သားသမီးတွေကို ပညာတတ်ဖြစ်စေချင်သည့် ငါးဖမ်းသမား ဦးခင်ဦး


 ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ဆိပ်ခံတံတားများအနီး ကမ်းနားလတာပြင်ပေါ်တွင် ပင်လယ်ပြင် ငါးဖမ်းထွက်ရာမှ မောပန်းသဖြင့် ကမ်းကပ်နားနေသည့် ငါးဖမ်းစက်လှေများနောက်တွင် မှိုင်းညိုညို တိမ်စိုင်ကြီးများက မကြာမီငိုတော့မည့်ဟန် မည်းမှောင်နေသည်။

အဆိုပါ ငါးဖမ်းစက်လှေများထဲမှ မြတ်စန္ဒာထွန်း ငါးဖမ်းစက်လှေပေါ်တွင် မြစ်ရေပြင်ပေါ် တိုက်ခတ်သည့် လေနှင့် နေရောင်တိုက်စားမှုများကြောင့် အသားရောင် ခပ်ရင့်ရင့် ပိုင်ဆိုင်သည့် လူလတ်ပိုင်း အသက်အရွယ်ခန့်ရှိ ငါးဖမ်းသမားတစ်ဦး ဖြစ်သူ ဦးခင်ဦးသည် ငါးဖမ်းနားခိုက် ငါးဖမ်းပိုက်များကို စစ်ဆေးနေသည်။

စီးပွားရေး အဆင်မပြေမှုများ၊ လူအချင်းချင်း ခွဲခြားနှိမ့်ချ ခံနေရမှုများကို တွန်းလှန်နိုင်ရန် မိသားစုစီးပွားရေးပြေလည်စေရန် ရည်ရွယ်ချက်ဖြင့် ခရစ်နှစ် ၂၀၀၀ ပြည့်ဝန်းကျင်တွင် လူငယ်ဘ၀၏ အသန်စွမ်းဆုံးအချိန်၌ ဦးခင်ဦးသည့် ငါးဖမ်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်ရန် မြတ်စန္ဒာထွန်းလှေပေါ် အရဲစွန့်ကာ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ဒီအလုပ်ကို လုပ်မယ်လို့ ရည်ရွယ်ချက်မရှိဘူး။ တော်တော် ဒုက္ခရောက်ပြီးတော့ သူများရဲ့အနှိမ်ခံ ဘ၀ကနေ လွတ်မြောက်အောင် ကြိုးစားရင်း ၀င်လုပ်ခဲ့တာ” ဟု ဦးခင်ဦးက ရန်ကုန်မြစ်ဘက်ကို တစ်ချက် ငေးကြည့်ရင်း ပြောသည်။

ငါးဖမ်းသမားဘ၀ လုပ်ကိုင်ရာတွင် ခက်ခဲကြမ်းတမ်းခြင်းများရှိပြီး မကြာခဏ အသက်အန်္တရာယ်များ ကြုံတွေ့ရသော်လည်း အတွေ့အကြုံရှိသူများ၏ လုပ်ကိုင်ဆုံးမမှုများခံယူပြီး အသက်ရှင်ရပ်တည်ရေးအတွက် ငါးဖမ်းသမားဘ၀ကို ခင်တွယ်စွာ လုပ်ကိုင် ဖြစ်ကြောင်း အားတက်သရော ပြောဆိုသည်။

ခက်ခဲကြမ်းတမ်းသည့် ပင်လယ်လှိုင်းကို အန်တုပြီး ဦးခင်ဦးအနေဖြင့် အဆိုပါ ငါးဖမ်းစက်လှေပေါ်တွင် ၁၅ နှစ်ကျော် ကြာသည့်တိုင်အောင် လုပ်ကိုင်ခဲ့ကာ တစ်လ ၃၀၀၀ ကျပ်သာ ရရှိသည့် ငါးဖမ်းသမားကလေးဘ၀မှ ယခုအချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းတစ်သောင်းခန့်ကနေ တစ်သိန်းရှစ်သောင်းရသည့် ဒေသအခေါ် ရေရှု (ရေဒါကိုကြည့်ရှုပြီး ငါးရနိုင်၊မရနိုင် ကြည့်ရှုပြီး ငါးဖမ်းလှေသမားများကို ကြီးကြပ်ရသောသူ) တစ်ဦးဖြစ်ပြီး ယင်းအထက်တွင် စက်ဆရာ၊ ပဲ့နင်းငယ်၊ ပဲ့နင်းသာရှိကြောင်း ဆိုလေသည်။

ဦးခင်ဦးလိုက်ပါသည့် ငါးဖမ်းလှေပေါ်တွင် ပျမ်းမျှလူ ၂၅ ဦးလိုက်ပါပြီး အသက် ၁၈ နှစ်မှ အသက် ၄၀ ကြားရှိ အမျိုးသားလုပ်သားများ ဖြစ်ကြသည်။ ယင်းတို့အနေဖြင့် တစ်နှစ်လျှင်လေးခါ ပျှမ်းမျှငါးဖမ်းထွက်ရပြီး တစ်ကြိမ်ထွက်လျှင် ရေပြင်တွင် သုံးလခန့် ကြာမြင့်တတ်ကြောင်း ဆိုသည်။

လက်ရှိကမ်းကပ်နားနေသည့် ငါးဖမ်းလှေများ ငါးဖမ်းသွားရသည့် နေရာအများစုမှာ မွန်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်း ဒေသကြီးဘက်တွင် အဖမ်းများကြောင်းဆိုသည်။ ယင်းသို့ငါးဖမ်းရာတွင် ဧရာဝတီတိုင်း ဒေသကြီးဘက်တွင် ပုစွန်အဖမ်းများပြီး မွန်၊ တနင်္သာရီ တိုင်းဒေသကြီးဘက်သို့ ငါးသီးသန့် ဖမ်းကြောင်း ယင်းလုပ်ငန်းအကြောင်း ပြောပြသည်။

ယင်းလိုက်ပါသည့် ငါးဖမ်းလှေသည် ဧရာဝတီတိုင်း ဒေသကြီးဘက်တွင် နိုင်ငံခြားပို့ကုန် တစ်ခုဖြစ်သည့် ကျားပုစွန်ခေါ်သည့် Tiger ပုစွန်များ ကို ဖမ်းသည့် လုပ်ငန်းလုပ်ကိုင်နေ ကြောင်း ဆက်လက်ပြောသည်။ ကျား ပုစွန်များဖမ်းရာတွင် အကောင်ကြီးများ အား နိုင်ငံခြားပို့ကုန်အဖြစ် ရွေးချယ် ပြီး ယင်းထဲမှ အပယ်များအား ပြည် တွင်းသို့ ရောင်းချကြောင်း ပွင့်လင်းစွာ ပြောပြသည်။

“ကျွန်တော်တို့က အကောင်ရေနဲ့ သွားတာ၊ တစ်စည်းကိုဆိုရင် အကောင် ၄၀ ရရင်လည်းရတယ်။ ၁၀ ကောင် ရရင်လည်းရတယ်။ အကြီးဆုံးကတော့ တစ်ကောင်တည်းကိုပဲ တစ်ဆယ်သား၊ ဆယ့်ငါးကျပ်သားရှိတယ်” ဟု ဦးခင်ဦးကဆိုသည်။

ကြမ်းတမ်းသည့် ငါးဖမ်းသမားများ ဖြစ်သည့်အတွက် အစဉ်အမြဲ စိန်ခေါ်နေသော သဘာဝစိန်ခေါ်မှုများ ရင်ဆိုင်ရသကဲ့သို့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေတုန်း ငါးဖမ်းပိုက်ကြိုးများ ပြတ်ခြင်း၊ ငါးဖမ်းပိုက်များ ရိုက်မိခြင်းများကြောင့် မတော်တဆ ထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့်အတွက် သတိထားကာလုပ်ကိုင်ရကြောင်း ဆိုသည်။

ဦးခင်ဦးက “ကျွန်တော်တို့ ပိုက်တွေဘာတွေ ဆွဲကြတာက အန္တရာယ် ဖြစ်တာတွေပဲ။ ပိုက်ကိုဆွဲထားတဲ့ကြိုး မခိုင်ရင် ပြန်ပြီးရိုက်မိတာတွေရှိတယ်။ ရိုက်မိပြီး မူးပြီးကျသွားတာတွေ ရှိတယ်။ လှိုင်းလေနဲ့ လုပ်ရတာဆိုတော့ မျက်စိလျင်လျင်၊ နားလျင်လျင်ထားရတယ်” ဟု ဆိုသည်။

ငါးဖမ်းလုပ်ငန်းသည့် အန္တရာယ်မျိုးစုံ ကြုံတွေ့ရကြောင်း ငါးဖမ်းပိုက်များပျက်ခြင်း၊ စက်လှေပန်ကာ တစ်ခုတစ်ခုနှင့် ငြိသည့်အခါမျိုးတွင် မဆင်းချင်သော်လည်း တာဝန်အရ ရေထဲဆင်းကာ ပြင်ရခြင်း၊ ဖယ်ရခြင်းများရှိကြောင်း ဆိုသည်။

ထိုသို့ ဆင်းသည့်အခါမျိုးတွင် ဘေးပတ်လည်ကို သတိထားရကြောင်း ရေနက်ပိုင်းတွင် ပင်လယ်အတွင်း ဆင်းမည်ဆိုပါက သွေးထွက်လျှင် မဆင်းရကြောင်း ထိုသို့ဆင်းပါက သွေးညှီနံ့ကြောင့် ငါးမန်းများရောက်လာပြီး ရန်ပြုခြင်းများရှိကြောင်း ယင်းအတွေ့ အကြုံများကို ပြန်ပြောလေသည်။

ယင်းအနေဖြင့် ငါးဖမ်းလုပ်သက်အားဖြင့် ၁၅ နှစ်ကာလ ရှည်ကြာခဲ့သည့်အတွက် မြန်မာနိုင်ငံအတွက် ၀မ်းနည်းကြေကွဲစရာ အတိတ်ဆိုးတစ်ခုဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်ကာလအတွင်း ငါးဖမ်းလှေပေါ်တွင်သာ ရှိခဲ့ကြောင်း ထိုစဉ်က ကြုံတွေ့ခဲ့ရသည့် ငါးဖမ်းသမားဘ၀ အတွေ့အကြုံ၊ အဖြစ်အပျက်များအားဆိုလေသည်။

ထိုစဉ်ကာလက မုန်တိုင်းဖြစ်မည့် သတင်း ၄ နာရီ ကြိုတင်ကြားရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိကျောင်း အရမ်းပေါသည့်ကဒုံ (ကဒုံကနိ)နေရာ အနီးကမ်းစပ်တွင် ငါးဖမ်းလှေသုံးစီးကို ရေထွက်ပေါက်ချင်း ချိတ်ဆက်ပူးချည်ပြီး မိကျောင်းများရှိသည့် ဦးရှင်ကြီးမိန်းမလှကျွန်းသို့ ငါးဖမ်းလှေမှကြိုးများ သွားရောက်ချည်ရကြောင်း၊ လေမုန်တိုင်းတိုက်သဖြင့် လှိုင်းလုံးများ တက်လာသည့်အခါ နာဂစ်လှိုင်းလုံးများဘက် ဦးတည်ကာ တစ်ညလုံး စက်ကုန်ဖွင့်မောင်းကာ အသက်အန်္တရာယ်ကို အလူးအလဲရင် ဆိုင်ခဲ့ရကြောင်း ပြောပြသည်။

“အန္တရာယ်ကတော့ အမျိုးမျိုးကြုံဖူးတယ်။ နာဂစ်မှာဆို ကျွန်တော်တို့ အလူးအလဲခံရတာ။ လေးနာရီထိုးကတည်းက ဒုက်္ခရောက်တာပေါ့။ အဲဒါနဲ့ လတာနုန်းကို ထိုးစိုက်ပြီး ကြိုးချည်ရတာ။ အောက်ဆင်းရတာလည်း အန္တရာယ် ကြည့်ရသေးတယ်။ သူတို့က ရေငန်ဆိုတော့ မိကျောင်းပေါတယ်။ တကယ်လည်း တိုက်လာရော ကမ်းစပ်မှာချည်ထားတဲ့ သစ်ပင်ပါကျွတ် ထွက်တဲ့အထိ ခံခဲ့ရတယ်” ဟု ရင်ဆိုင်ခဲ့ရသည့် ဘေးအန်္တရာယ်များအကြောင်း ပြောလေသည်။

ယခုနှစ်ပိုင်းအတွင်း ငါးဖမ်းပင် လယ်ပြင်အတွင်း ငါးဖမ်းသမားအများစုအနေဖြင့် ငါးဖမ်းရာတွင် ငါးအရနည်းလာခြင်းများ ကြုံတွေ့ရခြင်းများ ရှိလာသည်ဟုဆိုသည်။ ထိုသို့ ငါးအရနည်းလာရခြင်းမှာ ငါးဖမ်းရာတွင် ငါးသားပေါက်များပါလာခြင်းနှင့် ထိုင်းဘက်မှ လာရောက်ခိုးဖမ်းခြင်းများ ကြောင့်ဖြစ်ကြောင်း ပြောပြသည်။

“ငါးက မနှစ်ကတည်းကနေ ဒီနှစ်အထိ ရှားလာတာပေါ့။ အရင်နှစ်တွေကတော့ အသင့်အတင့်လောက် ရတယ်။ ဒီနှစ်မှာကျတော့ အကုန်လုံးက သွားနေကြတော့ ပိုက်ထဲငါးသား ပေါက်လေးတွေအထိ ပါလာတော့ မျိုးတုံးကုန်တာပေါ့” ဟု သူ့အမြင်ကိုပြောပြသည်။ ယခုအချိန်ဆိုလျှင် ငါးရစ်ပေါပြီး နွေရာသီဖြစ်သည့် တပေါင်း၊ တန်ခူးဆိုလျှင်တော့ ငါးများရှားသွားတတ်ကြောင်း ဆက်လက်ပြောသည်။

ဦးခင်ဦး၏ဇာတိမှာ ဒေးဒရဲမြို့ ဖြစ်ပြီး လုပ်ကိုင်သည့်ကာလ ကြာရှည်မှုအလျောက် တစ်ဖက်တွင်လည်း သမီးသုံးယောက်၊ သားတစ်ယောက်၏ ဖခင်ဖြစ်သည့် အိမ်ထောင်ဦးစီးဘ၀ကို ပိုင်ဆိုင်ထားလေသူ ဖြစ်သည်။ ငါးဖမ်းသမားဖြစ်သည့်အတွက် မိသားစုအတွက် အချိန်များ မပေးနိုင်သော်လည်း ရံဖန်ရံခါ အလုပ်နားလျှင် မိသားစုထံသွားရောက် တွေ့ဆုံခြင်းများရှိကြောင်း ဆိုလေသည်။

ဦးခင်ဦး၏ မိသားစုဝင်အများစုသည့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်သူများဖြစ်ပြီး ယင်းကဲ့သို့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိချေ။ လက်ရှိအချိန်တွင် သူ့အနေဖြင့် ငါးဖမ်းသမားအဖြစ် လုပ်ကိုင်ခဲ့သည်မှာ အသက် ၄၂ နှစ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် အသက်အရွယ်ကြီး မြင့်လာခြင်းကြောင့် တခြားအလုပ် ပြောင်းလုပ်ရန် ရည်ရွယ်ထားကြောင်း ယင်းရည်ရွယ်ချက်အား ပြောပြသည်။

“အသက်ကြီးပိုင်း ရောက်လာတော့ ဒီအလုပ်နဲ့ မအပ်စပ်တော့ဘူး။ မလုပ်နိုင်တော့ဘူး။ အသက်ကြီးလာရင် လှိုင်းဒဏ်၊ လေဒဏ်ခံရတာတစ် ကြောင်း၊ မလုပ်နိုင်ရင်လည်း သူများ အပြောအဆိုခံရတာတစ်ကြောင်းပေါ့။ ကျွန်တော် ဒီလှေပေါ်မှာ အသက် ၆၀ လောက်ရှိနေတဲ့ အဘိုးကြီးတစ်ယောက် ရှိခဲ့တယ်။ အဲဒါသူလည်း တစ်ခါတည်းလုပ်ရင်းနဲ့ လှေပေါ်မှာတင် ဆုံးသွား တာကြုံဖူးလို့လည်း စဉ်းစားမိတာဖြစ်တယ်” ဟု အလုပ်ပြောင်းလုပ်ရန် ရည်ရွယ်သည့်အကြောင်းကို ပြောလေသည်။

ဦးခင်ဦး၏ ထူးခြားချက်မှာ လှေလုပ်သားအဖြစ် စတင်လုပ်ကိုင်သည့် ကာလမှစပြီး ယနေ့အချိန်အထိ အခြား ငါးဖမ်းစက်လှေများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းမရှိဖူးကြောင်း။ မပြောင်းရွှေ့သည်မှာ “စလုပ်ကတည်းကပဲ။ မပြောင်းဖူးဘူး။ တစ်လှေနဲ့ တစ်လှေပြောင်းရင် လူအသစ်တွေနဲ့ ပေါင်းရလွန်းလို့၊ အမူးသမား၊ အရူးသမားတွေနဲ့တွေ့ရင် ကိုယ်ပဲ စိတ်ဆင်းရဲရလွန်းလို့” ဖြစ်ကြောင်း ဆိုလေသည်။

စီးပွားရေးမပြည့်စုံခြင်း၊ အဖိနှိပ်ခံဘ၀ကို ကိုယ်တိုင်ကျော်ဖြတ်လာသည့် အတွက်လည်း ပညာရေး ကောင်းစွာမသင်ကြား နိုင်ခဲ့ခြင်းများကြောင့် မိမိသားသမီးများအား သူ့လို အသက်မွေးဝမ်းကျောင်း မလုပ်စေချင်သည်မှာ ယင်း၏ ရင်တွင်းမှ ဆန်္ဒတစ်ခုဖြစ်ကြောင်း ဦးခင်ဦးကဆိုသည်။

“ကျွန်တော့်ကလေးတွေက ကိုးတန်း၊ ဆယ်တန်းရောက်ပြီ။ တစ်ယောက်တည်းနဲ့ လုပ်ကျွေးရတာပေါ့။ ယောက်ျားလေးက နို့ညှာတစ်ယောက် ပဲပါတာ။ သူက ဒီအလုပ်တွေ စိတ်မ၀င်စားဘူး။ ပညာတတ်ဖို့ပဲ။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်သားသမီးတစ်ယောက်ကို ပညာတတ်ကြီး ပိုဖြစ်စေချင်တာပေါ့” ဟု မိမိသားသမီးများ အနာဂတ်ကို ပီပြင်စွာပုံဖော်စေလိုသည့် ဦးခင်ဦးသည် ငါးဖမ်းစက်လှေကြီးပေါ် ပြန်တက်သွားပြီး ငါးဖမ်းပိုက်များကို သေချာစစ်ဆေးရင်း ကျန်ခဲ့လေသည်။
စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment