ဟီလာရီ ကလင်တန်အား တရုတ်မီဒီယာများ ပြင်းပြင်းထန်ထန် ဝေဖန်



လူလူငြိမ်း
ပေကျင်း ၊ စက်တင်ဘာ ၃၀
           တရုတ်သမ္မတ ရှီကျင်းဖျင်ကို ဝေဖန် ပြောဆိုခဲ့သည့် ဟီလာရီ ကလင်တန်အား တရုတ်နိုင်ငံပိုင် မီဒီယာနှင့် အခြား မီဒီယာများက ပြင်းပြင်းထန်ထန် ထိုးနှက် ဝေဖန်မှုများကို ပြုလုပ်နေကြောင်း သိရသည်။
          တရုတ် သမ္မတ ရှီကျင်းဖျင်သည် အရှက်ကင်းမဲ့စွာဖြင့် ကုလသမဂ္ဂတွင် အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး ညီလာခံ တစ်ခုကို ဦးဆောင် ကျင်းပခဲ့ကြောင်း ကလင်တန်က တနင်္ဂနွေနေ့တွင် တွစ်တာ လူမှုကွန်ရက်၌ ရေးသားခဲ့သည်။
            ယခုနှစ် အစောပိုင်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်၌ လိင်ပိုင်းဆိုင်ရာ ထိကပါးယိကပါး ဆက်ဆံ ခံနေရသည့် အမျိုးသမီးများ အတွက် ဆန္ဒပြရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများအား ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး ရှီသည် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။
          အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ အများအပြား ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြောဆိုခဲ့သည်။ ကလင်တန်သည် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရေး မဲဆွယ် စည်းရုံးမှုများတွင် အမျိုးသမီး အခွင့်အရေးကို အဓိက ဦးစားပေး အစီအစဉ်အဖြစ် သတ်မှတ်ကာ ပြောဆိုမှုများပြုလုပ်ခဲ့သည်။
          တရုတ် ယဉ်ကျေးမှုတွင် တစ်စုံတစ်ဦးအား အရှက်မရှိဟု ပြောဆိုခြင်းသည် အတော်လေးကို ဆိုးရွားသည့် စော်ကားမှု တစ်ခုဖြစ်သည်။ တရုတ် အစိုးရပိုင် ဂလိုဘယ်တိုင်းမ်စ် သတင်းစာသည် ဟီလာရီအား အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာများဖြင့် တန်ပြန် ဝေဖန်မှုများကို ပြုလုပ်ခဲ့ပြီး ၄င်းသတင်းစာ၏ ဖော်ပြချက်ကို ဒေသဆိုင်ရာ မီဒီယာ ဌာနခွဲများကလည်း ပြန်လည် ဖော်ပြမှုများ ပြုလုပ်ခဲ့သည်။
          ကလင်တန်သည် ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲ ၀င်လိုသည့် ဒိုနယ်ထရမ့်ကဲ့သို့ပင် တရုတ်ကို ဝေဖန်ပြီး မဲရအောင် ကြိုးပမ်းနေကြောင်း သတင်းစာက ဝေဖန်ခဲ့သည်။ ဂလိုဘယ်တိုင်းမ်စ် သတင်းစာ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စာစောင်၏ ခေါင်းကြီးပိုင်းတွင် ဟီလာရီသည် ထရမ့်ကို အတုခိုးပြီး ပါးစပ်ဖွာနေပြီ ဖြစ်ကြောင်း ဝေဖန် ရေးသားခဲ့သည်။
           ''ဟီလာရီက ကိုယ့်ဂုဏ်ပျက်အောင် ကိုယ်လုပ်နေတာ၊ တရုတ်ပြည်သူတွေက သူ့ကိုစိတ်မဆိုးပါဘူး၊ နည်းနည်း အထင်သေးသွားတာပဲ ရှိပါတယ်'' ဟု ခေါင်းကြီးပိုင်းတွင် ရေးသားထားသည်။
          အွန်လိုင်းတွင်လည်း ဟီလာရီနှင့် ပတ်သက်ပြီး ကွဲပြားသော သဘောထားများကို ဖော်ပြနေသည်။ ဆိုင်နာဝေပို မိုက်ခရိုဘလော့တွင် အသုံးပြုသူ တစ်ဦးက ဟီလာရီ၏ ခင်ပွန်း ဘီလ်ကလင်တန် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ချိန်တွင် ဖောက်ပြန်ခဲ့သည့် မော်နီကာ လူဝင်စကီးသည်ဘီလ်နှင့် ပြန်တွဲခုတ်နေပြီ ဖြစ်သောကြောင့် ဟီလာရီသည် ကိုယ့်ကိစ္စကိုသာ စိတ်ဝင်စားသင့်ကြောင်း ဝေဖန် ရေးသားခဲ့သည်။
          သို့သော် အခြား အသုံးပြုသူ တစ်ဦးက ဟီလာရီသည် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများအား ဖမ်းဆီးခြင်းကို ဝေဖန်နေခြင်း မဟုတ်ဘဲ လုပ်ကြံ ဖန်တီးထားသော ပြစ်မှုများဖြင့် ဖမ်းဆီးနေခြင်းကိုသာ ဝေဖန်နေခြင်းဖြစ်ကြောင်း ခုခံပြောဆိုခဲ့သည်။    
Source:BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment