၂၀၁၅ ခုနှစ် ဟာသနိုဘယ်ဆု စာရင်းများ ကြေညာ




၂၀၁၅ ခုနှစ်အတွက် ဟာသနိုဘယ်ဆု (Ig Nobel) စာရင်းကို ဟားဗတ် တက္ကသိုလ်မှ ထုတ်ပြန် ကြေညာလိုက်ပြီ။ ရယ်ရွှင်မြူးစရာ သိပ္ပံလေ့လာ တွေ့ရှိချက်များကို ရွေးချယ်ဆုပေးနေသော ဟာသနိုဘယ်ဆုသည် ယခုနှစ်ဆိုလျှင် (၂၅) နှစ်တိုင်ပြီ ဖြစ်သည်။ သိပ္ပံဟာသမဂ္ဂဇင်း Annals of Improbable Research က ကြီးမှူး ကာဟားဗတ် တက္ကသိုလ်နှင့် ပူးပေါင်း ချီးမြှင့်ခြင်းဖြစ်သည်။ လူတွေကို ပျော်လည်းပျော်စေ၊ တွေးစရာတစ်ခုလည်း ပေးနိုင်စေသော သိပ္ပံသုတေသနများကို နှစ်စဉ် ရွေးချယ် ဆုပေးလျက်ရှိသည်။
      ဆုရသူ စာရင်းအပြည့်အစုံကို အောက်တွင် ဖော်ပြပါမည်။ ဓာတုဗေဒဟာသ နိုဘယ်ဆုကို ကြက်ဥမကျက် တကျက် အခြေအနေတွင် ရှိနေသည့် ဓာတုဖွဲ့စည်းပုံများကို ဖော်ထုတ်နိုင်ခဲ့သည့် သြစတြေးလျ အနောက်ပိုင်း တက္ကသိုလ်မှ ကာလမ်အိုမွန်ဒီနှင့် အဖွဲ့က ဆွတ်ခူးသည်။
      ရူပဗေဒဟာသ နိုဘယ်ဆုကို နို့တိုက် သတ္တ၀ါများသည် ဆီးအိတ်ထဲမှဆီးရည် ကုန်သွားအောင် ပျမ်းမျှ ဆီးသွားချိန် (၂၁) စက္ကန့် ကြာကြောင်း တင်ပြနိုင်ခဲ့သည့် အမေရိကန်နိုင်ငံရှိ ဂျော်ဂျီယာ နည်းပညာတက္ကသိုလ်မှ ပတ်ထရီရှာယန်းနှင့် အဖွဲ့က ဆွတ်ခူးသည်။
      စာပေဟာသ နိုဘယ်ဆုကို ကမ္ဘာ့ ဘာသာစကားတိုင်းတွင်“ဟ”ဆိုသော အာမေဍိတ်သံရှိကြောင်း လေ့လာ တင်ပြခဲ့သည့် နယ်သာလန်နိုင်ငံ မက်ခ်ပလန့်ခ် သိပ္ပံမှ မာ့ခ်ဒင်ဂျီမန်ဆီနှင့် အဖွဲ့က ဆွတ်ခူးခဲ့သည်။
      စီမံခန့်ခွဲမှုပညာ ဟာသနိုဘယ်ဆုကို အောင်မြင်နေသော စီးပွားရေးခေါင်းဆောင် အများစုကြီးသည် ကလေးဘ၀ ကတည်းက စွန့်စားလိုစိတ် ထက်သန်သူများ ဖြစ်ကြောင်း သက်သေပြခဲ့သည့် စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်မှ ဂျန်နာရိုဘာနီးလ်နှင့် အဖွဲ့က ဆွတ်ခူးသည်။
      ဘောဂဗေဒ ဟာသနိုဘယ်ဆုကို လာဘ်မစားသော ရဲဝန်ထမ်းများအား ဆုချသည့် စနစ်ကျင့်သုံးသော ဘန်ကောက်မြို့  ရဲတပ်ဖွဲ့က ဆွတ်ခူးသည်။
      ဆေးပညာဟာသ နိုဘယ်ဆုကို ခပ်ပြင်းပြင်း နမ်းခြင်း၏ နောက်ဆက်တွဲ ခန္ဓာဇီဝဖြစ်စဉ်များအကြောင်း တင်ပြခဲ့သည့် ဂျပန်နိုင်ငံမှ ဟာဂျီမီကီမာတာနှင့် ဆလိုဗေးနီးယားနိုင်ငံမှ ဂျာရိုဆလာဗာဒါဒီယာကို ဗာတို့က ပူးတွဲဆွတ်ခူးသည်။
      သင်္ချာ ဟာသနိုဘယ်ဆုကို မော်ရိုကိုဘုရင် ရှာရီဖီယန်သည် ၁၆၉၇ ခုနှစ်မှ ၁၇၂၇ ခုနှစ်အကြားတွင် ကလေးပေါင်း (၈၈၈) ယောက်၏ ဖခင်ဖြစ်လာအောင် အမွေးကြမ်း ခဲ့ပုံ ပါးစပ်ရာဇ၀င်သည် လက်တွေ့ဖြစ်နိုင်ကြောင်း သင်္ချာနည်းကျ တွက်ချက်ပြခဲ့သည့် သြစတြီးယားနိုင်ငံ ဗီယင်နာ တက္ကသိုလ်မှ အဲလိဇဘတ် အိုဘာဇာချာနှင့် ကားလ်ဂရမ်မာတို့ ဆွတ်ခူးခဲ့သည်။
      ဇီဝဗေဒ ဟာသနိုဘယ်ဆုကို ကြက်ဖအမြီး၌ အလေးတုံး ချည်ပေးထားလိုက်ပါက ဒိုင်နိုဆော လမ်းလျှောက်ပုံနှင့် တထေရာတည်း တူအောင် လျှောက်သွားကြောင်း သက်သေပြနိုင်ခဲ့သည့် ချီလီတက္ကသိုလ်မှ ဘရူနိုဂရိုဆီနှင့်အဖွဲ့က ဆွတ်ခူးသည်။
      ဇီဝကမ္မဗေဒနှင့် ပိုးမွှားဗေဒဟာသ နိုဘယ်ဆုကိုမူ ပညာရှင်နှစ်ဦးက သီးခြား သုတေသနတစ်ခုစီဖြင့် ပူးတွဲဆွတ်ခူးသည်။ အင်းဆက်ပိုးမွှားများ အကိုက်ခံရသည့်အခါ လူသည် မည်မျှ နာကျင်ခံစားရနိုင်သည်ကို အင်းဆက် တစ်ကောင်ချင်း အလိုက် စာရင်းပြုစုကာ ရှမစ်အင်းဆက် ကိုက်ခဲနာကျင်မှု ညွှန်းကိန်း ပြုစုခဲ့သည့် အမေရိကန်နိုင်ငံ အနောက်တောင် ဇီဝဗေဒ သိပ္ပံမှ ဂျက်စတင် ရှမစ်ကဆွတ်ခူးသည်။ နောက်တစ်ဦး ဖြစ်သော အမေရိကန်နိုင်ငံ ကော်နဲတက္ကသိုလ်မှ မိုက်ကယ် အယ်လ်စမစ်ကမူ ပျားတုပ်ခံရလျှင် လူ့ခန္ဓာကိုယ် မည်သည့်နေရာသည် အနာသက်သာဆုံး (ခေါင်း၊ ခြေခလယ်ချောင်းထိပ်၊ လက်မောင်း)၊ မည်သည့်နေရာသည် အနာကျင်ဆုံး (နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ ယောက်ျား လိင်တံ) ဖြစ်ကြောင်း တစ်ကိုယ်လုံးကို တစ်နေရာစီ ပျားတုပ်ခံပြီး နာကျင်မှုနှုန်းကို စာရင်းပြုစုခဲ့သည်။
Source: BBC
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment