နိုင်ငံရေးလို့ ပြောလိုက်ရင် တီကောင်ကို ဆားနဲ့ တို့လိုက်သလို တွန့်သွားတတ်တဲ့ သူတွေအများကြီး ဖြစ်နေတဲ့ အထဲမှာ ဆရာ၊ ဆရာမတွေလည်းပါတာ အဆန်းတော့ မဟုတ်ပါဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ စစ်ကျွန် ဖြစ်ခဲ့ရတဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း နိုင်ငံရေးကို အမြစ်ကနုတ်ပြီး မီးဖုတ်ထားခဲ့တဲ့ အာဏာရှင်တွေ ကြောင့် တစ်တိုင်းပြည်လုံး နိုင်ငံရေး အစို့အညှောက်တွေ မပေါက်နိုင်ခဲ့ရတာပေါ့။
နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသားအားလုံးတို့ရဲ့ အရေးပဲ။ နိုင်ငံရေးဟာ ငါနဲ့ မဆိုင်ဘူးလို့ ပြောလိုက်ရင် ငါဟာ နိုင်ငံတော်နဲ့လည်းမဆိုင်၊ နိုင်ငံသားနဲ့လည်းမဆိုင်တဲ့ ပြင်ပကလူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ လူတိုင်း နိုင်ငံရေးနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ပြီး နေထိုင်စားသောက် ရှင်သန်နေကြရတာပါ။ မကြာခင် ကိုယ့်ကိုယ် ပြန်အုပ်ချုပ်ဖို့လူတွေ ရွေးချယ်ပေးရတော့မယ်၊ မဲပေးရတော့မယ်ဆိုတာလည်း နိုင်ငံရေးပဲ။ ဒါ ငါနဲ့ မဆိုင်ပါဘူးလို့ ပြောလိုက်တာဟာ စစ်အာဏာရှင်တွေ ဆက်ပြီး ရှင်သန်တာကိုကြိုက်လို့၊ တစ်နိုင်ငံလုံးကို ကိုယ်ကျိုးအတွက် အသုံးပြုပြီး ဖွတ်ဖွတ်ကြေအောင် လုပ်ခဲ့တဲ့သူတွေကို ဆက်ပြီး တိုင်းပြည်ကို ဒီ့ထက် ဒုက္ခ ရောက်အောင် လုပ်ပေးပါလို့ ထောက်ခံရာရောက်တယ်။
ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးရမယ်ဆိုပြီး စဉ်းစားသုံးသပ်တာ နိုင်ငံရေးပါ။ ဟေ့ .. ဒီလူ့ကို မဲပေးလိုက် ဆိုပြီး အာဏာနဲ့ အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်တာ ကျွန်စိတ်ဓာတ်။ ငါ မဲပေးချင်တဲ့သူကို မဲပေးမယ်။ ငါ မဲပေးမယ့်သူဟာ ငါ့နိုင်ငံ၊ ငါ့လူမျိုးအကျိုးကို ငါတို့ပြည်သူတွေနဲ့ တစ်သားတည်း တိုးတက်အောင် ဆောင်ရွက် နိုင်သူဖြစ်ရမယ်။ ငါကြိုက်တဲ့သူကို ငါမဲပေးရမယ်ဆိုတာ သခင်စိတ်ဓာတ်။ အာဏာရှင် ဆန့်ကျင်တဲ့စိတ်ဓာတ်။
ကျွန်တော်တို့ဟာ သခင်စိတ်၊ လွတ်လပ်တဲ့စိတ်၊ ဖိနှိပ်မှုမှန်သမျှ မခံဘူးဆိုတဲ့စိတ်၊ မတရားမှုမှန်သမျှ ဆန့်ကျင် ရမယ်ဆိုတဲ့စိတ်၊ အာဏာရှင်မှန်သမျှ လက်မခံရဘူးဆိုတဲ့စိတ်ဓာတ်ကောင်းတွေ ဖြစ်လာဖို့ ဒီမိုကရေစီ ဆိုတာကို ပြုစု ပျိုးထောင်ကြရမယ်။ ဒီမိုကရေစီဆိုတာ “မက်လုံး” ပေးရုံသက်သက် မဟုတ်ဘူး။
အာဏာရှင် ပါးစပ်ကလည်း ဒီမိုကရေစီလို့ထွက်၊ အာဏာရှင် အသွင်ပြောင်းတွေကလည်း ဒီမိုကရေစီလို့အော်၊ အာဏာရှင် ဒေါက်တိုင်တွေကလည်း ဒီမိုကရေစီဆိုပြီး ဟစ်ကြွေးတော့ ပြည်သူတွေက ဒီမိုကရေစီဆိုတာ အာပုပ်နံ့ထဲကထွက်လာပြီး အာပုပ်စော်နံတယ်လို့ ထင်နေကြတာ။
အမှန်တော့ ဒီမိုကရေစီဆိုတာ ငါတို့ပြည်သူတွေရဲ့ အရင်းနှီးဆုံး လက်တွဲဖော်၊ ငါတို့ရဲ့ သူငယ်ချင်း၊ ငါတို့ရဲ့ မိတ်ဆွေ၊ ငါတို့ရဲ့ ပန်းတိုင်၊ ငါတို့ရဲ့အနာဂတ်၊ ငါတို့ရဲ့ မျှော်လင့်ချက် ဆိုတာကို ကျွန်တော်တို့ကလေးတွေကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် သင်ကြားပေးရမယ်။
နိုင်ငံရေးဆိုတာ လက်သီးလက်မောင်းတန်းပြီး၊ နိုင်ငံရေးပါတီတွေထဲကို ဝင်ရောက်လှုပ်ရှားတာလို့ ထင်နေတဲ့ သူတွေဟာ ခပ်ညံ့ညံ့အတွေးအခေါ်ပိုင်ရှင်တွေပါ။ အဲဒီလို အတွေးအခေါ်ရှိတဲ့သူမျိုးတွေလက်ထဲက ကျွန်တော် တို့ကလေးတွေကို ကယ်တင်ဖို့လိုအပ်နေပါပြီ။
ပန်းလေးတစ်ပွင့်ကို ချစ်အောင်လုပ်တာ နိုင်ငံရေးပါ။ ပန်းချီကားလေးတစ်ချပ်ကို အရောင်တွေစုံအောင် ချယ်ပေးတာ နိုင်ငံရေးပါ။ အားလုံး လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားစေတာ နိုင်ငံရေးပါ။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ရင်းနှီးခြင်းဆိုတဲ့ သဘောတရားတွေကို စာသင်ခန်းထဲမှာ အကောင်အထည်ဖော်ပေးနေတာ နိုင်ငံရေး လုပ်နေတာပါ။
ဆရာ ဆရာမတို့ခင်ဗျား .. ကိုယ်ဘာလုပ်နေတယ်၊ ဘာလုပ်ပေးရမယ်ဆိုတာ သဘောပေါက်ဖို့ လိုမယ် ထင်ပါတယ်။
Credit: sayar u tin nyunt
maukkha.org

0 comments:
Post a Comment