သင်္ကြန်ကာလ နီးကပ်ခြင်းနှင့် တရုတ်ဝယ်လိုအား များနေခြင်းကြောင့် ပြည်တွင်းဆန် ဈေးမြင့်နေ

ရန်ကုန် (မဇ္ဈိမ)။ ။ သင်္ကြန်ကာလ နီးကပ်လာခြင်းနှင့် နယ်စပ်ဆန်တင်ပို့မှု အားကောင်းနေခြင်းကြောင့် ပြည်တွင်းဆန်ဈေးမှာ အမြင့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်နှင့် မူဆယ်နယ်စပ် ဆန်ကုန်သည်များက ပြောသည်။
ဒေါ်လာဈေးနှင့် တရုတ်ယွမ်ဈေးများ မြင့်တက်နေခြင်းကြောင့် နယ်စပ်ဆန်ဈေးမြင့်သကဲ့သို့ ပြည်တွင်းဆန်ဈေးပါ လိုက်ပါမြင့်နေခြင်းဟု ဘုရင်နောင် အခြေစိုက်ဆန်ကုန်သည် ဦးသန်းနိုင်က ရှင်းပြသည်။
“သင်္ကြန်တွင်းနီးလာတော့ ဘုရင်နောင်ပွဲရုံတိုင်းလိုလို အရောင်းအဝယ်ပြန်လိုက်နေတယ်။ ပွဲရုံတိုင်း ရောင်းနေ ရပေမယ့် ကျွန်တော်ပွဲရုံမှာတော့ အရင်လတွေထက် ဒီမတ်လဆန်းပိုင်းမှာ သိသိသာသာမြင့်တက်လာတယ်၊ နယ်အ၀ယ်နဲ့ပေါင်းလိုက်ရင် မနေ့က ဆန်အိတ် ရာချီတင်လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
မြို့တွင်းနှင့် နယ်စပ်ကုန်သည်များ၏ ဝယ်လိုအားကြောင့် ဘုရင်နောင့်ဆန်ဈေးကွက်အတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၄၀၀ လောက်သာ မြင့်တက်သော်လည်း စားသုံးသူလက်လီဈေးကွက်ပြောင်းလဲမှုအား အတိအကျ ပြောဆိုရန် မလွယ်ဟုလည်း ဘုရင်နောင် ဆန်ပွဲရုံ လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ မူဆယ်ဆန်ကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်အိတ်ရေငါးသောင်းကျော် ပုံမှန်ဝင်နေသကဲ့သို့ တင်ပို့မှုမှာလည်း ဆန်အိတ်ရေ ငါးသောင်းခန့်ရှိနေသည်ဟု ဒေသခံကုန်သည်များက ပြောသည်။
မူဆယ်ဆန်ကုန်သည် ဦးမင်းသိန်းက“အ၀င်အထွက် မျှနေတဲ့သဘောပဲ။ ယွမ်ဈေးလည်း နည်းနည်းမာတဲ့ အတွက် ပို့ကုန်သမားတွေ အကြိုက်ရာသီပေါ့။ တရုတ်အကောက်ခွန်ဘက်မှာတော့ အဖမ်းအဆီး နည်းနည်းရှိ ပေမယ့် ဆန်တင်ပို့မှုက မလျော့ပါဘူး”ဟု ဆိုသည်။
နယ်စပ်ယွမ်ပေါက်ဈေးအနေဖြင့် ယခုရက်ပိုင်း တရုတ်ရွှေလီဘက်တွင် တစ်ယွမလျှင် မြန်မာငွေကျပ် ၁၇၀ ၀န်းကျင် အထိရှိနေပြီး ဧည့်မထ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ကျပ် ၁၈,၀၀၀ ၀န်းကျင်တွင်ရှိနေသည်ဟု မူဆယ်ဆန် ကုန်ုသည်များက ပြောသည်။
ဘုရင်နောင် ဆန်ကုန်စည်ဒိုင်ထုတ်ပြန်ချက်အရ ဧည့်မထ ၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၇,၀၀၀၊ ဧည်မထ ၁၀ မှတ်ဆန်တစ်အိတ်လျှင် ၁၆,၅၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၁၄,၃၀၀ ကျပ်၊ ဇီယာဆန်တစ် အိတ်လျှင် အမြင့်ဆုံး ကျပ် ၁၇,၈၀၀ မှ ကျပ် ၁၄,၀၀၀ ကြားတွင် ရှိနေသည်။
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment