တေးသံရှင်ပိုပိုရဲ့ ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ “အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို” တေးအယ်လ်ဘမ် ပရိုမိုးရှင်းကို ဒဂုံစင်တာ၂ မှာ မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီကနေ ည ၇ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး မန္တလေးမနော်ရမ္မံ ကစားကွင်းမှာလည်း မေလ ၃၁ ရက်နေ့မှာ ပြုလုပ်ဖို့ရှိကြောင်း သိရပါတယ်။ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုလေ့ရှိတဲ့ ပိုပိုက “အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို” တေးအယ်လ်ဘမ်မှာလည်း သူကိုယ်တိုင်ရေးစပ်ထားပြီး ဖီးချားရင်းအနေနဲ့ စိုးကြီး၊ စုစန္ဒီထွန်း၊ ရွယ်ရွယ်တို့ ပါဝင်သီဆိုပေးထားပါတယ်။ တီးခတ်ထားတဲ့ Band ကတော့ Heaven Born ဖြစ်ပြီး Mixing & Mastering ကိုတော့ ချစ်စမ်းမောင်က စီစဉ်ပေးတာ ဖြစ်ပါတယ်။ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” နဲ့ ပတ်သက်လို့ ပိုပိုက..
” ချက်ချင်းကြီးထွက်လိုက်လို့ရှိရင် လုံလောက်တဲ့ ကောင်းမွန်မှု ရချင်မှရမယ်။ အခုကကျတော့ သေသေချာချာနဲ့ ဖြည်းဖြည်းချင်း စိမ်ပြီးတော့လုပ်ထားတဲ့အတွက် ကောင်းမယ်လို့ ပိုပိုယုံကြည်တယ်။ အခွေအစအဆုံးတစ်ခုမှမလွတ်အောင် ပိုပိုအတတ်နိုင်ဆုံးကြိုးစားထားတယ်” လို့ ဆိုပါတယ်။ “ချစ်ဖူးခဲ့သမျှ” ကစလို့ အောင်မြင်မှုရရှိလာခဲ့တဲ့ ပိုပိုအနေနဲ့ အရင်အချိန်တွေကို ပြန်လည်တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်မိလဲဆိုတာကို ” လူတစ်ယောက် ဘဝမှာ ကြိုးစားအားထုတ်မှုမရှိဘူး။ ဘဝနာတဲ့ အသိစိတ်တွေမရှိဘူးဆိုရင် သူ့ရဲ့အောင်မြင်မှုက နှေးကွေးလောက်မယ်ထင်တယ်။ ပိုပိုကတော့ ဒီလိုမျိုးကြိုးစားခဲ့ရတဲ့ဘဝကနေ တက်လာခဲ့တဲ့အတွက် ပိုပိုကတော့ ဂုဏ်ယူတယ်။ လှေကားတစ်ထစ်ချင်း၊ တစ်ထစ်ချင်းစီ တက်လှမ်းလာခဲ့ရတဲ့အတွက်ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်” လို့ ပိုပိုကပြောပါတယ်။ တက်တူးထိုးတာ ဝါသနာပါတဲ့ပိုပိုက ဘဝရဲ့အမှတ်တရတွေကို ခန္ဓာကိုယ်မှာထိုးလေ့ ရှိပြီး “ချစ်ဖူးခဲ့သမျှ” တုန်းကလည်း တက်တူးထိုးခဲ့သလို “အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို” ကိုလည်းအမှတ်တရ တက်တူးထိုးထားကြောင်း သိရပါတယ်။ မေလ ၁၆ ရက်နေ့ မွေးနေ့ရှင်ဖြစ်တဲ့ ပိုပိုက သူ့ရဲ့ ဒီနှစ်မွေးနေ့မှာ လှိုင်သာယာမိဘမဲ့ကလေးကျောင်း၊ မြောက် ဥက္ကလာ ဝေဘာဂီ HIV ဝေဒနာရှင်များ၊ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ၊ ဇီဝိတဒါနသံဃာ့ဆေးရုံစတဲ့ နေရာတွေမှာအလှူဒါနပြုလုပ်ခဲ့ပါတယ်။
မျိုးမောင်၊ဓာတ်ပုံအိသွဲ့(တန့်ယန်း)
Source:popularmyanmar.com

0 comments:
Post a Comment