တရုတ်သမ္မတ ရှီကျင်းဖျင်အား အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အိမ်ဖြူတွင် သေနတ်ပစ်ဖောက်ပြီး ကြိုဆိုခဲ့ သော်လည်း အမေရိကန်ရှိ သတင်းမီဒီယာ များတွင်မူ ရှီနှင့် ပတ်သက်သော သတင်းက ခပ်နည်းနည်း၊ ပုပ်ရဟန်းမင်းကြီး၏ အမေရိကန် ခရီးစဉ်အကြောင်း သတင်းက ခပ်များများ ဖော်ပြမှုများရှိနေကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး၏ အမေရိကန် ခရီးစဉ်အား တရုတ်မီဒီယာ များကလည်း ဖော်ပြခဲ့သည်။ ဗာတီကန် ကျောင်းတော်သည် တရုတ် ကွန်မြူနစ်ပါတီ အာဏာရ ရှိခဲ့သည့် ၁၉၄၉ ခုနှစ်မှစပြီး တရုတ်အစိုးရ နှင့် သံတမန် ဆက်ဆံရေး ထားရှိခြင်း မရှိခဲ့ချေ။
လူမှုရေးအရ တိုးတက်သော အမြင်ရှိသည့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်အား လူထောင်ပေါင်း များစွာတို့က ကြိုဆိုခဲ့သည်။ အမေရိကန်သို့ ပထမဆုံးအကြိမ် ရောက်ရှိသော ပုပ်ရဟန်းမင်းကြီးအား နာမည်ကျော် ရော့ခ်အဆိုတော် တစ်ဦးအား ကြိုဆိုသကဲ့သို့ပင် ကြိုဆို ခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့တွင် ဖီလာဒယ်ဖီယာသို့ သွားရောက်ပြီး ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်သည်။
သြဂုတ် (၂၆) မှ စက်တင်ဘာ (၂၅) ရက်အတွင်း အမေရိကန် ပြည်ထောင်စုရှိ တွစ်တာ အကောင့်များ၌ စာရေးမှုများ အနက် ဖရန်ဆစ်နှင့် ပတ်သက်ပြီး ရေးသားမှု (၇၆၅၀၀၀) ရှိခဲ့သော်လည်း ရှီနှင့် ပတ်သက်၍မူ (၁၀၇၀၀၀) သာရှိခဲ့ကြောင်း သတင်းနှင့် မီဒီယာများ၏ အွန်လိုင်း အကြောင်းအရာများကို ခြေရာခံသည့် Mediamiser က ဖော်ပြခဲ့သည်။ စက်တင်ဘာလ (၂၀) မှ (၂၄) အတွင်း အွန်လိုင်းတွင် ဖော်ပြခဲ့သည့် ဆောင်းပါးများတွင် ပုပ်နှင့်ပတ်သက်သော ဖော်ပြမှုသည် ရှီနှင့် ပတ်သက်သော ဖော်ပြမှုထက် လေးဆရှိနေသည်။ ရုပ်မြင်သံကြားတွင် ပုပ်နှင့်ပတ်သက်ပြီး (၂၅) ကြိမ်ကျော် ပြောဆိုမှုများ ရှိခဲ့သည်။
““စစ်တပ်လည်းမရှိ၊ ငွေကြေး အင်အားလည်း မရှိသူတစ်ဦးကို ဒီလိုဖော်ပြ ပြောနေတာကို မြင်ရတော့ အံ့သြမိပါတယ်။ ဒီလို ကွဲပြားမှုကို တရုတ်တွေလည်း သတိထားမိမှာပါ””ဟု ၂၀၀၇ မှ ၂၀၁၃ ခုနှစ်အထိ တရုတ်နိုင်ငံဆိုင်ရာ မက္ကစီကို သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဟော့ဟဲဂွါယာဒိုက ပြောဆိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီးကြောင့် ရှီ၏ နာမည်သတင်း မှိန်သွားခြင်းနှင့် ပတ်သက်ပြီး တရုတ်အစိုးရ အရာရှိများက လျှော့ပေါ့ ပြောဆို ခဲ့သည်။““ပုပ်ရဟန်းမင်းကြီး အမေရိကန်ကို လာတာကို သိပါတယ်။ ပုပ်လည်း ပုပ်အထွာနဲ့၊ သမ္မတရှီလည်း သူ့အထွာနဲ့ သူရှိပါတယ်””ဟု တရုတ် ကိုယ်စားလှယ် အဖွဲ့၏ ပြောခွင့်ရှိသူ လူခန်းက ပြောဆိုခဲ့သည်။
Source:Reuters
messengernewsjournal.com
0 comments:
Post a Comment