မြန်မာ−ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်းရှိ မဲဆောက်မြို့ အမှိုက်ပုံတစ်ခုတွင် ပြန်လည်ရောင်းချနိုင်သော စွန့်ပစ်ပစ္စည်းများကို ရှာဖွေနေသည့် မြန်မာအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ် (ဓာတ်ပုံ−ဆူးရဲနီ)
ရောင်စုံပလတ်စတစ်အမှိုက်စများက ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ဖန်ပုလင်းကွဲများနှင့် စွန့်ပစ်ထားသည့် အိမ်သုံးပစ္စည်းဟောင်းများကလည်း နေရာအနှံ့...။
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့၏ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှိုက်ပုံထဲမှ ထွက်လာသည့် ပုပ်ပွနေသည့် အသား၊ ဟင်းသီးဟင်းရွက်များမှ အနံ့ဆိုးများက ထောင်သောင်းချီသော ခြင်နှင့် ယင်ကောင်ကြီးများကို ဆွဲဆောင်လျက်ရှိသည်။
ဘောလုံးကွင်းသုံးကွင်းစာခန့်ရှိသည့် ကွင်းပြင်ကြီးထဲတွင် လူကြီးတစ်ယောက်၏ သုံးဆမျှအမြင့်ရှိသည့် မဲဆောက်အမှိုက်ပုံကြီးတွင် ရှင်သန်နေထိုင်ရန်အတွက် မျက်စပစ်နေသည်မှာ ခြင်နှင့် ယင်ကောင်များလို အမှိုက်ပျော်များသာမက ရာနှင့်ချီသော မြန်မာနိုင်ငံသားများလည်း အပါအ၀င်ဖြစ်သည်။
မြန်မာ−ထိုင်းနယ်စပ် မဲဆောက်မြို့အမှိုက်ပုံတွင် အသုံးတည့်မည့်ပစ္စည်းများကို ရှာဖွေနေသော အမျိုးသမီးတစ်ဦး (ဓာတ်ပုံ − ဆူးရဲနီ)
မဲဆောက်အမှိုက်ပုံက သူတို့အတွက်တော့ မသတီစရာကောင်းသည့် လောကနိဗ္ဗာန်ဘုံပင်ဖြစ်သည်။
မိုးတွင်း လက်ကျန်ရေများနှင့် စွန့်ပစ်အမှိုက်များပေါင်းစပ်ရာမှ ထွက်ပေါ်လာသော အနံ့အသက်များက လူတို့နေထိုင်ရန် မသင့်လျော်လှသော်လည်း ရာနှင့်ချီသော မြန်မာနိုင်ငံသားများသည် သူတို့၏မွေးရပ်မြေမှ စိုက်ပျိုးမြေများကို စွန့်ခွာပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အမှိုက်ပုံတွင် သူတို့၏ဘ၀ကို ရှင်သန်ရန်ရွေးချယ်ခဲ့ကြသည်။
မဲဆောက်အမှိုက်ပုံသည် ထိုင်းနိုင်ငံရောက် မြန်မာခုနစ်ရာခန့်၏ ဘ၀ရပ်တည်ရေးအတွက် မရှိမဖြစ်အရေးပါသည့်နေရာတစ်ခုဖြစ်သည်။
‘‘ဒီမှာရှာဖွေစားသောက်ရတာက မြန်မာပြည်ထက် အများကြီးအဆင်ပြေတယ်’’ဟု မဲဆောက်အမှိုက်ပုံတွင် နေထိုင်လာသည်မှာ ၁၅ နှစ်ခန့်ရှိပြီဖြစ်သည့် တောင်သူဟောင်းကြီး ဒေါ်ထွေးကြည်ကပြောသည်။
ဒေါ်ထွေးကြည်သည် မိသားစုဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ သူ၏ လယ်ယာမြေများကို စွန့်ခွာပြီး မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ကူးပြောင်းလာကာ မဲဆောက်အမှိုက်ပုံတွင် လာရောက်နေထိုင်ခြင်းဖြစ်သည်။
မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးမြေများရှိရာ အမိမြန်မာနိုင်ငံမှစွန့်ခွာပြီး ထိုင်းနိုင်ငံတွင် အမှိုက်ကောက်ရင်း အသက်ရှင်ရသည့်ဘ၀ကို ရွေးချယ်ခဲ့သည့် ဒေါ်ထွေးကြည်၏ တစ်ခုတည်းသော အကြောင်းပြချက်က အသက်ရှင်နေထိုင်နိုင်ရေးဟုဆိုသည်။
‘‘အဘွားတို့ ပင်ရင်းနေရာက အမည်းရောင်နယ်မြေထဲမှာ နေရတာဆိုတော့ ကောင်းကောင်းနေရတဲ့ အချိန်ကိုမရှိဘူး။ သေနတ်သံကြားမှာ အချိန်ပြည့်လူးလှိမ့်နေရတာ’’ဟု ကလေးသုံးယောက်မိခင်နှင့် မြေးလေးယောက်တို့၏ အသက်(၆၅)နှစ်အရွယ် အဘွားဖြစ်သူ ဒေါ်ထွေးကြည်ကပြောသည်။
ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်ဖြစ်သည့် မြန်မာ့တပ်မတော်နှင့် ကရင်သူပုန်များကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အသက်လုပြေးနေရသည်ထက် အမှိုက်ပုံတွင် လာရောက်ရှင်သန်ရသည့်ဘ၀က ပိုကောင်းသည်ဟု ဒေါ်ထွေးကြည်တို့ မိသားစုက သတ်မှတ်ခဲ့ကြသည်။ ကရင်ပြည်နယ်တစ်လျှောက် မြန်မာ့တပ်မတော်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU တို့ အပြင်းအထန်တိုက်ပွဲဆင်နွှဲမှုများအကြား အကြိမ် ၃၀ ခန့် ပေါ်တာအဖြစ် လိုက်ခဲ့ရပြီးနောက်တွင် မွေးရပ်မြေကိုစွန့်ခွာရန် ဒေါ်ထွေးကြည်တစ်ယောက် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒသများမှ ဒေသခံများသည်လည်း ဒေါ်ထွေးကြည်တို့ မိသားစုကဲ့သို့ မြန်မာနိုင်ငံမှ စွန့်ခွာထွက်ပြေးကာ မဲဆောက်အမှိုက်ပုံတွင် ဘ၀သစ်စရန် ဆုံးဖြတ်ခဲ့ကြသည်။
မဲဆောက်အမှိုက်ပုံတွင် လာရောက်သူများက အကြောင်းပြချက်အမျိုးမျိုးနှင့်ဖြစ်သည်။ သူတို့နေထိုင်ရာဒေသများတွင် လက်နက်ကိုင်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများကြောင့် ပြည်တွင်းနေရပ်များကို စွန့်ခွာထွက်ပြေးသူများရှိသလို စီးပွားရေးမပြေလည်သောကြောင့် ဘ၀သစ်စတင်နိုင်ရန် အမှိုက်ပုံကို ရွေးချယ်ခဲ့ကြသူများလည်းရှိသည်။
မဲဆောက်အမှိုက်ပုံရောက် မြန်မာများ၏ နောက်ခံအကြောင်း အရာများက မတူညီသည့်အကြောင်းပြချက်များရှိစေကာမူ သူတို့တွင် တူညီကြသည့် အချက်တစ်ခုကတော့ရှိသည်။ မဲဆောက်အမှိုက်ပုံမှ ဘ၀သည် မြန်မာနိုင်ငံတွင် အသက်ရှင်ရသည်ထက် ချောင်လည်ကြသည်ဆိုသည်။ ထိုအချက်ကို 7Day News ဂျာနယ်က တွေ့ဆုံမေးမြန်းခဲ့ကြသည့် အမှိုက်ကောက်လုပ်သား ၁၄ ဦးစလုံးက သဘောတူကြသည်။
‘‘မြန်မာပြည်မှာ တစ်နေကုန်လုပ်မှ သုံးထောင်လောက်ရတာ။ မကိုက်ဘူး။ ခါးချည့်အောင်လုပ်ရတယ်။ ရတဲ့ပိုက်ဆံနဲ့ ဆန်ဝယ်ဆီဝယ်နဲ့ မိသားစုမစားလောက်ဘူး’’ဟု မဲဆောက်အမှိုက်ပုံတွင် ရောက်ရှိနေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည့် ဒေါ်အေးဝင်းကပြောသည်။
မြန်မာနိုင်ငံ၏ စာရင်းဇယားများကလည်း သူတို့ပြောသည့်အချက်ကို ထောက်ခံလျက်ရှိသည်။ မဲဆောက်ရှိ အမှိုက်ကောက်လုပ်သားများရရှိသော တစ်လ၀င်ငွေသည် မြန်မာအစိုးရ၀န်ထမ်းများထက်ပင် သာလွန်ကောင်းမွန်သည့် အခြေအနေတွင်ရှိသည်။
ပုံမှန်အလုပ်လုပ်သည့် မဲဆောက်ရှိ အမှိုက်ကောက်လုပ်သားများရရှိသော အနည်းဆုံးဝင်ငွေသည် ကျပ်တစ်သိန်းခန့်ရရှိပြီး ယင်းပမာဏသည် မြန်မာအစိုးရ၀န်ကြီးဌာနများ၏ ရုံးအုပ်တစ်ယောက်ရရှိသော လစာပမာဏခန့်ဖြစ်သည်။
အလုပ်ကြိုးစားသည့် အမှိုက်ကောက်များဖြစ်ပါက ၎င်းတို့၏ တစ်လ၀င်ငွေသည် မြန်မာအစိုးရ၀န်ကြီးဌာနများရှိ ညွှန်ကြားရေးမှူးများရရှိသည့် လစာထက် ၅၀ရာခိုင်နှုန်းခန့် များပြားနေပြီး တစ်လလျှင်ကျပ်သုံးသိန်းခန့် ၀င်ငွေရှိသည်။
‘‘ဒီမှာ(ထိုင်း)က တစ်ရက် လူတစ်ယောက် ဘတ် ၁၀၀ (သုံးထောင်ကျပ်ဝန်းကျင်)ရရင် ကောင်းကောင်းစားလို့ရတယ်။ စားလို့ရတဲ့အပြင် စုလို့တောင်ရသေးတယ်’’ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် ရောင်ခြည်ဦးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးကိုမျိုးကပြောသည်။
အမှိုက်ပုံကိုမှီခိုပြီး လုပ်ကိုင်စားသောက်သူအားလုံးနီးပါးသည် ထိုင်းနိုင်ငံတွင် တရားဝင်လာရောက်နေထိုင်ကြသူများ ဖြစ်ကြသည်။ အမှိုက်ပုံလုပ်သားအချို့၏ ၀င်ငွေသည် မဲဆောက်မြို့သို့ တရားဝင် လာရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားအချို့ထက်ပင် ၀င်ငွေကောင်းကြသည်။
ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်သူများအတွက် အခြေခံလစာမှာ တစ်ရက်လျှင် ဘတ် ၃၀၀(ကျပ် ၉၀၀၀)၀န်းကျင် သတ်မှတ်ထားသော်လည်း အဆိုပါပမာဏရရှိသူမှာ အနည်းငယ်မျှသာဖြစ်သည်။ တရားဝင်အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ အခွန်ငွေဆောင်ရသော်လည်း မဲဆောက်အမှိုက်ပုံလုပ်သားများအဖို့တော့ သီးခြားကုန်ကျငွေ သိပ်များများစားစားမရှိ။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အကူအညီပေးသည့် အဖွဲ့အစည်းများရှိသလို မဲဆောက်အမှိုက်ကောက်သမားများအတွက်လည်း အကူအညီပေးသူများရှိသည်။ ဆန်၊ ရေ စသည့် အခြေခံစားသောက်ကုန်များအတွက် လစဉ်နီးပါးထောက်ပံ့မှုများရှိသလို ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း အနည်းဆုံးအကူအညီပေးရေးအဖွဲ့နှစ်ဖွဲ့က သူတို့အား ကူညီပေးလျက်ရှိသည်။
ဓာတ်ပုံ−ဆူးရဲနီ
‘‘သူတို့က အရေပြားရောဂါ ၀မ်းပျက်ဝမ်းလျှောတဲ့ကိစ္စက အမြဲတမ်းဖြစ်တယ်။ တစ်ခါသွားလို့ လာမကုဘူးဆိုရင် အနည်းဆုံးလူခြောက်ယောက် ခုနစ်ယောက်လာတယ်’’ဟု မဲဆောက်အမှိုက်ကောက်သူများကို ရက်သတ္တပတ်လျှင် နှစ်ကြိမ်နှုန်းဆေးဝါးကုသမှုပေးနေသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် ရောင်ခြည်ဦးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးကိုမျိုးကပြောသည်။
တစ်နယ်တစ်ကျေးတွင် အမှိုက်ကောက်သူများအဖို့ မဲဆောက်အမှိုက်ပုံက အရာရာတိုင်း အဆင်ပြေလှသည်တော့မဟုတ်။ ထိုင်းရဲက လာရောက်ဖမ်းဆီးပါက အမှိုက်ပုံတစ်ဖက်ခြမ်းရှိ တောထဲတွင် နာရီပေါင်းများစွာ ပုန်းအောင်းနေခဲ့ရသည့် အချိန်များလည်း ရှိခဲ့ကြသလို ဒေသခံလူမိုက်များကလည်း အမှိုက်ကောက်သမားများ၏ ပိုင်ဆိုင်မှုများကိုလုယူရုံမျှမက အသက်အန္တရာယ်ပင် ရန်ရှာကြသည်အထိရှိခဲ့သည်။
‘‘ကျွန်တော်တို့စရောက်ခါစတုန်းကတော့ သူတို့ခိုင်းချင်တိုင်းခိုင်း၊ နိုင်ချင်တိုင်းနိုင်တာ။ အခု ၂နှစ်၊ သုံးနှစ်ပိုင်းမှာတော့ မလုပ်တော့ဘူး’’ဟု လွန်ခဲ့သည့်ဆယ့်သုံးနှစ်ခန့်ကတည်းက မဲဆောက်အမှိုက်ပုံသို့ ရောက်ရှိနေသူတစ်ဦးကပြောသည်။
အမှိုက်ကောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများထဲမှ ထက်ဝက်ခန့်မှာ ကလေးငယ်များဖြစ်ပြီး ယင်းတို့ထဲမှ အချို့သည် အမှိုက်ပုံတွင်သာမွေးပြီး အမှိုက်ပုံတွင်သာ ကြီးပြင်းခဲ့ရသည်။ အမှိုက်ပုံသာ သူတို့၏ကမ္ဘာဖြစ်ခဲ့ကြပြီး တရားဝင်ပညာသင်ကြားခွင့်များမရကြဘဲ အမှိုက်ပုံများတွင်သာ ကြီးပြင်းအသက်ရှင်ကြရသည်။
ထိုင်းနိုင်ငံသားများ စားသောက်သုံးစွဲပြီး စွန့်ပစ်ထားသည့် အမှိုက်ပုံတွင် ၀မ်းရေးအရ လာရောက်ရုန်းကန်နေရသော်လည်း သူတို့တစ်ရက်အိမ်ပြန်ရမည်ဆိုသည့် အိပ်မက်ကို ဆွဲကိုင်ထားသူများလည်း ရှိနေဆဲဖြစ်သည်။
သို့သော်လည်း သူတို့အိမ်ပြန်ရေးအတွက် ပြဿနာများက ဒုနှင့်ဒေးဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ စွန့်ခွာလာသည့် သူတို့၏ အိမ်နှင့်မြေနေရာများကို ယခုအချိန်တွင် တစ်စုံတစ်ယောက်က ၀င်ရောက်နေထိုင်မှုများ ရှိကောင်းရှိနိုင်သည်။ သူတို့ ထွက်ခွာခဲ့သည့်နေရာသည် စစ်မြေပြင်ဖြစ်ခဲ့ပါက ထောင်သောင်းချီသည့် မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများက သူတို့အား စောင့်ကြိုနေလိမ့်မည်။ အမှိုက်ပုံထဲတွင် မွေးဖွားသူများဖြစ်ပါက မည်သည့်နိုင်ငံသားဖြစ်သည်ကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ချက်များ လိုနေလိမ့်မည်ဖြစ်သည်။
မည်မျှခက်ခဲစေကာမူ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူအိမ်ပြန်ရလိမ့်မည်ဟု အခိုင်အမာယုံကြည်ကြောင်းလည်း ဒေါ်ထွေးကြည်ကပြောသည်။
‘‘စဉ်းစားကြည့်ရင် ရင်နာတယ်။ ဘာလုပ်ရမယ်မှန်းလည်း မသိဘူး။ ကိုယ့်မြေကိုယ်ပြန်ချင်တယ်။ ကိုယ့်ဆွေကိုယ်မျိုးနဲ့ တစည်းတလုံးနေချင်တာပေါ့’’ဟု အဝေးကလာနေသည့် အမှိုက်ကားကိုကြည့်ရင်း ဒေါ်ထွေးကြည်ကဆိုသည်။ သူ၏ဘေးတွင်တော့ ယင်ကောင်များက တ၀ီဝီမြည်ကာ ပျံသန်းနေဆဲဖြစ်သည်။
ထွန်းခိုင်
Source:7daydaily.com
0 comments:
Post a Comment