ပဲခူးရိုးမက သူ့အတွက်တော့ ဒုတိယအိမ်ဖြစ်သည်။ မြန်မာနိုင်ငံ ကို တစ်လခြားလျှင် တစ်ကြိမ် ရောက်တိုင်း ပဲခူးရိုးမသို့ သူသွားဖြစ်သည်။ မကြာခဏလာရောက်သဖြင့် ပဲခူးရိုးမရှိ ဆင်စခန်းကဒေသခံများနှင့်ပင် မိတ်ဆွေသဖွယ် ရင်းနှီးနေကြပြီ။
ပဲခူးရိုးမကို ရောက်လေတိုင်း သူခရေစေ့တွင်းကျမေးတတ်လေ့ရှိသည်မှာ ဆင်များအကြောင်းဖြစ်သည်။ ထို့ကြောင့်ပင် အုတ်တွင်းနှင့် သုံးဆယ်မြို့အနီး ပဲခူးရိုးမကို မေးတင်ထားသည့် ဆင်စခန်းရှိ သောကျေးရွာမှ ဒေသခံများက သူ့ကို Elephant Lady ဟု အမည်ပေးထားကြသည်။
အစကတော့ ပဲခူးရိုးမသို့သာမန်ခရီးသွားတစ်ယောက်အနေဖြင့် ဆင်များကို လာကြည့်ရင်းမှပင် စိတ်အားထက်သန်လာကာ နောက်ပိုင်းတွင် သူလာသည့်အခါတိုင်း ထရပ်ကားတစ်စီးနှင့် ဆင် များကိုကုသည့် ဆေးဝါးများ၊ ဆင်ဦးစီးများကို ထောက်ပံ့ရန် စားစရာအသုံးအဆောင်ပစ္စည်းများ ပါလာတတ်သည်။
‘‘ကျွန်တော်က စကားပြန် လုပ်ရင်း သူ့ကို ကားမောင်းပြီးပို့ ပေးရတယ်။ ကားမောင်းပို့ပေးရ ပေမယ့် တချို့နေရာတွေက ကားမောင်းလို့မရဘူး။ မရတဲ့နေရာတွေဆို ဆိုင်ကယ်၊ တချို့နေရာ တွေဆို ခြေလျင်လျှောက်ရတယ်။ ခင်းဗျား သူ့ကိုကြည့်ကြည့်ပါလား။ လူကောင်သေးသေးလေးနဲ့မလုပ်နိုင်ဘူးထင်နေလိမ့်မယ်။ ဒါပေမဲ့ သွားနိုင်တယ်ဗျာ။ မယုံနိုင်စရာ’’ဟု ကားမောင်းပို့ပေးရသည့် ဦးလှသိန်းက ပြောသည်။
အုတ်တွင်းနှင့် သုံးဆယ်မြို့ရှိ ဆင်စခန်းများတွင် Elephant Lady ဟု သိထားသော သူ့ကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ကနေ ၂နာရီခန့် ကားစီးလျှင် ရောက်နိုင်သည့် ဘမ်လောင်လူမျိုးစု ကျေးရွာတွင် မွေးဖွားခဲ့သည်။ ထိုင်းနာမည်မှာ မစ္စစ်လတ်ခ်ချိုင်လတ်ဖြစ်သည်။ ဆင်အရေးလှုပ်ရှားသူ၊ ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သော မစ္စစ်လတ်ခ်သည် ၂၀၀၁ ခုနှစ်မှစ၍ အသိအမှတ်ပြုဆုတံဆိပ်များ ရရှိလာသည်။
ကမ္ဘာ့မြေလူစွမ်းကောင်းဆု၊ ပါရမီရှင်ဆု၊ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကပေးသည့် အာရှသူရဲ ကောင်းဆုနှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စစ်က လင်တန်က ချီးမြှင့်သည့် ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စွမ်းဆောင်ရည်ဆုများရရှိခဲ့သည်။
ဆင်ထိန်းသိမ်းရေးလုပ်ငန်းကို သူ့အသက်(၁၆)နှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ရွာတစ်ရွာအနီးတွင် သူရောက်ရှိခဲ့စဉ် တောထဲမှ စူးရှနာကျင်စွာ ဟစ်အော်လိုက်သည့် ဆင်တစ်ကောင်၏ အော်သံက သူ့ကို ယခုလိုဖြစ်လာအောင်တွန်းပို့ခဲ့သည်။
‘‘အဲဒီအသံက ကျွန်မနားထဲက လုံးဝမထွက်ဘူး။ အဲဒီအသံရှိရာကို ကျွန်မကို ကရင်အမျိုးသားတစ်ဦးကလိုက်ပို့တယ်။ သစ်သယ်ရခက်တဲ့ လျှိုကြီးထဲမှာ ဆင်တစ် ကောင်ဟာ သစ်တစ်လုံးကို ဆွဲနေတာတွေ့တယ်။ သူ့ကို ဆင်ဦးစီးက မရမကဆွဲခိုင်းနေတာမြင်လိုက် ရတယ်’’ဟု မစ္စစ်လတ်ခ်က ထိုမြင်ကွင်းကိုပြန်ပြောပြသည်။
ယခုဆိုလျှင် ထိုင်းနိုင်ငံ ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်လှုပ်ရှားခဲ့သည်မှာ နှစ်လေးဆယ်နီးပါးရှိပြီဖြစ်သည်။
သစ်ထုတ်လုပ်ရေး လုပ်ငန်း များတွင် ခိုင်းစေခံရသော ဆင်များအကြောင်းလေ့လာရန် မြန်မာနိုင် ငံကို လွန်ခဲ့သည့် ၁၇ နှစ်က သူ ရောက်ရှိခဲ့သည်။ ပဲခူရိုးမကို သူစရောက်စဉ်က လမ်းပင်မရှိသေး။ အုတ်တွင်းမှ ပဲခူးရိုးမကို ဖောက် ထားသည့် လမ်းကျဉ်းကျဉ်းလေး သာရှိသည်။ အချို့နေရာတွင် ကားမပေါက်သဖြင့် ဆိုင်ကယ်ဖြင့်ခရီးနှင်ရသည်။
‘‘တချို့နေရာကို ဆိုင်ကယ်နဲ့ သွား၊ အချို့နေရာတွေကို ခြေလျင် လျှောက်သွားရတယ်’’ဟု မစ္စစ် လတ်ခ်က ရယ်မောရင်းနှင့်ပြောပြ သည်။
မြန်မာနိုင်ငံအပြင် ဒေသတွင်း လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ သီရိလင်္ကာနိုင်ငံတို့ကိုသွား ရောက်ခဲ့သည်။ သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အဓမ္မခိုင်းစေ ခံရသည့် ဆင်များအကြောင်း လေ့ လာခဲ့ရာမှ သူမ၏ ဆင်လေ့လာ ရေးခရီးက ရှည်လျားလာခဲ့သည်။ နှစ်ပေါင်းများစွာ ဆင်အရေး လှုပ်ရှားသူအဖြစ် ဆောင်ရွက်နေ စဉ်အတွင်း သူ့အတွက်စိတ်အထိ ခိုက်ဆုံးမြင်ကွင်းက တရုတ်-မြန် မာနယ်စပ်မြို့ မိုင်းလားမြို့အနီးက မြင်ကွင်းဖြစ်သည်။ ဆင်မှောင်ခို သမားများ နားနေရာ ဆင်စခန်း တစ်ခုတွင် အရွယ်မရောက်သေး သည့် ဆင်ပေါက် အကောင်သုံး ဆယ်ခန့်ကို မြင်တွေ့ခဲ့ရခြင်းဖြစ် သည်။ တရုတ်ဆပ်ကပ်လုပ်ငန်း တစ်ခုတွင် ရောင်းချရန်အတွက် မြန်မာနိုင်ငံမှ တရားမ၀င်ခိုးသွင်း လာသည့် ဆင်များဖြစ်သည်။ ဆင် များ၏ တင်ပါးတွင် Made in Myanmar ဟု အဓိပ္ပာယ်သက် ရောက်စေသော ကြယ်တံဆိပ်များ အသီးသီးခတ်နှိပ်ထားသည်။
‘‘ဒီမြင်ကွင်းက ကျွန်မကို အ ရမ်းတုန်လှုပ်မိစေတယ်။ ဆင်တွေကို ကြည့်တဲ့အခါ အရမ်းကို ဆိုးဆိုးရွားရွား ခံစားနေရတာတွေ့ရ တယ်။ ဆင်ကုန်သည်တွေကို ကျွန် မ စကားလက်ဆောင်ပါးချင်တာ က ဗုဒ္ဓဘာသာတစ်ယောက်ဆိုရင် ဒါဟာမလုပ်သင့်တဲ့ကိစ္စပဲ။ ဆင် တွေကို မိဝေး၊ ဖဝေးတဲ့နေရာကို ပို့လိုက်တာက ဆိုးရွားတဲ့လုပ်ငန်း တစ်ခုပဲ’’ဟု မစ္စစ်လတ်ခ်က ပြော သည်။
ဆင်များအရေး ဆောင်ရွက်ရင်း ထိုင်း-မြန်မာနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်များတွင် မြန်မာ့ဆင်များ တရားမ၀င် ကူးသန်း ရောင်းဝယ်နေသည့် နေရာများသို့ ရောက်ခဲ့သည်။ မြန်မာဆင်များ တရုတ်နှင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ကူးသန်းရောင်းဝယ်နေခြင်းကို လေ့လာခဲ့ပြီးနောက် သူ့အတွက် မြန်မာနိုင်ငံသည် စိတ်ဝင်စားစရာ အကောင်းဆုံးနိုင်ငံ ဖြစ်လာခဲ့ သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦး သိန်းစိန် အစိုးရတက်လာပြီး နောက် ဆင်အရေးလှုပ်ရှားသူ မစ္စစ်လတ်ခ်တစ်ယောက် မြန်မာ့ဆင်များ ထိန်းသိမ်းရေးလုပ်ကိုင် ဆောင်ရွက်နေသူအချို့နှင့် ပူး ပေါင်း၍ မြန်မာ့ဆင်များထိန်းသိမ်း ရန် Save The Elephant Foundationကို ၂၀၁၃ တွင် တည်ထောင်ခဲ့သည်။
SEF အမည်ဖြင့် ထိုင်းနိုင်ငံ တွင် ဆင်အရေးလှုပ်ရှားသူအဖြစ် ဆောင်ရွက်သူ မစ္စစ်လတ်ခ်သည် ထိုင်းနိုင်ငံတွင် ဆင်ထိန်းသိမ်းရေး ဥယျာဉ်တစ်ခုကို တည်ထောင် ထားသည်။ ကမ္ဘောဒီးယားနိုင်ငံ တွင်လည်း ထိုအမည်ဖြင့် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် သူမလုပ် ဆောင်မည့် ပထမဆုံးခြေလှမ်းက ပဲခူးရိုးမတွင် ဆင်အိုရုံ တည် ထောင်ခြင်းနှင့် ဆင်ဆေးရုံတည်ဆောက်လိုခြင်းဖြစ်သည်။ ဆင်အို ရုံနှင့် ဆင်ဆေးရုံတည်ဆောက် ခြင်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနတို့နှင့် ပူးပေါင်းဆောင် ရွက်နေသည်။ ပဲခူးမြို့အနီးနှင့် တောင်ငူမြို့အနီးရှိ နေရာနှစ်နေ ရာကို ပထမအဆင့် ရွေးချယ်ထား သည်။ နေရာအတိအကျမဟုတ် သေးပေ။
သစ်ထုတ်လုပ်ငန်းများတွင် အသုံးပြုသည့် ဆင်များသည် အ သက်အရွယ်ကြီးရင့်၍ အိုမင်းမ စွမ်းဖြစ်လာသည့်အခါ သို့တည်းမ ဟုတ် ထိခိုက်ဒဏ်ရာရရှိသည့် အခါ လူများက စွန့်ပစ်လေ့ရှိကြ သည်။
ထိုသို့ အသုံးမ၀င်တော့သော ဆင်များကို ပြုစုစောင့်ရှောက်ရန် ဆင်အိုရုံတည်ထောင်ရန် စိုင်းပြင်း ခြင်းဖြစ်သည်ဟုသူကပြောသည်။
မြန်မာသစ်ထုတ်လုပ်ငန်းများတွင် အသုံးပြုသော ဆင်များ သည် အကြမ်းဖက်ခိုင်းစေခံရသ ဖြင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာ ဖြစ်ပွားသည့် ဗီဒီယိုကို ပြသရင်း ဆင်ဆေးရုံလိုအပ်ကြောင်းပြောခဲ့ သည်။
တောထဲတွင် ကျက်စားနေ သည့် ဆင်များကို လူအများနှင့် ယဉ်ပါးအောင် ခိုင်ခံ့၍ လုံးပတ် ကြီးသည့် သစ်ပင်နှစ်ပင်တွင် ပူး ကပ်၍ ချည်ထားပြီး အော်ဟစ်ရုန်း ကန်သော ဆင်များ ခြေထောက်၊ လက်ထောက်များ ဒဏ်ရာရကြ သည်။ တစ်ခါတလေဦးခေါင်းများ ဒဏ်ရာရကြသည်။ လူကိုကြောက် ရွံ့စေသည့် နည်းလမ်းဖြင့် နှိပ်စက် ညှဉ်းပန်း၍ ကျူံးသွင်းသဖြင့် မခံ ရပ်နိုင်သည့် ဆင်များသည် သူတို့ ၏ နှာမောင်းကိုချိုး၍ သေကြောင်း ကြံကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိမိရိုး ဖလာနည်းဖြင့် တောရိုင်းဆင်များ ကျူံးသွင်းသည့် အလေ့အထမှာ လည်း မှားယွင်းကြောင်း သူက ထောက်ပြပြောဆိုခဲ့သည်။ လူကို ကြောက်ရွံ့စေသည့် နည်းလမ်းဖြင့် စေခိုင်းနေခြင်းသည် ဘုရားဟော တရားနှင့် မညီညွတ်ဟု ၎င်းကဆို သည်။
ဒုတိယခြေလှမ်းအဖြစ် ဆင် ဦးစီးများကို အသိပညာပေးမည်၊ အစားအသောက်ထောက်ပံ့မည်၊ ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို လူသိများလာအောင် မြန်မာလူထုကို အသိပညာပေးမည်၊ အကယ်၍ မြန်မာအစိုးရက တရားမ၀င် ဆင်မှောင်ခိုတင်ပို့မှုများ နှိမ်နင်းရေးတွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းလာပါက ပူးပေါင်းဆောင်ရွက်ရန်လည်း သူအသင့်ရှိနေမည်ဟု သတင်းထောက်အား ဖြေဆိုခဲ့သည်။
‘‘ထိုင်းမှာပဲဖြစ်ဖြစ်၊ လာအို မှာပဲဖြစ်ဖြစ် မြန်မာမှာပဲဖြစ်ဖြစ် ကျွန်မအတွက် ဆင်အရေးလုပ်ဆောင်မယ်ဆိုရင် ဘာကိုမှ နယ်စည်းမခြားထားဘူး။ မြန်မာ့ဆင်တွေအရေး ဆိုပေးချင်လို့ ကျွန်မ ဒီကို ရောက်လာတာပါ’’ဟု စူးရှ တောက်ပသော မျက်ဝန်းတွေနှင့် စကားဆိုသည်။
7daydaily
0 comments:
Post a Comment