စားဖားများ ဒီမိုကရေစီ လှေကြုံစီးသူများ သတိထား


 ရွေးကောက်ပွဲကျင်းပမည့်ရက်နီးလာတာနဲ့အမျှ စစ်ဗိုလ်လူထွက် ဒီမိုကရေစီအမည်ခံ အယောင်ဆောင်တွေ၊ စီးပွားရေးသမား ခရိုနီတွေ၊ စားဖားတွေ၊ ဒီမိုကရေစီလှေကြုံစီးသူတွေ အရင်ထက်ပိုပြီး လှုပ်လှုပ်ရွရွဖြစ်လာ ကြတာတွေ့ရပါတယ်။ အထူးသဖြင့် အာဏာထိုင်ခံပေါ်တွင် နှစ်ပေါင်းရှည်ကြာထိုင်လာကြသူများက မဲရရှိရေး အတွက် လူအများအကြိုက် မီးရှူးမီးပန်းဖောက်မှုများ နိုင်ငံရေးစတန့်ထွင်မှုများဖြင့် ဆွဲဆောင်စည်းရုံးလာကြပါ တယ်။ ဒီလှုပ်ရှားမှုတွေထဲမှာ လူကြီးအကြိုက် အလံရှူးလုပ်တာမျိုးလည်း တွေ့ရပါတယ်။

ဇူလိုင် ၁၂ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ၀ဲကြီးကျေးရွာနှင့် ပန်းချောင်းကျေးရွာသို့ မှော်ဝန်းချောင်းကို ဖြတ်သန်းတည်ဆောက်ထားတဲ့ မှော်ဝန်းတံတားဖွင့်ပွဲသို့ သမ္မတဦးသိန်းစိန် တက်ရောက်ပါ တယ်။ သမ္မတကြီး တက်ရောက်တဲ့ တံတားဖွင့်ပွဲအခမ်းအနားဟာ ကြက်ပျံမကျ စည်းကားလှပါတယ်။ နိုင်ငံ တော် သမ္မတ၊ ဒုတိယ သမ္မတတဦးတက်ရောက်တဲ့ အခမ်းအနားတရပ် လူများတာ အထူးအဆန်းမဟုတ်ပါ ဘူး။ ဒေသအာဏာပိုင်များက တမင်လူများအောင် နည်းမျိုးစုံဖြင့် စုစည်းထားတဲ့အတွက် ဖြစ်ပါတယ်။ ဌာန ဆိုင်ရာတွေ အားလုံးတာဝန်အရ မဖြစ်မနေတက်ရောက်ကြရတယ်။

ဒေသခံတွေဆိုရင်လည်း အနည်းဆုံး တအိမ်တယောက်ပေါ့။ ဒီလုပ်နည်းလုပ်ဟန်တွေက အဆက်ဆက်သော အာဏာပိုင်တွေ၊ အစိုးရတွေလုပ်ခဲ့ကြ တာမို့ ထူးပြီးမဆန်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ထူးတာက အဲဒီ ပရိသတ်ထဲမှအချို့က ''သမ္မတကြီး ဆက်လက်ပြီး သမ္မတကြီး တာဝန်ထမ်းဆောင်ပေးပါ''ဆိုပြီး ဗီနိုင်းစာသားများ ကိုကိုင်ပြီး ဆန္ဒဖော်ထုတ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ဒေသခံများရဲ့ဆန္ဒကို ထင်ဟပ်ဖော်ပြခြင်းထက် ကြိုတင်ဇာတ်တိုက်ထားတဲ့ အလံရှူးလုပ်ရပ် တခုဖြစ်ဖို့ ပိုများပါတယ်။

ရွေးကောက်ပွဲကြီးနီးလာတဲ့အတွက် သာကူးတွေ၊ ဒီမိုကရေစီ လှေကြုံစီးသူတွေ၊ ပါတီကူးပြောင်းဖို့ ကြိုးစားသူ များကိုတွေ့ရပါတယ်။ သမ္မတရဲ့အကြံပေးဟောင်း ဦးနေဇင်လတ်တည်ထောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီ ကို ကိုယ်စားပြုပြီး လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးအချို့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ သတင်းများလည်း ကြားရပါတယ်။ ဥက္ကဋ္ဌဦးနေဇင်လတ်က ''လောလောဆယ် ၀င်ရောက်တာမျိုး မရှိသေးဘူး။

ကမ်းလှမ်းချက်အချို့တော့ရှိတယ်။ ပါတီက လက်ခံတယ်၊ လက်မခံဘူးဆိုတာတော့ ပြန်ဆုံးဖြတ်ရ ဦးမယ်'' ဆိုပြီး ပြောပါတယ်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးများ၌ ဦးစားပေးယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များမှာ မဲဆန္ဒနယ် ၁၅၀ ခန့် ၀င်ပြိုင်မယ် လို့ဆိုပါတယ်။ ပါတီတည်ထောင်တာ မကြာသေးပေမယ့် သမ္မတရဲ့အကြံပေးဟောင်းက တည်ထောင်တဲ့ အတွက် အတော်လေး လူပြောများနေတဲ့ နိုင်ငံရေးပါတီတခုလည်း ဖြစ်ပါတယ်။

ကယားပြည်နယ် ၀န်ကြီးချုပ်ဦးခင်မောင်ဦးအပါအ၀င် ၀န်ကြီး ၅ ဦးဟာ ပါတီရဲ့မူဝါဒနဲ့ပတ်သက်ပြီး မကျေလည် တဲ့အတွက် အာဏာရပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်ခဲ့ကြတယ်။ ကယားပြည်နယ်အစိုးရ ၀န်ကြီး ၅ ဦးဟာ ဒေါက်တာနေဇင်လတ်ရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၀င်ရောက်မယ်ဆိုပြီး အစောပိုင်းတွင် သတင်း များထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကာယယံရှင်များက ၂၀၁၅ ရွေးကောက်ပွဲဒေသခံများ လက်ခံရင် တသီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးခံမှာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။

ဒါပေမဲ့ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်တဦးက ''အဲဒီ ၀န်ကြီးချုပ်နဲ့ဝန်ကြီးလေးပါးဟာ အင်အား ကြီးပါတီတခုနဲ့ပူးပေါင်းဖို့ ဆန္ဒပြုထားတယ်။ ဘယ်ပါတီဆိုတာတော့ မောင်ရင်တို့ သဘောပေါက်ပေါ့။ ကြံ့ခိုင် ရေးက နောက်နှစ်ဦးရှိသေးတယ်။ ဦးစိုးသိန်းနဲ့ ဦးအောင်မင်း။ သူတို့ ကြံ့ခိုင်ရေးကရွေးဖို့ဆန္ဒပြုတာ လက်မခံလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ တစညပါတီက ၀င်ပြိုင်ကြလိမ့်မယ်။

နောက်တခု ရှိသေးတယ်။ နိုင်ငံတော်သမ္မတကြီးပေါ့နော်။ ၂၀၁၅ မှာ ကြံ့ခိုင်ရေးရှုံးမှာကို သိနေတယ်။ ဒါကြောင့် ပါတီနိုင်ငံရေးမလုပ်တော့ဘူး။ အမျိုးသားနိုင်ငံရေးလုပ်တော့မယ်ပြောပြီး ရန်ကုန်တိုင်း ကျောက်တန်း မှော်ဝန်း တံတားဖွင့်ပွဲမှာ ရုပ်လုံးထွက်ပြတာဖြစ်တယ်။ ဦးအုန်းမြင့်က ဒေသခံတွေကို ကြိုစည်းရုံးထားတယ်။ သမ္မတကြီး စတေကာဓာတ်ပုံတွေဖြန့်ထားတယ်။ ဒီကိစ္စ ကြိုတင်ပြင်ဆင်ထားမှုဖြစ်တယ်။ ဒါကြောင့် သမ္မတကြီးရောက်လာ တဲ့အချိန် ဒီလိုလုပ်နိုင်တာဖြစ်ပါတယ်''လို့ ပြောကြားပါတယ်။

အထက်ပါစကားတွေဟာ ရွေးကောက်ပွဲကြီး ကျင်းပခါနီးတွင် လူပုဂ္ဂိုလ်အချင်းချင်းတဦးကိုတဦး သိက္ခာချတာ လည်းဖြစ်နိုင်ပါတယ်။ ဒါ့ပြင် နိုင်ငံရေးလောကအတွင်း အခြေအနေများ ရှုပ်ထွေးသွားစေရန် ကစားကွက် အမျိုးမျိုးရွှေ့တာလည်း ဖြစ်နိုင်ပါတယ်။

အာဏာနိုင်ငံရေးလောကဖြစ်တဲ့အတွက် အာဏာအခြေပြုကစားပွဲများ ဟာ ပြိုင်ဘက်အချင်းချင်း အကြားသိက္ခာရှိရှိ ပြိုင်ဆိုင်မှုမျိုးအပြင် တခါတလေ သူသေကိုယ်သေ အပြုတ်တိုက် အပြတ်ချလေ့ရှိကြပါတယ်။ အာဏာရှိသူများက အာဏာခိုင်မြဲရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ကြမှာဖြစ်သလို ငွေကြေးကြွယ်ဝသူများက ငွေကြေးကို အသုံးချပြီး ရွေးကောက်ပွဲနည်းလမ်းမှတဆင့် လွှတ်တော်ထဲအရောက် ၀င်ကာ မိမိတို့အကျိုးစီးပွားများကို ကာကွယ်ကြမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ လှေကြုံစီးကြတာဖြစ်ပါတယ်။ ဒီမိုကရေစီလှေကြုံစီးသူတွေ နောင်ဖွဲ့စည်းမည့် အာဏာပိုင်အဖွဲ့အစည်း ၃ ရပ်မှာ ပါဝင်မလာဖို့ အရေးကြီးပါ တယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ယုံကြည်စိတ်ချရမည့်သူများ၊ တနည်းအားဖြင့် ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားတို့ ယုံကြည်စိတ်ချရသူများနှင့် ဒီမိုကရေစီဖော်ဆောင်ရေးကို ဟန့်တားနေကြသူများ၊ နှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်နေကြသူများရဲ့ အားပြိုင်ပွဲတခုဖြစ်ပါတယ်။ ဒီပွဲ မှာ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရအောင် အင်နဲ့အားနဲ့ ပုံအောရပါမယ်။ ဒီမိုကရေစီအင်အားစုတွေ၊ အရည် အချင်းရှိသူတွေ လွှတ်တော်အသီးသီးမှာ အမြောက်အမြားရောက်ဖို့ လိုပါတယ်။

''ဒီကနေ့ နိုင်ငံရေးအနေအထားက ရွေးကောက်ပွဲနီးလာတာနှင့်အမျှ ပြည်သူကိုယုံကြည်၊ ပြည်သူနဲ့အတူခံစား၊ ပြည်သူ့အားနဲ့ တည်ဆောက်ထားသူတို့ကလွဲလျှင် ကျန်ရှိသော နိုင်ငံရေးအင်အားစုတို့ ပျာယာခတ်နေသည်ဟု ခံစားနေရသည်။ အာဏာရရှိနေရးအပေါ်မှာ မိမိတို့၏လုပ်ပိုင်ခွင့်စည်းစိမ်ဥစ္စာတို့အပေါ်မှာ အခြေခံသည့်ကွဲလွဲမှု များ တွန်းတိုက်မှုများက တနေ့တခြား မဖုံးနိုင်မဖိနိုင် ပေါ်ပေါက်လာနေသည်များကိုလည်း တွေ့မြင်နေရသည်။ ဒါက ပြည်သူ့အကျိုးစီးပွားပေါ်မှာ အခြေပြုကွဲလွဲတာမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားပေါ်မှာ ဆန့်ကျင်နေကြသည့်အတွက် ပြည်သူလူထုက စိတ်မ၀င်စား။ သို့သော်လည်း မိမိတို့၏ရှေ့ရေးအတွက် ဒီမိုက ရေစီခေါင်းဆောင်များကို ပုံအောမဲပေးဖို့အတွက် ပိုမိုခိုင်မာလာတာတော့အမှန်။

အာဏာရှင်လက်အောက်မှာနေချင်သလား။ တရားမျှတပြီး လူ့အခွင့်အရေးကို လေးစားသည့်နိုင်ငံမှာ နေချင် သလား။
ကိုယ်ကျိုးစီးပွားရှာမှုများဖြင့် လူတစုကြီးပွားချမ်းသာပြီး လူများစု ပြည်သူတို့ ဆင်းရဲမွဲတေနေသည့်နိုင်ငံမှာ နေချင်သလား၊ တိုင်းပြည်နှင့် ပြည်သူအများစု တိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံမှာ နေချင်သလား။

ရွေးချယ်စရာ များများမရှိ။ အပြောင်းအလဲလိုချင်သည်ဆိုလျှင် ပြည်သူတိုင်း မဲပေးဖို့လိုသည်။ အာဏာရှင်တို့ကို ဖယ်ချပြီး ဒီမိုကရေစီကို မဲပေးကြဖို့လိုသည်''ဟု ဆရာဖေမြင့်က ဇူလိုင် ၁၄ ရက်နေ့ထုတ် 'ပြည်သူ့အရေး' ဂျာနယ်တွင် ဖော်ပြထားသည်။
ဒီကနေ့ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုပေါင်းစုံနဲ့ ကြုံတွေ့နေရပါတယ်။ လွတ်လပ်ရေးနှင့်အတူပါလာတဲ့ ပြည်တွင်းစစ် မပြီးဆုံးသေးပါဘူး။ ကမ္ဘာပေါ်တွင် လက်နက်ကိုင်သောင်းကျန်းမှု အဖွဲ့အစည်းအများဆုံးနိုင်ငံဖြစ်ပါတယ်။ စစ်ပွဲ များကြောင့် ဒေသတွင်း ဒုက္ခသည်အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အလုပ်လက်မဲ့ထူပြောပြီး ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပါတယ်။

ပြောရရင်တော့ မြန်မာနိုင်ငံဟာ လူလည်းမကောင်း၊ မူလည်းမကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ဗမာကတမျိုး၊ ရှမ်းကတဖုံ၊ ကချင်က ထောင်ထား အကွဲကွဲအပြားပြားနဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲနေပါတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလ တရားသုံးပါးဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေစာအုပ်ထဲမှာပဲ ရှိပါတယ်။

ဒီကနေ့ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲဟာ ''ရှိသူနဲ့ မရှိသူရဲ့တိုက်ပွဲ''ဖြစ်ပါတယ်။ အာဏာမရှိသူတွေ၊ ပစ္စည်း ဥစ္စာမရှိသူတွေက အာဏာရှိသူတွေ၊ အလွန်အမင်းကြွယ်ဝချမ်းသာနေကြသူတွေ၊ မတရားသဖြင့် အကျင့်ပျက် ခြစားပြီး တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို ရယူထားကြတယ်လို့ မြင်နေကြပါတယ်။ ရှိပြီးသားလူတွေကလည်း လက်ရှိအာဏာ၊ ဓနဥစ္စာတွေ လက်လွတ်မသွားစေဖို့ ဒီထက်မက ပိုရှိပိုချမ်းသာစေဖို့ နည်းမျိုးစုံဖြင့် ကာကွယ်နေ ကြပါတယ်။
ဒီလို လူ့အဖွဲ့အစည်းမှာ တဖွဲ့နဲ့တဖွဲ့၊ တိုင်းရင်းသားလူမျိုးတမျိုးနှင့်တမျိုး ဘယ်လိုလုပ်ပြီး စည်းလုံးညီညွတ်မှု ရှိပါ့မလဲ။ တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ။ ညီညွတ်ရေးဆိုတာ တမျိုးသားလုံးညီညွတ်ရေးကိုပြောတာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသလို စားဖားတွေ ညီညွတ်ရေးကို ပြောတာမဟုတ်ပါဘူး။ အုပ်ချုပ်သူ လူ့မလိုင်တစုနဲ့ သူတို့ရဲ့လက်ဝေခံ ခရိုနီတစု ညီညွတ်ရေးကို ဆိုလိုတာမဟုတ်ပါဘူး။

တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာကြာ အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်အဆက်အနွှယ် တွေဟာ ပြည်သူလူထု အများစုကြီးရဲ့ဆန္ဒ၊ ဆုံးဖြတ်ပိုင်ခွင့်ကို ပစ်ပယ်ခဲ့ကြ၊ လျစ်လျူရှုခဲ့ လျစ်လျူရှုနေကြပါ တယ်။

လာမည့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြည်သူလူထုကြီးဟာ ၇၅ ရာခိုင်နှုန်းသော ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်ရကြပါမယ်။ အဲဒီကိုယ်စားလှယ် ၇၅% မှာ စစ်တပ်အနွှယ်တွေ၊ စစ်ဗိုလ်ဟောင်းတွေ၊ ခရိုနီတွေ၊ စားဖားတွေနဲ့ ဒီမိုကရေစီ လှေကြုံစီးသူတွေ တယောက်တလေမှ ပါမလာဖို့လိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကြီးနီးလာပါမှ လမ်းဖောက်ပေးမယ်၊ တံတားဆောက်ပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးလာ မည့်သူများကို သတိထားကြပါ။ ဘယ်စစ်ဗိုလ်လူထွက်ကတော့ ငါတို့ဒေသခံပဲ အားကိုးရမယ်ဆိုပြီး မဲမပေးကြ ပါနဲ့။ သူတို့တတွေဟာ ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်ပြောင်းကြသော်လည်း အာဏာရှင်စိတ်ဓာတ်ကို သေသည် အထိ ဖျောက်မယ့်သူများမဟုတ်ကြပါဘူး။ အထူးသဖြင့် စစ်အာဏာရှင်များနှင့်ပေါင်းပြီး မြေသိမ်းယာသိမ်းလုပ်ခဲ့ ကြတဲ့ ခရိုနီကြီးငယ်များကို ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်ကြပါလို့ တိုက်တွန်းလိုက်ရကြောင်းပါဗျာ။

ဝိုင်းတော်သားတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment