တရားဥပဒေကင်းမဲ့ဇုန်


        မကွေးတိုင်း ဒေသကြီး၊ အထက်မင်းလှ မြို့နယ်အတွင်း ရေနံစိမ်း သိုလှောင်သယ်ယူ ရောင်းဝယ်ခြင်း လုပ်ငန်းတွင် တရားမ၀င် ဥပဒေမဲ့ သိုလှောင်၊ ရောင်းဝယ် သယ်ယူ လုပ်ကိုင်နေခြင်း၊ အာဏာပိုင် အစိုးရဌာန အဖွဲ့အစည်း အသီးသီးမှ လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားခြင်း၊ တိုင်းဒေသကြီး မြို့နယ်ဌာနပိုင်း ဆိုင်ရာ အသီးသီးတို့၏ ရန်ပုံငွေအဓမ္မ တောင်းခံနေခြင်း တို့ကြောင့် ရေနံလုပ်ငန်းရှင်များ အနေဖြင့် တရားဝင် လုပ်ကိုင်ရန် အခက်အခဲများ၊ အဆင်မပြေမှုများကြောင့် ရင်ဆိုင်နေရကြောင်း မင်းလှမြို့ ရေနံလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

          ရေနံစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်သို့ကုန်သွယ်ခွန်၊ ၀င်ငွေခွန်၊ စည်းကြပ်ခွန်များ ပေးသွင်းရသည့်ပြင် တိုင်းဒေသကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း အသီးသီးသို့ ရန်ပုံငွေများ၊ သတ်မှတ်ထားသော ငွေကြေးပမာဏများကို ပေးဆောင်ပြီးမှသာ လုပ်ငန်းကို လုပ်ကိုင်နေရကြောင်း သိရှိရပါသည်။

          အထက်မင်းလှမြို့နယ် ကုန်းကြီးကျေးရွာအနီး စုပေါင်းရေနံစိမ်းသိုလှောင်ခြံ (၃၄) ခြံရှိသည့်အနက် (၉)ခြံမျှသာ တရားဝင်ရေနံလုပ်ကွက်ဖြင့် လုပ်ကိုင်နေပြီး (၁၁) ခြံမှာ တရားမ၀င်ရေနံစိမ်း သိုလှောင်ရောင်းဝယ် နေခြင်း၊ ရေနံမကျေးရွာဝန်းကျင် ရေနံစိမ်းသိုလှောင်ခြံ (၁၂) ခြံရှိသော်လည်း တရားဝင်ရေနံစိမ်းသိုလှောင်ခြံ (၃) ခြံသာရှိပြီး (၉) ခြံမှာ တရားမ၀င်ရေနံစိမ်းသိုလှောင်ရောင်းဝယ် သယ်ယူပို့ဆောင်နေကြောင်း သိရပါသည်။

          ရေနံစိမ်း ၈၀ ပေပါဆန့် ဘောက်ဆာတစီးအတွက် သယ်ယူခွင့်မျောတစ်စောင်ထုတ်ယူတိုင်း နိုင်ငံတော်သို့ ကုန်သွယ်ခွန်၊ ၀င်ငွေခွန်နှင့် စည်းကြပ်ခွန်အဖြစ် ၂၁၆၀၀၀ ကျပ် ပေးသွင်းရသော်လည်း မြို့နယ် တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့အစည်းများအတွက် ရန်ပုံငွေနှင့် သတ်မှတ်တရားမ၀င်ငွေ ၃၇၀၀၀၀ ကျပ် ပေးသွင်းနေရကြောင်း သတင်းရရှိပါသည်။

          တိုင်းဒေသကြီးမြို့နယ် ရေနံလက်ယက်တွင်းတိမ်ရှာဖွေရေး၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း တရားမ၀င်ရေနံစိမ်းခြံများအား စီစစ်ခြင်း၊ တရားမ၀င် သယ်ယူပို့ဆောင်နေသော ဘောက်ဆာကားများ၊ (၂၄) ဘီးတွဲကားများကို စီစစ်အရေးယူခြင်းမရှိဘဲ၊ ယင်းတို့ကိုယ်တိုင် အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးကမ်းလုပ်ကိုင်နေသောကြောင့် တရားမ၀င်ခြံများ၊ ရေနံစိမ်းသယ်ယူ ခွင့် (မျော) မပါဘဲ မျောတုဖြင့်သယ်ယူခြင်း၊ မျောတစ်စောင်ဖြင့် (၃) ခေါက်ပြန်သယ်ယူနေခြင်းများ ရှိနေပါသည်။

          ကမ္ဘာ့ရေနံဈေးကျဆင်းနေခြင်း၊ တရားမ၀င်ရေနံစိမ်းသိုလှောင်ခြံများ၊ တရားမ၀င်ရေနံစိမ်းသယ်ယူ ပို့ဆောင်နေခြင်းများကြောင့် နိုင်ငံတော်သို့အခွန်ပေးဆောင်ပြီး လုပ်ကိုင်နေရသော လုပ်ငန်းရှင်များအဖို့ ယှဉ်ပြိုင်မလုပ်ကိုင်နိုင်ဘဲ လုပ်ငန်းများရပ်ဆိုင်းရတော့မည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ပါသည်။

          ယင်းအခြေအနေများကြောင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအသီးသီးမှ အခြေအနေမှန်များကို သေသေချာချာစီစစ်သုံးသပ်ပြီး၊ ရေနံလုပ်ငန်းရှင်များလည်း အဆင်ပြေပြေလုပ်ငန်းလည်ပတ်နိုင်ရန် ရန်ပုံငွေများ၊ ဌာနအသီးသီးအတွက် ကောက်ခံသောငွေကြေးကို မျှမျှတတဆောင်ရွက်သင့်ပါသည်။ ဥပဒေမဲ့ တရားမ၀င်လုပ်ကိုင်နေခြင်းကိုလည်း တားဆီးနိုင်မှသာ နိုင်ငံတော်အတွက် အခွန်ပြည့်ဝစွာရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ပွင့်လင်းလာမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

Ne Tint Aung

BY THIT HTOO LWIN
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment