ပြင်ဦးလွင်ကအိမ်ကြီးတွေ သရဲတကယ်ခြောက်သလား


 ပြင်ဦးလွင်မြို့ကို ၁၈၉၆ ခုနှစ်မှစတင်၍ နွေရာသီဘုရင်ခံ စံနန်းတော်မြို့အဖြစ် အင်္ဂလိပ်တို့ တည်ဆောက်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၁၂၀ ပြည့်တော့မည် ဖြစ်ပေသည်။ ပြင်ဦးလွင်မြို့အား အင်္ဂလိပ်တို့ စတင်တည်ဆောက်ရာတွင် ဥရောပပုံစံအတိုင်း မီးခိုးခေါင်းတိုင်ပါ လူနေအိမ်များ၊ ရုံး၊ ကျောင်းစသည့် အဆောက်အအုံများကိုလည်း အင်္ဂလန်နိုင်ငံ ရာသီဥတုနှင့်ကိုက်ညီသည့် ပုံသဏ္ဌာန်အတိုင်း ထပ်တူဆောက်လုပ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပြင်ဦးလွင်နှင့် အင်္ဂလန်သည် ရေ၊ မြေ၊ တော၊ တောင် သဘာဝပတ်ဝန်းကျင်တို့ တူသည်သာမက ရာသီဥတုပင်လျှင် တူညီသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

ပြင်ဦးလွင်မြို့သည် တောင်ပေါ်အပန်းဖြေစခန်းမြို့ပီပီ သဘာဝကျကျ တောတောင်ရေမြေ စိမ့်စိမ်းရေတံခွန်တို့ ပေါများစွာရှိနေခြင်း၊ လှပကျယ်ဝန်းပြီး ပေါင်းစုံများပြားလှသော အရောင်အသွေး ဝေေ၀ဆာဆာနှင့် ပန်းဥယျာဉ်ကြီးများရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာ သွားလာနိုင်ခြင်းစသည့် အားသာချက်တို့ကြောင့် မြန်မာပြည်၏ ဟောလိဝုဒ်ဟု တင်စားခေါ်ဝေါ်လာကြသည်။ ရုပ်ရှင်နှင့် ဗွီဒီယို အများအပြား ပြင်ဦးလွင်၌ လာရောက်ရိုက်ကူးကြသည်မှာ ၁၉၂၃ ခုနှစ်က ရန်ကုန်မြို့တွင် ရုံတင်ပြသခဲ့သော 'တောမြိုင်စွန်းက လွမ်းအောင်ဖန်' ရုပ်ရှင်ဇာတ်ကားကြီးမှ အစပြုခဲ့သည်မှာ ယနေ့အထိပင် မရေမတွက်နိုင် အောင်များပြားခဲ့ပြီး ဖြစ်ပေသည်။

ထိုကဲ့သို့ ပြင်ဦးလွင်၌ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကား အများအပြား လာရောက်ရိုက်ကူးကြသည့်အထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သရဲ၊ တစ္ဆေကားများပင် ရိုက်ကူးလာကြသည်မှာ ယနေ့အထိ များပြားလှသောဇာတ်ကားများကို တွေ့မြင်နေရသည်။

ဤကဲ့သို့ ရှေးဟောင်းအိမ်ကြီးများကို အသုံးပြု၍ သရဲ၊ တစ္ဆေဇာတ်ကားတို့ကို ရိုက်ကူးပြသလျက်ရှိကြရာ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူ ရုပ်ရှင်ကြည့်ပရိသတ်များမှာ ဇာတ်ဝင်ခန်းများတွင်ပါရှိသော ရှေးဟောင်းအိမ်ကြီးများကို မြင်တွေ့ကြသောအခါ အမှန်ပင် သရဲခြောက်သောအိမ်ကြီးများဟု ထင်မှတ်မှားသွားကြတော့သည်။

မသိနားမလည်သူများ အနားမကပ်ဝံ့လောက်အောင်ပင် ဇာတ်ကွက်၊ ဇာတ်လမ်းများက အသက်ဝင်လှသည်။ ''ရုပ်ရှင်ထဲက သရဲခြောက်တဲ့ အိမ်ကြီး''ဟုလည်း လာရောက်ကြသည့် ဧည့်သည်များမှ လက်ညှိုးတထိုးထိုးနှင့် ပြောဆိုသွားကြသံများကို မကြာခဏဆိုသလို တွေ့မြင်ကြားသိ နေရသည်။ သရဲ၊ တစ္ဆေဇာတ်ကားများ ရိုက်ကူးပြသမှု များပြားလာသည်နှင့်အမျှ ပြင်ဦးလွင်ရှိရှေးဟောင်းအိမ်ကြီးများကို သရဲခြောက်သော အိမ်ကြီးများဟု ပြောဆိုကြသူများပြားလာခဲ့ကြသည်။

ဇဝေဇ၀ါနှင့် ထင်ယောင်ထင်မှားဖြစ် လာကြသူများကလည်း ဒုနဲ့ဒေး၊ ယုံကြည်ကြသူများကလည်း မရေမတွက်နိုင်အောင်ပင် ရှိလာကြတော့သည်။

နှစ်ကာလကြာလာသည်နှင့်အမျှ ပြောဆိုယုံကြည်သူ များပြားလာလျှင် အမှားသည်၊ အမှန်ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ရုပ်ရှင်နှင့် ဗီဒီယိုလောကသားများ အားကိုးအားထားပြုနေကြသည့် မြန်မာပြည်၏ ဟောလိဝုဒ်မြို့လေး အရုပ်ဆိုး အကျည်းမတန်စေလိုပါ။ ပြင်ဦးလွင်မြို့သူ မြို့သားများမှာ လှလှပပသာသာယာယာနှင့် လာရောက် ကြသူအပေါင်းကို ကိုယ်စိတ်နှလုံး အပန်းပြေစေလိုကြသည်။

''ပြင်ဦးလွင်မှာ သရဲခြောက်သောအိမ်ကြီးတွေ အခုအချိန်ထိရှိနေဆဲ''ဆိုသည်မှာ ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းများထဲ ၌သာ ဇာတ်လမ်းဇာတ် ကွက်အရ ဇာတ်ဝင်ခန်းအဖြစ်ရှိနေဆဲသာ ဖြစ်ပါသည်ဟု . . . ။

သက်နိုင်(ပြင်ဦးလွင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment