ပြီးပြီးရော ရိုက်မယ့် ဇာတ်ကားမျိုးတွေ လက်ခံ ရိုက်ကူးဖြစ်မှာ မဟုတ်ဘူးလို့ ဖွင့်ဟလိုက်တဲ့ နိုင်းနိုင်း


မကြာသေးခင်ကမှ အမေရိကားမှာ ၃လကြာ မိသားစုနဲ့သွားရောက်တွေ့ဆုံပြီးပြန်လာတဲ့ နိုင်းနိုင်းက လက်ရှိမှာ ၀မ်းနိုင်းဝမ်းဆိုတဲ့ မီးသတ် ဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးနေပြီး သူ့မိသားစုအကြောင်းနဲ့ ရှေ့ဆက်သွားမဲ့ အနုပညာအကြောင်းအရာအချို့ကို ပြောပြလာတဲ့အခါ
"ခုရိုက်နေတဲ့ကားလေးက ၀မ်းနိုင်းဝမ်းတဲ့။ မီးသတ်ဇာတ်လမ်းတွဲလေးပါ။ ဒါရိုက်တာက ကိုဝိုင်း။ ဒီကားထဲမှာ ကျွန်တော်အပါအ၀င် ပါဝင်တဲ့ သရုပ်ဆောင်တွေက ပြေတီဦး၊ နိုင်းနိုင်း၊မင်းမော်ကွန်း၊မိုးဟေကို၊ နန်းမြတ်ဖြိုးသင်း၊ယုသန္တာတင်၊ ရတနာဗိုတို့ပါဝင်တယ်။ ရန်ကုန်အပြင်နေပြည်တော်မှာပါ ရိုက်ဖြစ်မယ်လို့ပြောပါတယ်။ ဒီကားထဲမှာ ကျွန်တော့် ကာရိုက်တာက စက်ရုံပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ပါဝင်ပါတယ်။ အရှေ့မှာရိုက်ခဲ့တဲ့ အချိန်တိုင်းနေရာတိုင်းကလဲ ပေါက်ခဲ့တော့ ဒီကားလေးကိုလဲ လူကြိုက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။"လို့ သူက ပထမဆုံး ပြောပြသွားပါတယ်။
ဗီဒီယိုသိပ်မရိုက်ဖြစ်တော့တဲ့ အကြောင်းကို မေးကြည့်လိုက်တော့ သူက "ကျွန်တော်က ခရီးက ဟိုနဲ့ဒီကို သွားလိုက်လာလိုက်ဖြစ်နေတော့ ဗီဒီယိုကို သိပ်မရိုက်ဖြစ်ဘူး။ အခုကားတောင် ကိုဝိုင်းက သူနဲ့ပြောထားတာ စီးရီးတွေလဲ ရှိတော့ ဒီကားလေးကို ရိုက်ဖြစ်ခဲ့တယ်။ နောက်ဒါပြီးရင်လဲ ဦးဇာဂနာ၊ ဦးဟိန်းစိုးတို့နဲ့ဇာတ်လမ်းတွဲပဲ ရိုက်ဖြစ်မယ်။ ပြီးရင် ကြော်ငြာရိုက်နည်းနည်းပါးပါးလဲ ရှိတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်ဗီဒီယိုလဲ ရိုက်မှာပါ။ စွန့်လွှတ်လို့မှ မရတာနော်။ ရိုက်ဖြစ်မှာပါ"တဲ့။
 အမေရိကားကို ၂ လခွဲသွားနေဖြစ်တဲ့အကြောင်းကိုတော့ "မိသားစုနဲ့သွားတွေ့တာပေါ့။ မိသားစုနဲ့က အခုတော့ ခွဲနေရတာပေါ့နော်။ ကျွန်တော်ဒီဖက်မှာ အလုပ်တွေအားလုံးပြီးသွားရင် အချိန်ရရင် ရသလို သွားပေးဖြစ်တယ်။ ကလေးတွေက ငယ်သေးတော့ ခုချိန်မှာ ဘာဖြစ်ချင်လဲဆိုတာ ခန့်မှန်းရ ခက်ပါသေးတယ်။ သူတို့လေးတွေ ကြီးလာတဲ့အချိန်ကျမှ တစ်ချက်ကြည့်ကြည့်ရမှာပေါ့။ အားလုံးကတော့ လောလောဆယ် ဓာတ်ပုံရိုက်ဆိုရင် တစ်ပုံနဲ့တစ်ပုံ မထပ်စေရဘူး။ အဲ့ဒါကလဲ ပြောရမှန်းရခက်ပါတယ်။ ရင်သွေးကတော့ ထပ်ယူဖို့အစီအစဉ် မရှိတော့ပါဘူး။ အမျိုးသမီးနဲ့ကလေးတွေကတော့ ဟိုမှာပဲ ကလေးတွေကလဲ ကျောင်းတက်နေပြီဆိုတော့ ဟိုမှာပဲနေဖို့ များပါတယ်။ သမီးကြီးက ၆ နှစ်ထဲရောက်တော့မယ်။ သားသားက ၄ နှစ်ခွဲ ကျောင်းတက်ရတော့မယ်။ နောက်ဆုံးနှစ်ယောက်ကတော့ ၃ နှစ်နဲ့တစ်နှစ်ခွဲပါ။ မိသားစုဘ၀လေးကတော့ ပြည့်စုံပါတယ်။ သားသမီးတွေ စုံစုံညီညီနဲ့တကယ့်ကို ပျော်စရာကောင်းတဲ့ ဘ၀လေးပါ။ တကယ့်မိသားစုပေါ့။ ဒါပေမဲ့ တစ်ခုဘာရှိလဲဆိုတော့ ကိုယ့်ရဲ့အလုပ်က ဒီမှာပဲ ရှိနေတဲ့အခါ မိသားစုနဲ့ခွဲနေတဲ့အခါကျတော့ မိသားစုရှိတယ်ဆိုတာပဲ ရှိတယ်။ တူတူရှိဖို့ ဆိုတာကတော့ ခဲယဉ်းတယ်ပေါ့။ ဖုန်းတော့ ဆက်ဖြစ်ပါတယ်။ တစ်ခါသွားရင် နှစ်လခွဲ၊ ၃လလောက်တော့ ကြာတယ်။ အမျိုးသမီးကလဲ ဟိုမှာကျောင်းတက်နေတာပဲ သူလဲပြီးတော့မယ်။ ကလေးလေးတွေ ကိုတော့ ကျောင်းတက်နေတုန်းမို့လို့ဒီကို မခေါ်သေးဘူး။ ခုက ကျွန်တော့မိဘတွေနဲ့ပဲပြန်နေဖြစ်တယ်။ ကလေးတွေကို ဒါဖြစ်ရမယ်ဆိုပြီးတသမတ်တည်းတော့ သတ်မှတ်လို့မရပါဘူး။ ကလေးတွေ ဘာကိုစိတ်ပါလဲ။ ဘာကိုဝါသနာပါလဲ။ အဲ့ဒီအပေါ်မှာ မူတည်ပါတယ်။ ကိုယ်ဖြစ်စေချင်တိုင်းလဲ ဖြစ်ချင်မှဖြစ်တာပါ။ ကိုယ်ဖြစ်စေချင်တာကို သူစိတ်မပါရင် အလကားပဲလေ။ အဲ့ဒါကြောင့် သူတို့ကြီးလာတဲ့ အခါကျမှသာ ဘယ်လိုပံ့ပိုးရမလဲ။ ဘယ်လိုဖြည့်ဆည်းရမလဲ ဆိုတာ စဉ်းစားရမှာပေါ့။"လို့ သူက ဆိုသွားပါတယ်။
"ကျွန်တော့ကို အားပေးခဲ့တဲ့ ပရိသတ်တွေကို ပြောချင်တာကတော့ ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွေကလဲ များနေပြီ။ ကိုယ်နဲ့လိုက်ဖက်မယ့် ကာရိုက်တာ ဒါမှမဟုတ် ကိုယ်မလုပ်ဖူးတဲ့ ဇာတ်ရုပ်မျိုးကို လူစိတ်ဝင်စားမဲ့ ဇာတ်ရုပ်မျိုး၊ နောက်ဇာတ်လမ်းကအစ ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းမျိုးတွေနဲ့မတူတဲ့ ဟာမျိုးဆိုရင်တော့ လက်ခံဖြစ်မယ်လို့စဉ်းစားထားပါတယ်။ အဲ့လိုမဟုတ်ပဲ ပြီးပြီးရော ရိုက်သွားမယ့် ဟာမျိုးဆိုရင်တော့ အစ်ကိုရိုက်လဲမရိုက်ပါဘူး။ လက်လဲမလက်ခံပါဘူး"လို့လည်း သူကပြောပြခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment