယ်။ အကူး အပြောင်းသမိုင်းတွေ ကို စာမျက်နှာပြန်လှန်ကြည့်ရင် အနည်းဆုံး သက်တမ်းနှစ်ခု၊ ဒါမှ မဟုတ် သုံးခု လောက်ဖြတ်သန်းပြီး မှ တည်တည်ငြိမ်ငြိမ်နဲ့ ယဉ်ကျေးမှု အသစ် တစ်ခု ကို ကျင့်သားရသွား ကြတာကိုလည်း တွေ့ရပြန်တယ်။ အခု ပထမသက်တမ်းကို ဖြတ် သန်းကြတော့မယ်။ ဦးဆောင်ကြ သူတွေရဲ့ပညာနဲ့ အမြော် အမြင် ပေါ် မူ တည်ပြီး လှုပ်လှုပ်ရမ်းရမ်း ဖြစ်တာ၊ တည်တည်ငြိမ်ငြိမ်ဖြစ်တာ က မူတည်နေတယ်။ နှစ်တစ်ဝက် ကျော် လောက်မှာ လှုပ်ရမ်းမှုတွေ အရှိန်ပိုရလာမယ်လို့ တွက်မိတယ်။ ဦးဆောင်ကြသူတွေ သတိကြီးကြီး စဉ်းစားနိုင်ကြဖို့ပြောတာပါ။ မြန်မာ့နိုင်ငံရေး ဆိုပေမယ့် မြန်မာ့ အနာဂတ်ရေးလည်း ဖြစ်နေလို့ ပြောနေရတာ။ ကိုယ့်အကျိုးစီးပွား အ တွက် ဘာမှမပါဘူး။ စားဝတ်နေ ရေးပူစရာမလိုတဲ့အတွက် အေး အေးဆေးဆေး ဓမ္မရိပ်သာသွားလိုက်ရင်ပြီးတယ်။ ဒါပေမဲ့ ဘမောင် တို့ ၆ဝ ကျော်တွေတောင် စနစ် နှစ် ခုမှာ နှစ် ၅ဝ နဲ့ ဖြတ်သန်းလာခဲ့ ကြရသူတွေဆိုတော့ နောက်လူငယ်တွေ အဲဒီလိုမတည်ငြိမ်တဲ့ကာ လမျိုးကို မဖြတ်သန်းစေချင်တော့ လို့ ရေးနေရတာ။ နှစ် ဖက်ဦး ဆောင် သူတွေ အဆုံးအဖြတ်ပေါ် မှာ လူငယ်မျိုးဆက်သစ်တွေရဲ့ဘဝက လုံးလုံးလျားလျားတည်နေတယ်ဆိုတာကို သတိပြုစေချင်တယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့တာတွေကို သမိုင်းကားချပ်ပေါ်တင်ကြည့်တဲ့အခါ သိပ်အားမရလှဘူး။ ခွဲခြားကျင့်သုံးတဲ့ အာဏာသုံးရပ် ဟန်ချက်ပျက်နေတယ်။ အဲဒီ အချက်ကို ပေါ့ပေါ့ မတွေးစေချင်ဘူး။ အစောကြီးကတည်းက ထောက်ပြပေမယ့် ဘယ်သူမှ အရေးတယူမရှိခဲ့ဘူး။ အဲဒီဟန်ချက်ပျက်နေတာကိုပဲ အခွင့်အလမ်းတစ် ရပ် အနေနဲ့ အသုံးချနေတာကို ထပ်တွေ့နေရပြန်တယ်။ တစ်ဖက်ကိုဘာဖြစ်ဖြစ်ဆန့်ကျင် နေကြတာလည်း ဗျူဟာမကျလှ ပြန်ဘူး။ ဒီထက် ဘာလို့ပိုကောင်းတာကို မတွေးနိုင် ကြတာလဲ..။ လောလောဆယ် (၄) ပွင့်၊ (၆) ပွင့်၊ (၁၄) ပွင့်၊ (၄၈) ပွင့် ကိစ္စ မှာ ထွက်လာတဲ့ မှတ်ချက်တွေက သိပ်အားမကောင်းလှဘူး။
အထူးသဖြင့် အာဏာရနဲ့ ဆန့်ကျင်ဘက်ပါတီရဲ့ကြားမှာ ထုတ်ပြန်တဲ့ ကြေညာချက်တွေကလည်း တစ်ဖက်ဖက်ရဲ့ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်းပြလိုက်သ လိုပဲ။ လောလောဆယ် အဲဒီအပွင့်အခြေခံတွေ့ဆုံညှိနှိုင်းရေး အပေါ်အမြင်က အရေးကြီးလာပြီ။ ဘယ်မူဝါဒအပေါ် အခြေခံမှာလဲဆိုတာဖြစ်ပါတယ်။ Inclusive ပေါ် အခြေခံမှာလား၊ Exclusive အပေါ်အလေးထားမှာလား။ ဆက်နွှယ်အကျိုးတရားဆိုတဲ့ Consequences တွေက တစ်ခုနဲ့တစ်ခု မတူနိုင်ဘူးနော်။ အဲဒီအတွက် ဖြေရှ င်း နည်းတွေ ရှိနေရမယ်။ နှုတ်က ပြောနေရုံနဲ့ပြီးတဲ့ ကိစ္စမဟုတ်ဘူး။ ဆုံးဖြတ်ချက်တစ်ခုရဲ့ နောက်မှာသန်း (၅ဝ) ရှိ နေတယ်။
အမေရိကန်တွေအနေနဲ့ Coalescence Containment Strategy (ပေါင်းစည်းထိန်းချုပ်ခြင်းဆိုင်ရာမဟာဗျူဟာ)ကို အသုံးပြုတော့မယ်လို့ မဆုံးဖြတ်သေးခင်မှာ သူ့ကျွမ်း ကျင်သူတွေနဲ့ အပြန်အလှန်ငြင်းခုံ ဆွေးနွေးတဲ့ဒီဘိတ်တွေ အများကြီးလုပ်ခဲ့ကြတယ်။ မဟာဗျူဟာကိုချ မှတ်တာကတစ်ခု၊ အဲဒီမဟာဗျူဟာကို ဘယ်အတိုင်းအ တာ အထိအသုံး ပြုမလဲဆိုတာတစ်ခု၊ အဲဒီမဟာဗျူ ဟာကို ဘာနဲ့ထောက်ပံ့မလဲဆိုတာ တစ်ခု၊ ဥပမာအားဖြင့် ဘမောင်တို့ ငယ်ငယ်တုန်းကကြားဖူးလိုက်တဲ့ Marshall Plan ( (ပြည်တော်သာစီမံကိန်း)ဆိုတာ အဲဒီမဟာဗျူဟာကို ထောက်ပံ့ပေးတဲ့ အစိတ်အပိုင်းကြီးတစ်ခု။
ဒီနေ့ ငြင်းကြ၊ ခုံကြတဲ့အထဲမှာ ယေဘုယျအသုံးတွေပဲ တွေ့နေရသေးတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ (Technical)၊ နည်းဗျူဟာပိုင်းဆိုင်ရာ (Tactical)၊ မဟာဗျူဟာချပြမှု (Strategy)တွေ ပါတာမတွေ့ရသေးဘူး။ အနည်းဆုံး အဲဒီသုံးခုနဲ့ ပြောကြဆိုကြသင့်တယ်လို့ မြင်တယ်။ ပိုပြီးမြင်ချင်ရင်တော့ Conceptual Skill (စိတ်ကူးကြံစည်ခြင်း ဆိုင်ရာကျွမ်းကျင်မှု)ကိုသုံးကြပေါ့။ အဲဒီလိုမျိုး မတွေ့ရ၊ မကြားရတာကိုက မြန်မာ့နိုင်ငံရေးနဲ့ အနာဂတ်အတွက် စိုးရိမ်စရာတစ်ခုမဟုတ်ရင်တောင် ပူပန်စရာလေး တစ်ခု လားလို့ ဘမောင် ယူဆမိတယ်။ မြန်မာ့နိုင်ငံရေး နှုတ်ပြောများပြီး လက်တွေ့လိုက်ပါနိုင်မှု အတော်အားနည်းနေတယ်လို့မြင်တယ်။ ယေဘုယျအားဖြင့် အရွေ့တစ်ခု အ တွက် Push နဲ့ Pull ကိုသုံးကြရတတ်တယ်။ ဒါပေမဲ့ Push အတွက် နည်းဗျူဟာ နဲ့ Pull အတွက် နည်းဗျူဟာမတူတာကိုလောက်တော့ သတိထားမိကြ တန်ကောင်း ရဲ့။ ဖြစ်လာမယ့်ဆက် နွှယ်အကျိုးဆက်တွေကိုလည်း ကြိုတင်မျှော်တွေးစဉ်းစားမိကြတန်ကောင်းပါရဲ့…။စဉ်းစားမိတာတွေကို စိုးရိမ်စိတ်နဲ့ ချရေးကြည့်တာ…။
နေဇင်လတ်
Source:http://www.popularmyanmar.com

0 comments:
Post a Comment