ဘ၀အသက်တာ မြေစာပင်များပမာ


ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအပိုင်းက စီမံခန့်ခွဲမှု၊ ကြီးကြပ်စစ်ဆေးမှု ဆိုတာ စာရွက် စာတမ်း တွေပေါ်မှာ သာရှိနေခဲ့ပြီး လက်တွေ့ပိုင်းမှာ အများကြီးလစ်ဟာ အားနည်း ခဲ့တာကြောင့် ခရီးသည် အရေအတွက် သတ်မှတ်ချက်ထက်ပိုပြီး သယ်ယူပို့ဆောင် တာတွေ ရှိခဲ့ပါတယ်။ ကုန်ပစ္စည်းဆိုရင်လည်း သင်္ဘောတော်တော် များများဟာ သတ်မှတ်အလေး ချိန်ထက် ပိုပြီး တင်ကြသလို လူမြင်လို့ မကောင်းအောင် သင်္ဘောရဲ့ ၀ဲယာဘေး ပတ်လည်မှာရှိတဲ့ Rubbing State လို့ခေါ်တဲ့ ဖောင်းရစ်မြုပ်လု နီးပါးအထိ ကုန်ပစ္စည်းတွေ ပိုတင်လာကြတာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး နေ၀င်း ကြိုးကိုင် အုပ်ချုပ်ခဲ့တဲ့ တော်လှန်ရေးကောင်စီတော် လှန်ရေး အစိုးရ လက်ထက် ဖေဖော်ဝါရီလ ၇ ရက်၊ ၁၉၆၉ ခုနှစ်မှာ ပြည်သူ ပိုင်သိမ်းပိုက်တဲ့ လုပ်ငန်းတွေထပ်ပြီး ပေါ်ပေါက် လာခဲ့ဖူးပါတယ်။ ရန်ကုန်မြို့နဲ့ မော်လမြိုင်၊ ပုသိမ်၊ ရခိုင်ပြည်နယ်မှာရှိတဲ့ သင်္ဘောကုမ္ပဏီ ၂၄ခုကို ပြည်သူပိုင် လုပ်လိုက်ပါတယ်။ ခရီးသည်တင် သင်္ဘောတွေဟာ စစ်ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အုပ်ချုပ်တဲ့ ခေတ်မှာ ““ခေတ်ပြောင်းတော်လှန်ရေး”” ““ဆိုရှယ် လစ် ခေတ်သစ် မုခ်ဦးဆီသို့””ဆိုတာ နဲ့အညီ တိုးတက်ပြောင်း လဲ ဆန်းသစ်လာတော့ မလားလို့ ပြည်သူလူထုဘက် က မျှော်လင့်မိ ခဲ့ကြ ပါသေးတယ်။ အဲဒီတုန်းက အစိုးရပိုင် မီဒီယာ တွေကနေပြီး ၀ါဒဖြန့်ခဲ့ တဲ့ကြွေးကြော်သံတွေ၊ ကြေညာချက်တွေထဲမှာ ပါလာ တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အတွေးအခေါ် မြော်မြင်ရေး သဘောတရား စကားလုံးတွေကလည်း ခမ်းနားကြီး ကျယ်လွန်း လှပေတာကိုး။…

● ကျွန်ုပ်တို့၏ ယုံကြည်ချက်

““ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်းရင်းသားလုပ်သားပြည်သူများ ဖြစ်ကြ ကုန်သော ကျွန်ုပ်တို့သည် ဤကမ္ဘာ၌ လူတို့၏ အားနည်းချက်များ ကိုအမြတ်ထုတ်၍ မသိနားမလည်သော လူများစုအပေါ်တွင်စာနာမှု၊ ညှာတာ ထောက်ထားမှု စသည့်ကောင်း မြတ်သော တရားများကို မျက်ကွယ်ပြုသည်၊ မတရား သဖြင့် ခြယ်လှယ်နိုင်ကြ သော ၀ိသမလောဘသမားများ၏ ၀ိသမ စီးပွား ရေးစနစ်ဆိုးများ တည်ရှိနေသရွေ့ ကာလပတ်လုံး လူသား အပေါင်းသည် လူမှုဒုက္ခများမှ မလွတ်မြောက်နိုင်ဟု အလေးအနက် ယုံကြည်သည်။ ထို့ကြောင့် ဤပြည် ထောင်စု မြန်မာနိုင်ငံ တွင် လူလူချင်းမတရား ခြယ်လှယ်၍ မတရားစီးပွားရှာစားသော ၀ိသ မစနစ်များကို ချုပ်ငြိမ်းစေပြီး တရားမျှတမှုကို အခြေခံသော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှ သာလျှင် တိုင်းရင်းသား ပြည်သူလူထုအပေါင်းသည် လူ့ပယောဂကြောင့် ပေါ်ပေါက် ရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက်၊ ဗြဟ္မစိုရ် တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော လူ့ဘောင် သစ်ကြီးသို့ ရောက်ရှိနိုင်မည်ဟု အလေးအနက်ယုံကြည်သည်။ ဤသို့ယုံကြည်သည့်အတိုင်း ဆိုရှယ်လစ် ပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက်ကြ မည်ဟုအလေးအနက် အဓိဋ္ဌာန် ပြုသည်””

ဆိုတဲ့စကားလုံးကြီးတွေဟာ ပြည်သူလူထုကြားထဲမှာ မစားရ၀ခမန်းကြီးကျယ် ခမ်းနားလွန်းလှစွာနဲ့ ထိုးဖောက် ရောက်ရှိ လာနေတုန်းမှာပဲ ပြည်တွင်းသွားခရီးသည်တင် သင်္ဘောများရဲ့ အခန်းကဏ္ဍဟာ ပိုမို ပြောင်းလဲဆန်း သစ်တိုးတက်လာမှုကို စောင့်ရင်းမျှော်ရင်း နဲ့ပဲ နှောင့်နှေး သထက် နှောင့်နှေး လို့နေပါတော့တယ်။ တကယ်တော့ စစ်တပ်က အာဏာမသိမ်းခင် ဟိုရှေး အစဉ်အလာတုန်းက အသုံးပြုခဲ့သမျှ ခရီးသည်တင် “၂” ထပ် ရေယာဉ် တွေဟာ ဘွိုင်လာရေနွေးငွေ့ စွမ်းအင်သုံး ရေယာဉ် အရေအတွက်က ပိုပြီးများခဲ့ တယ်။ ခရီးသည် တွေလည်း တင်ဆောင်ပြီး ကုန်ပစ္စည်းတွေလည်းတင်ဆောင်တဲ့ “၂”ထပ်ရေယာဉ် တွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး ခေတ်မီ ဆန်းသစ်လာဖို့ လိုအပ်ခဲ့တာအမှန်ပါ ပဲ။ နောက် ပိုင်းမှာ ရေနွေးငွေ့(Boiler) ဘွိုင် လာ ကတစ် ဆင့် Steam pressure နဲ့ မောင်းနှင်တဲ့ အင်ဂျင်စက်တွေအစား ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ ဒီဇယ်အင်ဂျင်တွေ ပြောင်း လဲတပ်ဆင် ခုတ်မောင်းလာခဲ့ပြန်ပါတယ်။ ဒါတောင်မှ (မ-ဆ-လ)မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စစ်ကောင်စီ စစ်အစိုးရ လက်ထက်မှာ ဘွိုင်လာရေနွေးငွေ့သုံး သင်္ဘောတချို့ ဟာ ပြည် တွင်းရေကြောင်း ပို့ဆောင် ရေးမှာရှိ နေခဲ့တုန်းပါပဲ။ ဒါပေမဲ့ သင်္ဘောတွေရဲ့ အခန်းဖွဲ့စည်းပုံဟာ တိုင်းပြည်ရဲ့ ရာသီဥတုနဲ့ သဟဇာတ မမျှခဲ့ပါဘူး။ သင်္ဘောရဲ့ဦးပိုင်း အောက်ထပ်မှာတော့ ဆလင်ခန်းလို့ခေါ်တဲ့ တက်မကိုင် အခန်းရှိပါတယ်။

အပေါ်ထပ်မှာ တော့ အထူးတန်း လက်မှတ်ဝယ်ပြီးစီးရတဲ့ သီးသန့်ခရီးသည်များ အတွက်အခန်းဟာ ဦးပိုင်း နေရာလောက်မှာ ပဲနေရာကျဉ်းကျဉ်းနဲ့ ရှိခဲ့ပါတယ်။ အပေါ် ထပ်ဝဲယာ ဧရိယာကျယ်ကျယ်မှာတော့ ရိုးရိုးတန်း လက်မှတ်ဝယ်ပြီး စီးတဲ့ခရီးသည် တွေဟာ သစ်သားကုန်းပတ်ပေါ်မှာ ကိုယ့်အိပ်ရာလိပ်ကိုယ်ခင်းပြီး ခရီးသွားကြ ရတဲ့ ထုံးစံရှိခဲ့ပါ တယ်။ အပေါ်ထပ်ပဲ့ပိုင်းမှာ ထမင်းဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ရှိပါတယ်။ အောက် ထပ်၊ သင်္ဘော ဦးပိုင်း၊ တက်မကိုင်၊ ဆလင်ခန်းနဲ့ စက်ခန်းကြား ကုန်း ပတ်အောက်မှာတော့ ကုန်ပစ္စည်းသိုလှောင်ခန်းနဲ့ (Freshwater) ရေချို သိုလှောင်ခန်း ရှိပါတယ်။ ပဲ့ပိုင်းမရောက်ခင် စက်ခန်းနဲ့ သင်္ဘောသားတွေ နားနေအိပ်စက် ခန်းကြားမှာလည်း ကုန်ပစ္စည်း သိုလှောင်ခန်း ပါပါတယ်။ ပဲ့ပိုင်းဝဲယာမှာတော့ ယာဘက်က အများသုံး သန့်စင် ခန်းတွေရှိပါတယ်။ ၀ဲဘက်မှာတော့ သင်္ဘောသားတွေ ထမင်းဟင်း ချက်တဲ့နေရာပါ။ ပဲ့ပိုင်း အစွန် ဆုံး အောက်မှာ တော့ Rudder ဆိုတဲ့ တက်မခန်းကြီး ရှိပါတယ်။

ပြည်တွင်းခရီးသည်တင် “၂”ထပ် သင်္ဘောတိုင်းမှာ သူ့သတ် မှတ်ချက်နဲ့ သူ ခရီးသည်အရေအတွက်က ဘယ်လောက်။ ကုန်ပစ္စည်းတင်ဆောင်ရမယ့် သတ်မှတ်တန်ချိန်က ဘယ်လောက် ဆိုပြီး ရှိပြီးသားပါ။ ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအပိုင်းက စီမံခန့်ခွဲမှု၊ ကြီးကြပ်စစ် ဆေးမှု ဆိုတာ စာရွက် စာတမ်းတွေ ပေါ်မှာ သာရှိနေခဲ့ပြီးလက်တွေ့ပိုင်းမှာ အများကြီးလစ်ဟာ အားနည်းခဲ့တာ ကြောင့် ခရီးသည် အရေအတွက် သတ်မှတ်ချက် ထက်ပိုပြီး သယ်ယူပို့ဆောင်တာတွေ ရှိခဲ့ပါတယ်။ ကုန်ပစ္စည်းဆိုရင် လည်း သင်္ဘော တော်တော် များများဟာ သတ်မှတ်အလေး ချိန်ထက် ပိုပြီးတင်ကြသလို လူမြင်လို့မကောင်း အောင် သင်္ဘောရဲ့ ၀ဲယာဘေးပတ်လည်မှာရှိတဲ့ Rubbing State လို့ခေါ်တဲ့ ဖောင်းရစ်မြုပ်လု နီးပါးအထိ ကုန် ပစ္စည်း တွေ ပိုတင် လာကြ တာ ဘာကြောင့်လဲ။ အမေးရှိရင် အဖြေရှိ ပြီးသားပါ။ သင်္ဘောဝန် ထမ်းပိုင်းဟာ တိုင်း ပြည်ရဲ့ ငွေကြေး တန်ဖိုး ဖောင်းပွလာပြီး တစ်စထက်တစ်စ ကိုယ်ရတဲ့လစာငွေနဲ့ ကိုယ့်တစ်ကိုယ်စာ ပဲဖြစ်ဖြစ်၊ ကိုယ့် မိသားစု အတွက်ပဲဖြစ်ဖြစ် မလောက်မငဖြစ်လာကြတော့ ၀န်ထမ်းလောကထဲမှာ ခေတ်စား လာတဲ့ ဝေါဟာရ အတိုင်း out side အပို ၀င်ငွေကို ရရာနေရာကနေပြီး ရှာဖွေကြ လို့ပါပဲ။

အဲဒီခေတ်က တစ်ပါတီအာဏာရှင် စစ်အစိုးရ ဟာ ဒီဇင်ဘာလ ၆ ရက် ၁၉၇၂ နေ့မှာ ကော်မတီတစ်ခုကိုတော့ ဖွဲ့စည်းခဲ့ ပါသေးတယ်။ အဲဒီ ကော်မတီ ကတော့ အမျိုးသား စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာနက အစိုးရလုပ်ငန်းဌာန အသီး သီးမှာရှိတဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေအတွက် လုပ်ခနှုန်း ထားသတ်မှတ်ရေးအတွက် ကော်မတီ ပဲဖြစ် တယ်။ ဒါပေမဲ့ ဘယ်လိုပဲနှုန်းထား သတ်မှတ်သတ်မှတ်၊ ဘယ်လိုပဲ ကော်မတီတွေ ဖွဲ့ဖွဲ့၊ ရတဲ့လုပ်ခ၊ ရတဲ့လစာ နဲ့မလောက် ကြတာကတော့ ၀န်ထမ်း လောကပဲဗျ။ ဒါက ဟိုးအထက်ပိုင်း အရာရှိအသိုင်း အ၀ိုင်းကစပြီး အောက်ခြေအထိ ဖြစ်ပျက်လာတဲ့ အကြောင်းတရားတွေပဲ။ ဒီတော့ခရီးသည် တင်ပြည် တွင်းရေကြောင်း သွား လာနေကြတဲ့ သင်္ဘောတော် တော်များများမှာလစ်ဟာ ချက်တွေအား နည်းချက်တွေက ရှိလာခဲ့ရ တယ်။ လိုရင်း ပြောရရင် အစိုးရပြောင်း လာတယ်။ ခေတ်ပြောင်းပြီလို့သာ ပါးစပ်က ပြောနေတာ ဌာနဆိုင်ရာလုပ်ကွက်တွေနဲ့ စိတ်ပိုင်း ဆိုင်ရာတွေကျ တော့ ပိုပြီးနောက်ကို ခြေလှမ်းဆုတ်ဆုတ်သွားလိုက်တာ ဟိုးနောက်ဆုံးကို ရောက် သွားတော့တာပဲ။

ခရီးသွား ပြည်သူ လူထု ဘက်ကကြည့်တော့ ရာသီဥတုသာယာနေရင် ဘာပဲပြောပြော အဆင် တော့ ပြေပါရဲ့။ တကယ် တမ်း မိုးရောလေရော ကျလာ ပြီဆိုရင် အဲဒီ“၂”ထပ် သင်္ဘောတွေရဲ့ အထူးသဖြင့် အပေါ်ထပ်ပိုင်းမှာ ပြဿနာ ကဘာလဲဆိုတော့ ဘေး ဘယ်ညာ ဟာလာ ဟင်းလင်းကြီးကိုး။ မိုးကာ ဖျင်စဆိုတဲ့ Awning တွေတော့ ရှိတယ်။ ဒါပေမဲ့ ဒါတွေချထားလို့ မရဘူး။ ချထားရင် တိုက်ခတ်တိုးဝှေ့ လာတဲ့ မိုးသက် လေပြင်းကို တင်းခံထားသ လိုဖြစ် ပြီး သင်္ဘောကြီး တိမ်းစောင်းသွားနိုင်တယ်။ မှောက်သွား နိုင်တယ်။ ဒီတော့ ခရီးသည် တွေက သင်္ဘော အပေါ် ကုန်းပတ်၊ အောက်ထပ်ကုန်းပတ် ဟာလာဟင်းလင်းကြီးမှာ မိုးရွာ ရွာ၊ လေ တိုက်တိုက်၊ ဒီအတိုင်း ငုတ် တုတ် ထိုင်ပြီး လိုက်သွားရတော့တာပဲ။ နောက်ပြဿနာ တစ်ခုကခရီးသည် အရေအတွက်နဲ့ ကုန်ချိန်သတ်မှတ်ချက် တွေ ထက် ပိုပြီးများများ စားစားတင်ထားတော့ (Over Weight) အလေးချိန်ပိုနေတယ်။ သင်္ဘောတွေရဲ့ ခံနိုင် အားဆိုတာရှိတယ်။ ဒီ့ထက်ပိုရင် ပြဿနာ ကကြီးတယ်။ နောက်ပြီး သင်္ဘောတွေရဲ့ ဖွဲ့စည်းပုံ ကိုယ်ထည်ပိုင်း၊ အောက်ဘက် ၀မ်းဗိုက်ပိုင်းစက်မှုပိုင်းကအစ သူ့အချိန်နဲ့ သူ သတ်မှတ်တဲ့ အချိန် ကာလမှာ စစ်ဆေးရတယ်။ ပြုပြင်ရတယ်။

လဲလှယ်စရာရှိရင် အသစ်လဲလှယ်ရတယ်။ အရေးပေါ်ပြုပြင် စရာရှိ ရင် Emergency Docking ဆိုတာရှိ ရမယ်။ အရေးပေါ်လွန်းတင်ပြင်ဆင်ရ မယ်။ နှစ်ပတ် လည် လွန်းတင်ပြင် ဆင်ခြင်း (Annual Docking)) ဆိုတာလည်း ရှိရမယ်။ ဒါပေမဲ့ ““ခေတ်””က အဲဒီ ““စနစ်””တွေကို ဖျက် လိုက်သလိုဖြစ်ပြီး စည်းကမ်းနည်း လမ်းတွေဟာ ပရမ်း ပတာဖြစ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ ဥပမာခရီး သည်တင် သင်္ဘောတစ်စီး။ ၀မ်း ဗိုက်ပိုင်း ဧရာပိုင်း Hull ဆိုလာတော့ သံပြားတစ်နေ ရာရာမှာ ဆွေးပြီးပေါက်နေ တာကိုဖြစ်သလို ဘိလပ် မြေနဲ့ ဖာထေးပြီး မောင်းနေ တာမျိုး။ ဒါကို သင်္ဘောသားလောကဝေါဟာရ “လက်ပူတိုက်”တယ်လို့ ခေါ်ခဲ့ဖူးတယ်။ သင်္ဘောရဲ့ ဘေးဘယ်ညာ သံပြားကြီးတွေ (Shipside Plates တွေ)မှာ တစ်နေရာရာ “နာ”ပြီး “အက်”တာတို့ “ဆွေး”တာ“သံချေးစား” တာ ဖြစ်နေတာကိုလည်း ဖြစ်သလို ဖာထေးပြီး ဆက်မောင်းနေတာမျိုး ရှိခဲ့ဖူးတယ်။

ခရီးသည်ပိုတင်သလို ကုန်တန်ချိန် ပိုတင်ပြီး မောင်းရင်း တင်းမခံသာတော့ဘဲ ရေတွေဝင်လာတော့ ရေစုပ် ထုတ်ပစ်ဖို့ မနိုင်မ နင်းဖြစ်ကုန်ကြပြီး သင်္ဘောကြီးတစ်စီးလုံး နစ်မြုပ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ ၀န်ထမ်း ပိုင်းမှာ“ငွေအသပြာ”ကို အာရုံစူး စိုက်တာများလာရင်း “ပညာ”ပိုင်း အာရုံစူးစိုက်မှု အရည်အသွေး ကျဆင်းလာ လို့ တချို့ သင်္ဘောချင်းတိုက်မိတာ၊ နစ်မြုပ်တာ တွေ လည်း ရှိခဲ့ဖူးတယ်။ နောက်ပြီးတော့ သင်္ဘောတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ ပစ္စည်းကိရိယာ မစုံလင်မှု၊ အရေးပေါ်အန္တရာယ် ကာကွယ်ရေး နည်းပညာနဲ့ ပစ္စည်းကိရိယာ မစုံလင်မှု၊ လေ့လာလေ့ကျင့်မှုပိုင်း အားနည်း ချို့ယွင်းမှုတွေကြောင့် အသက် အန္တရာယ် ဆုံးရှုံးမှုတွေလည်း အများကြီးရှိခဲ့ဖူးတယ်။ နောက်ပိုင်းမှာ န-၀-တ စစ်အစိုးရ၊ န- အ-ဖ စစ်အစိုးရ လက်ထက် တွေကျတော့ သင်္ဘောသစ် တချို့ဝယ်ယူတာ၊ ပြည်တွင်းမှာပဲပိုပြီး တည်ဆောက်တာတွေတော့ ရှိပေမယ့် ခေတ်တွေရဲ့ စနစ် တွေနဲ့ အရာရှိ ကြီးများ၊ အရာရှိငယ်များ အပါအ၀င် သက်ဆိုင်ရာ ၀န်ထမ်းပိုင်းရဲ့စိတ်ပိုင်းဆိုင်ရာတွေဟာ ဟိုအရင်ခေတ်တွေ တုန်းကလိုပဲ“အရိုး စွဲ” “အကျင့်ပါ”နေတာ၊ မပြောင်းလဲနိုင်ကြ သေးတာလည်း ရှိနေလေ တော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေဟာ ဒီနေ့ ဒီကာလအထိ ဖြစ်နေရတုန်းပါပဲ။

ပြီးခဲ့တဲ့ [၁၃-၃-၂၀၁၅]က ညပိုင်း “၈”နာရီပတ်ဝန်းကျင်မှာ ပြည်တွင်း ခရီးသည်တင်“၂” ထပ် ရေယာဉ် အောင် တံခွန် “၃” သင်္ဘောဦး ပိုင်း ပေါက်ရေ၀င်ပြီး ရခိုင်ပြည်နယ် မြေပုံမြို့နယ် မျောက်ကျိန်ကျွန်းနားမှာ နစ်မြုပ် သွားတာ လူ့အသက်တွေရော ကုန်ပစ္စည်းတွေရော ဆုံးရှုံးနစ်နာခဲ့ရတာ ၀မ်းနည်းကြေကွဲစရာပါ။ ခေတ်စနစ် အဆက်ဆက်ရဲ့ အရိုးစွဲ အကျင့် ပါ တာဝန်မကျေပွန်မှုမျိုးစုံ တွေကြားထဲမှာ မြေစာပင်ဘ၀နဲ့ အသက်တွေပေးပြီး ပစ္စည်းဆုံးရှုံး ကြေကွဲနှလုံးသား ပိုင်ရှင် အစစ်အမှန်တွေ ကတော့ ခရီးသွား ပြည်သူလူထုတွေ ပဲ ဖြစ်နေကြကြောင်း ပါ ခင်ဗျား။

ဆောင်းဝင်းလတ်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment