ကချင်ဒေသ တိုက်ပွဲ ဆက်ဖြစ် 21 April 2015 21:34(+0630) (3 မိနစ် ခန့်က)

KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ ရှေ့တန်းတနေရာ။

 ကချင်ပြည်နယ် ဟူးကောင်းဒေသက ကောင်ရာရွာအနီးမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA အကြား ဒီကနေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး ကချင်တပ်ဖွဲ့က စခန်းတခုက ဆုတ်ခွာခဲ့ရပါတယ်။ မနေ့မနက်က စတင်ခဲ့တဲ့ ဒီတိုက်ပွဲကြောင့် ကောင်ရာရွာက ရွာသား ၁၀၀ လောက်ဟာ တနိုင်းမြို့ကို ထွက်ပြေး တိမ်းရှောင်နေရပြီး နန်ဗျူကျေးရွာသား ၁,၀၀၀ လောက်ကတော့ ရွာထဲမှာပဲ ပိတ်မိနေပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်းမြို့နယ် လီဒိုလမ်းမကြီးဘေးမှာရှိတဲ့ ကောင်ရာရွာအနီးမှာ မနေ့မနက်ခင်းက စပြီး အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲဟာ မနေ့မနက် ၁၀ နာရီလောက်ကနေ ညနေ ၄ နာရီလောက် အထိ ဖြစ်ပွားခဲ့ရာက ဒီကနေ့မနက်မှာတော့ KIA တပ်စခန်းကို အစိုးရတပ်က သိမ်းယူလိုက်တယ်လို့ တိုက်ပွဲဖြစ်ပွားရာကျေးရွာအနီးက ဒေသခံ တယောက်က ပြောပါတယ်။

“တိုက်ပွဲကဖြစ်နေတုန်းပဲ၊ ဒီနေ့မနက်က သူတို့ရဲ့ရှေ့တန်းတော့ ဆုတ်ပေးလိုက်ရပြီ-တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့က လက်နက်အင်အား၊ လူအင်အား အလုံးအရင်းနဲ့ ဝင်တိုက်တာကိုး။ မနေ့ကအထိတော့ နန်နက်ချောင်း အထိတော့ ဟိုဘက် ဒီဘက် မကူးဘူးတဲ့။ …. ဒီမနက်တော့ ထပ်ပြောလာတယ်။ လက်နက်ကြီးနဲ့ရော၊ လူအင်အားနဲ့ရောဖိပြီးမှ ဝင်လာတော့ တောင့်မခံနိုင်တော့ဘူး။ … တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၂) ပေါ့။ အဲဒီနေရာ ရှေ့တန်းစခန်းက ဖယ်ပေးလိုက်ရပီတဲ့။ ကိုးနာရီခွဲလောက်မှာ။”

တိုက်ပွဲဖြစ်ပွားရာအနီး ကောင်ရာရွာက ရွာသားတွေကို အစိုးရစစ်တပ်က အခြားကို တိမ်းရှောင်ခိုင်းတယ်လို့လည်း ဆက်ပြောပါတယ်။

“ကောင်ရာရွာပေါ့။ ကောင်ရာရွာဆိုတာ မြစ်ကြီးနား၊ တနိုင်း-လီဒိုလမ်းမပေါ်မှာရှိတဲ့ …. ကိုလမ်းခွဲဝင်သွားတဲ့ရွာပေါ့။ အဲဒီကရွာတွေ အားလုံးလည်း အစိုးရတပ်က ဖယ်ထားခိုင်းတယ်-တဲ့။ ရှောင်ထားခိုင်းတယ်။ အခုလောလောဆယ် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မတိမ်းမယိမ်းမှာ ရွာ ရှိတယ်။ အဲဒီ ရွာတွေအားလုံးက နမ်တီ..၊ နမ်ခါရွာကို ပြောင်းကြပြီလို့ ပြောတယ်။ ”

တိုက်ပွဲအတွင်းမှာ နှစ်ဖက် အထိအခိုက် အကျအဆုံးရှိကြောင်းသိရပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

တနိုင်းမြို့ခံ တယောက်ကတော့ လောလောဆယ် ကောင်ရာရွာသားတွေ တနိုင်းမြို့ကို တိမ်းရှောင်လာသလို နန်ဗျူရွာမှာလည်း တချို့ ပိတ်မိနေတယ်လို့ ပြောပါတယ်။

“ရွာသားတွေကျတော့ တနိုင်းကိုပြောင်းကုန်ကြပြီ၊ တချို့တွေ။ လောလောဆယ်က နှစ်ခြင်းဘုရားကျောင်းမှာက မနေ့ကရောက်လာတာက ၉၀ ကျော်တယ်။ အခုနက RC ဘုရားကျောင်းက အသင်းတော်က ကားလွှတ်ပြီးတော့ သွားကြိုပေးတယ်။ ၁၀၀ တော့ ကျော် လောက်ပြီထင်တယ်။ ဟုတ်ကဲ့၊ နန်ဗျူက လူတွေက ထွက်ဖို့က မလွယ်တော့ဘူးကော၊ သူတို့ ဖုန်းဆက် လှမ်းမေးကြည့်တော့ သူတို့ကထွက်ဖို့ နန်ဗျူ၊ နန်ခန်ကျေးရွာကိုပဲ ရွာသားတွေက စုပြီးတော့ နေနေတယ်တဲ့။ အခု လမ်းကြောက အဲဒီ လမ်းကြော တကြောပဲ ရှိတာကို။ အဲဒီမှာက တိုက်ပွဲဖြစ်နေတယ်ဆိုတော့ သူတို့က ထွက်ဖို့က အခက်အခဲရှိတယ်ပေါ့။ ရှိတယ်ဆိုရင်တော့ ထောင်ဂဏန်းတော့ ရှိတယ်-တဲ့။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ် ကံဆီရွာအနီးမှာ အစိုးရတပ်နဲ့ KIA အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အစိုးရနဲ့ KIAရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေက တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားဖို့ ညှိနှိုင်းဆောင်ရွက်နေစဉ်မှာပဲ တနိုင်းဒေသမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment