ဝန်ကြီး ဦးသိန်းညွန့် မွေးဖွားစဉ် မိဘများ တရုတ်နိုင်ငံသား ဖြစ်နေမှု ရွေးကောက်ပွဲကော်မရှင် လျစ်လျူရှု

minister-for-the-president-office-u-thein-nyunt

သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်၏ နောက်ခံကိုယ်ရေးရာဇ၀င်အား စေ့စပ်စွာ မလေ့လာ မသိရှိခဲ့ကြကြောင်း၊ ယခုအခါတွင် သူ၏ကိုယ်စားလှယ်လောင်းဝင်ခွင့် ပယ်ချရန် အခါနှောင်းသွားပြီ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ၀န်ခံပြောကြားလိုက်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် အမတ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် နှင့်ပတ်သက်၍ မွတ်စ်လင်မ် ကိုယ်စားလှယ်လောင်းတို့ အပါအ၀င် ဒါဇင်နှင့်ချီသော အတိုက်အခံများ၊ လူနည်းစု ပါတီများ၏ ရွေးကောက်ပွဲမျှော်လင့်ချက်များကို နိုင်ငံသားဖြစ်မှု စံနှုန်းက ထိုးနှက်ခဲ့သည်။

မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်း ဦးသိန်းညွန့်၏ မိဘနှစ်ပါးမှာ သူမွေးဖွားစဉ်က တရုတ်နိုင်ငံသားဖြစ်နေဆဲဟူသည့် အချက်အပေါ် သြဂုတ်လ ၂၈ ရက်နေ့တွင် တိုင်ကြား အသိပေးချက် တစ်ရပ် ၀င်ရောက်လာခဲ့သည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲတင်မြှောက်ခံရသော တပ်မတော် အရာရှိဟောင်းဖြစ်ပြီး နေပြည်တော်မြို့တော်ဝန်လည်းဖြစ်နေသည့် အတွက် စိစစ်ခံ လုပ်ငန်းစဉ်ကို အဟန့်အတား မရှိ ကျော်ဖြတ်နိုင်ခဲ့သည်။

“ခရိုင်ရွေးကောက်ပွဲကော်မရှင်က သူ့ကို ထဲထဲဝင်ဝင် မစိစစ်ဘဲ ခွင့်ပြုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ USDP ကိုယ်စားလှယ်လောင်းဖြစ်နေတာကြောင့်ပါပဲ” ဟု မအူပင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းမှ ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် USDP ၏ ပြိုင်ဖက်များကိုလည်းကောင်း၊ အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စု မနှစ်မြို့သည့် ကိုယ်စားလှယ်လောင်းများကို လည်းကောင်း နိုင်ငံသား ဥပဒေတို့ဖြင့် ပယ်ချထိုးလှဲလျက် ရှိသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။

အချို့ပါတီများမှာ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး ဆုံးရှုံး နစ်နာရသော်လည်း USDP မှာမူ စိစစ်ခြင်း ကာလကို ရှောရှောရှူရှူပင် ကျော်ဖြတ်နေကြ၏။

ဝန်ကြီး ဦးသိန်းညွန့်၏ မိဘများသည် တရုတ်ပြည်မှ ၀င်ရောက်လာသူများဖြစ်ကြောင်း၊ သူသည် ၁၉၄၈ ခုနှစ်တွင်မွေးဖွားခဲ့ပြီး သူ၏ဖခင်မှာ နိုင်ငံသားခံယူမှု မရှိဘဲ ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ကြောင်း အဆိုပါ တိုင်ကြား အသိပေးစာ၌ ဖော်ပြထားသည်။
ကိုယ်စားလှယ်လောင်းများ မွေးဖွားချိန်တွင် သူတို့၏ မိဘများသည် နိုင်ငံသားဖြစ် မနေပါက ၎င်းတို့မှာ အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် တရားမ၀င်ပါ။

ဦးသိန်းညွှန့်သည် နိုင်ငံခြားသား မိသားစုမှဆင်းသက် လာကြောင်း တင်ပြထားချက်မှာ တိကျမှန်ကန်မှု ရှိပြီး၊ သူ့မိဘအမည်များမှာ ဦးအုံဝှက်နှင့် ဒေါ်ဂျင်းယင် ဖြစ်ကြောင်းကို “သူတို့က (ပြည်ပက ၀င်လာတဲ့) တရုတ် လူမျိုးတွေဖြစ်ပါတယ်” ဟု မအူပင်မြို့ခံ ကိုသန့်ဇင်က ဆိုသည်။
အသိပေးတိုင်ကြားစာသည် စိစစ်ရေး ကာလကျော်လွန်ပြီးမှ ရောက်ရှိလာသည့်အတွက် ဦးသိန်းညွှန့်၏ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပြန်လည်သုံးသပ်မည် မဟုတ်ဟု မအူပင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မြင့်က The Myanmar Times သို့ ပြောကြားသည်။

“ဦးသိန်းညွန့်ကို အတည်ပြု လက်ခံထားပြီးဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး အရာရှိများက သူ့ကို လက်ခံထားကြောင်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် တိုင်ကြား အသိပေးချက်တွေကို ကျွန်တော်တို့ မှတ်တမ်းတင်ထားပါ့မယ်”။

တိုင်းခရိုင်ကော်မရှင်ရုံးမှ မအူပင်မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို သြဂုတ်လ ၁၈ ရက်နေ့က စစ်ဆေးခဲ့သည်။ စိစစ်ရေးကော်မတီ၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၀ ဦး၊ လ၀ကဋ္ဌာန အရာရှိ ၄ ဦးနှင့် ရပ်မိရပ်ဖ ၆ ဦး ပါဝင်ကြသည်။

မအူပင် လ၀က ဒုဦးစီးမှူး ဦးကျော်ဝင်းက စိစစ်ရေး လုပ်ငန်းစဉ်အတွင်း ဦးသိန်းညွန့်၏ ကိုယ်ရေးရာဇ၀င်ကို သဘောမျှသာ ကြည့်ရှုခဲ့ကြကြောင်း ၀န်ခံပြောကြားသည်။ သို့သော် ဦးသိန်းညွှန့် မွေးဖွားချိန် နိုင်ငံသားဖြစ်နေခြင်း ရှိ မရှိကိုမူ အတည်ပြုဖြေကြားရန် ငြင်းဆိုခဲ့သည်။

“သူ့ရဲ့စာရွက်စာတမ်းတွေကို အဖြစ်သဘော ကြည့်ရှုယုံလောက်ပါပဲ။ (တရားဝင်မ၀င် အထိ) စိစစ်စုံစမ်းခဲ့တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခွင့်ပြုချက်မဲ့ ထုတ်ပြန်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး”။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ရွေးကောက်ပွဲ ၀င်ရောက်ခွင့်ရရှိသူသည် နောင်တစ်ချိန်တွင် တရားမ၀င်ကြောင်း တွေ့ရှိခဲ့သော် ပယ်ချခံရပြီး ပြစ်မှုကြောင်းဖြင့် အရေးယူခံရမည်ဟု ဆိုထား၏။

အကယ်၍ သတ်မှတ် အရည်အသွေး မပြည့်မီဘဲ အမတ်လောင်း အဖြစ် တမင် ခွင့်ပြုခဲ့သည်ကို ခရိုင်အာဏာပိုင်များက တွေ့ရှိရ ပါလျှင် ပြည်ထေင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ တရားဝင် အရေးယူခံရမည် ဟု ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။

သို့သော် မအူပင်မြို့နယ် လ၀ကရုံးသည် အထက်အမိန့်အရ သူ့အား လက်ခံအတည်ပြုရန် အတွက် သူ၏ကိုယ်ရေးရာဇ၀င်ကို အသေးစိပ်ကြည့်ရှုလေ့လာဖို့ ငြင်းဆိုခဲ့သည်ဟု လျှောက်ထားတိုင်တန်းခဲ့သူ NLD ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။
ယမန်နေ့အထိ ဤကိစ္စအပေါ် တစ်စုံတစ်ရာမှတ်ချက်ပေးရန် နေပြည်တော်မြို့တော်ဝန်ရုံးမှ တုန့်ပြန်ခြင်း မရှိပေ။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ဦးသိန်းညွန့်၏ ပုဂ္ဂလနောက်ခံ အကြောင်းများ၊ ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်များနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုပဲ ခင်ဗျားတို့ သွားမေးသင့်ပါတယ်”။

မည်သို့ပင်ဆိုစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးတင်အေးက ရုံးချုပ်အနေဖြင့် ကော်မရှင်အဖွဲ့ခွဲများ၏ ကိုယ်စားလှယ်စိစစ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တို့၌ ၀င်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း အဆုံးသတ်ပြောကြားလိုက်သည်။

Ref : MMTimes မှ အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။
Source:M-Media
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment