ရန်ကုန် (မဇ္ဈိမ)။ ။ ယခု ၂၀၁၅ ခုနှစ်အတွက် တင်သွင်းကားများအနက် ၂၀၁၃ ခုနှစ်ထုတ် အင်ဂျင်ပါဝါ ၁၃၀၀ CC အောက်ကားများကို CIF တန်ဖိုး ကန်ဒေါ်လာ ၅,၀၀၀ ဖြင့် သတ်မှတ်ကောက်ခံရန် အတည်ပြုချက်ရရှိပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံ မော်တော်ကား ထုတ်လုပ်မှုနှင့် တင်သွင်းရောင်းချသူများ အသင်း ပြန်ကြားရေးတာဝန်ခံ ဦးမိုးကျော်စွာက မဇ္ဈိမကို ပြောသည်။
သို့ဖြစ်ရာ အင်ဂျင်ပါဝါ ၁,၃၀၀ CC အောက် တင်သွင်းပါက ၂၀၁၃ ခုနှစ်ထုတ် ကားများအထိကို CIF (ရန်ကုန် ဆိပ်ကမ်းအရောက် ) ကားဈေးနှုန်း အကြမ်းသတ်မှတ်ချက်တွင် ကန်ဒေါ်လာ ၅,၀၀၀ နှုန်းဖြင့်သာ သတ်မှတ်အခွန် ပေးဆောင်ရတော့မည် ဖြစ်သည်ဟု မတ်လ ၂၂ ရက်တွင် ပြောသည်။
ဦးမိုးကျော်စွာက ' အမှန်တော့ တစ်နှစ်ကုန်သွားရင် အရင်သတ်မှတ်ချက်ကိုလည်း တစ်နှစ်လိုက်တိုးပြီး သတ်မှတ်ပေးရမှာပါ။ ဒါပေမယ့် မပြောင်းဘဲ ထားထားတာ။ ၀ိုင်းပြီးတောင်းဆိုတော့မှ ခွင့်ပြုတာပါ။ ပုံမှန် အတိုင်းဖြစ်ရမှာကို တောင်းဆိုပြီးရလိုက်တဲ့ သဘောပါပဲ' ဟု ပြောသည်။
ယခု ၂၀၁၄ ခုနှစ်အတွက် လျှောက်ထားတင်သွင်းသည့် ကားများကို ၁,၃၅၀ CC အောက် ၂၀၀၉ မှ ၂၀၁၂ သက်တမ်းအတွင်း မည့်သည့်ယာဉ်အုပ်စုမဆို CIF တန်ဖိုး ဒေါ်လာ ၅,၀၀၀ ဖြင့် လျှောက်ထားတင်သွင်း ခွင့်ပြုထားသည်။ ထို့အတူ ၂၀၀၉ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ယာဉ်အသစ်များကိုလည်း ထုတ်လုပ်နှစ်အလိုက် သတ်မှတ်ထားခဲ့သည်။
သိရီမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်စခန်းမှ ဦးကျော်ခိုင်က 'တစ်နှစ်တိုးပေးတော့ သွင်းတဲ့အခါ CIF တန်ဖိုးကို ချိန်လို့ရသွားတာပေါ့။ မဟုတ်ရင် ဘယ်အထိကို CIF နဲ့ သတ်မှတ်ပြီး အခွန်ကောက်မလဲ ဆိုတာ စိုးရိမ်နေရတယ်'ဟု ပြောသည်။
ကားတင်သွင်းသူများသည် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီက ကြိုတင်သတ် မှတ်ထားသည့် CIF ဈေးနှုန်းအပေါ်တွင် အခြေပြုကာ တင်သွင်းကားများကို လျှောက်ထားခြင်း ဖြစ်သည်။ သတ် မှတ် CIF ဈေးသတ်မှတ်ချက် သက်သာသည့် ကားများကို တင်သွင်းပါက ယင်းအပေါ်ပေးဆောင်ရသည့် အခွန် နှုန်းထားမှာလည်း သက်သာသဖြင့် ကားတင်သွင်းသူများက ထုတ်လုပ်သည့် မော်ဒယ်နှစ်ကို တိုးတောင်း ခဲ့ကြခြင်းလည်းဖြစ်သည်။
၎င်းအပြင် ၂၀၁၄ ခုနှစ်အတွက် တင်သွင်းရန် ပါမစ်ရရှိထားခဲ့သည့် အရောင်းစင်တာပါမစ်များအနက် ယခု ၂၀၁၅ ခုနှစ်အတွင်းမှ တင်သွင်းနိုင်သည့်ယာဉ်များ (သက်သမ်းလွန်သွင်းကုန်လိုင်စင် )ကိုလည်း သတ် မှတ်ဒဏ်ကြေးများဖြင့် ထုတ်ယူခွင့်ရရှိမည်ဖြစ်သည်ဟု ဦးမိုးကျော်စွာက ဆက်လက်ပြောသည်။
Source:mizzimaburmese.com
0 comments:
Post a Comment