သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်တော့


လူထုကလိုလားရင် ဒုတိယသက်တမ်း တာဝန် ထမ်းမယ်လို့ ပြောနေဆဲ
သမ္မတ ဦးသိန်းစိန်က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သူ့ကျန်းမာရေး အခြေအနေ အရ ဝင်ရောက် အရွေးခံမှာ မဟုတ်တော့ဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌ တာဝန် ယူထားသူ သူရဦးရွှေမန်းဆီ စာရေးသား ပေးပို့ ခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက်က တွေ့ခဲ့ရတဲ့ အဲဒီစာထဲမှာ ဦးသိန်းစိန်က သူ အရင်ဝင်ပြိုင်ခဲ့တဲ့ နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ်မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီက ယှဉ်ပြိုင်ခဲ့သူ မြို့နယ်အတွင်းရေးမှုး ဦးဋ္ဌေဌးဝင်းကို ဝင်ရောက် ယှဉ်ပြိုင်စေဖို့ အဆိုပြုပြီး အဲဒီသူကိုလည်း သူ့အနေနဲ့ တတ်နိုင်သမျှ ကူညီ ပေးသွားမယ်လို့ ဖော်ပြ ထားတယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီက သူတို့ပါတီက ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ဒီတစ်ပတ်ထဲမှာ အပြီးသတ် ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ပါတီကရွေးမယ့် သမ္မတလောင်းဖြစ်လာနိုင်
ပါတီက အဆိုပြုမယ့် သမ္မတလောင်း အဖြစ် လက်ရှိ ပါတီ ဥက္ကဌ၊ လွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်တို့ နှစ်ဦးရှေ့က ပြေးနေချိန်မှာ ဦးသိန်းစိန်က သူ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သမ္မတလောင်း အဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ဖို့ ပိုနီးစပ်လာနိုင်တယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

သမ္မတဟာရွေးချယ်ခံရသူ ဖြစ်စရာမလို

ဒါပေမယ့် လက်ရှိ အခြေခံ ဥပဒေပါ ပြဌာန်းချက် တွေအရ သမ္မတဟာ ရွေးချယ်တင်မြောက်ခံရသူ ဖြစ်စရာ မလိုတဲ့ အတွက် သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်တာနဲ့ သူ ဒုတိယသက်တမ်း သမ္မတ ဖြစ်မလာနိုင်ဘူးလို့ ယတိပြတ် မပြောနိုင် သေးတဲ့ အကြောင်းလည်း နိုင်ငံရေး လေ့လာသူတွေက ထောက်ပြပါတယ်။

အခြေခံဥပဒေပါ သမ္မတရွေးကောက်ပုံ စနစ်အရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဒုတိယသမ္မတလောင်း တစ်ဦးစီ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ တစ်ဦးကို အမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်ထဲမှာ မဲခွဲလို့ မဲအများဆုံးရသူက သမ္မတ၊ ကျန်သူ နှစ်ယောက်က ဒုတိယသမ္မတတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ သူရဦးရွှေမန်းဟာ သူ့ရဲ့ ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နှစ်ယောက်ထဲ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံ ပြောဆိုကြတဲ့ အကြောင်းအရာတွေ ကိုတော့ မသိရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment