ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ နွားလ၀ိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာ ၊ နွားလ၀ိုးစံပြကျေးရွာ၊ လယ်ထွဲရွာသစ်ကျေးရွာနှင့် ကယန်းကြခူ ကျေးရွာ အရှေ့ဖက် ၊ လယ်ထွဲ ရွာဟောင်း တောင်ဖက်တွင်ရှိ ဒေသခံတောင်ယာ ဧက(၈၀)ကို အမည်မသိ ကုမ္မဏီတစ်ခုမှ တောင်ယာမလုပ်ရန် ကန့်ကွက်တားဆီးထားသည်အတွက် တောင်သူများအခက်အခဲကြုံတွေ့နေရသည်ဟု ကရင်နီပြည်တောင်သူများသမဂ္ဂမှ ဥက္ကဌ ကိုတူရယ်က ပြောသည်။
“ကျမတို့က ဒီတောင်ယာကို လုပ်ကိုင်လာတာ နှစ်(၂၀)ကျော်နေပြီ။ အခုက ဘယ်က လာတဲ့ သူဌေးဆိုလား၊ ကုမဏီက ဆိုလား လာပြီးကန့်ကွက်နေတယ်။ ဒီတောင်ယာကို ပဲ ကျမတို့မှီခိုနေရတာ။ အခုလည်း ပန်းနှမ်း စိုက်ဖို့ ကျမတို့ သွားထွန်ဖို့လုပ်တော့ ပေးမထွန်ပဲ လာပြီး မောင်းပြန်တယ်။ ကန့်ကွက်တယ်။” ဟု နွားလ၀ိုး စံပြကျေးရွာမှ ဒေါ်မူဒီးက ပြောသည်။
၎င်းတောင်ယာများသည် တောင်သူများက (၁၉၉၀)ခုနှစ်တွင်လုပ်ကိုင်လာခဲ့ရာ ၂၀၀၆-၀၇ ခုနှစ်တွင် နိုင်ငံတော် ကြက်ဆူစီမံကိန်းကြောင့် ရပ်နားခဲ့သည်။
ကြက်ဆူစီမံကိန်းအပြီးတွင် တောင်သူများက မိမိလုပ်ကိုင်ခဲ့ကြသောတောင်ယာများကို တဖန်ပြန်လည်ခုတ်ရှင်းပြီး လုပ်ကိုင်ကြကာ ၂၀၁၀-၁၁ခုနှစ် က စပြီး ဦးစိုးမြင့်ဆိုသူက တောင်ယာလာလုပ်ကိုင်ပြီး အနီးရှိ မြေယာများကို ချဲ့ထွင်ကန့်ကွက်နေကြောင်း ဒေါ်မူဒီးကဆိုပါသည်။
၂၀၁၃ ခုနှစ်တွင် တောင်သူများကို အသိပေး အကြောင်းကြားခြင်းမရှိပဲ ဘူဒိုဇာစက်ဖြင့် ၀င်ထိုးခဲ့သည့်အတွက်လည်း အချို့တောင်သူစိုက်ပျိုးထားသော အပင်များလည်း ဖျက်ဆီးခဲ့ကြောင်း ကယန်းကြခူကျေးရွာမှ ခူးဗျားရယ်က ပြောသည်။
“ ၂၀၁၃ ခုနှစ် (၁၁)လပိုင်းလောက်မှာ သူ့ အလုပ်သမားတွေက ဒိုဇာနဲ့ဝင်ထိုးတယ်။ ရွာသားတွေကိုလည်း မပြောပြဘူး။ ပဲပင် တို့ အခြားစိုက်ထားတဲ့အပင်တွေလည်းရှိသေးတယ်။” ဟု ခူးဗျားရယ်က ပြောသည်။
၂၀၁၄ ခုနှစ်တွင် တောင်ယာလုပ်ကိုင်ခွင့်မပေးတော့ပဲ ၂၀၁၅ စိုက်ပျိုးရာသီသို့ ရောက်လာချိန်တွင်လည်း သီးနှံစိုက်ရန် ပြင်ဆင်နေသော တောင်သူများကို မောင်းပြန်ခဲ့ကြောင်း သိရပါသည်။
“ သူ့အလုပ်သမားတွေလည်း ၀တ်စုံနဲ့။ ကျနော်မြေပဲ စိုက်ဖို့ လုပ်တော့ ကျနော့်ကို လာပြောတယ်။ ဘယ်သူလုပ်ခိုင်းတာလဲ၊ လုပ်ရဲရင်ဆက်လုပ် တရားရုံးသို့ ရောက်ချင်လားဆိုပြီး ကျနော့်ကို အဲလိုပြောတယ်။” ဟု ထီးသူးကူးကျေးရွာမှ ခူးညားရယ်က ပြောသည်။
အစိုးရဖြစ်စေ ကုမ္မဏီဖြစ်စေ တောင်သူများလုပ်ကိုင်နေသည့် တောင်ယာများတွင် တစ်စုံတစ်ခုလုပ်မည်ဆိုပါက အကြောင်းကြားအသိပေးရန်လိုအပ်ပြီး အပြန်အလှန်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း ယခုကဲ့သို့ အတင်းအဓမ္မ သိမ်းဆည်းခြင်းသည် တရားမျှတမှုမရှိကြောင်း ကိုတူရယ်က ယခုလို ပြောပါသည်။
၎င်းက “ ဘယ်အရာမဆို တောင်သူ တွေနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမြေတွေက ဒေသခံတောင်သူတွေ နှစ်စဉ်လုပ်ကိုင်စားသောက်နေတာလေ။ အခုလိုမျိုးက တောင်သူတွေကို မလေးစားရာရောက်တာပေါ့။” ဟုပြောသည်။
၎င်းပြဿနှင့်ပတ်သက်၍ လွိုင်ကော်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီကို မေးမြန်းရာတွင် ဦးစီးမှူး ဦးဇော်လွင်ဦးက “ ဒီကိစ္စကျနော်တို့ဆီကိုတော့ မကြားမိသေးဘူး။ ကျနော်တို့ဆီကို တိုက်ရိုက်တိုင်ကြားလို့လည်းရတယ်။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီကိုလည်း တိုင်ကြားလို့ရပါတယ်။ ကျနော်တို့ စုံစမ်းကြည့်ပါ့မယ်။” ဟု ပြောသည်။
တောင်သူများ၏ တောင်ယာမြေကို ကန့်ကွက်ထားသူ သည် မည်သူမည်ဝါဆိုသည်ကို သိသိကျကျသိရှိရန် လာရောက်ကန့်ကွက်ပြောဆိုသည့် အလုပ်သမားများကို မေးမြန်းရာတွင်လည်း လွိုင်ကော်မြို့မှဒေသခံသာဖြစ်ကြောင်း ဖုန်းနံပါတ်ပေးထားသော်လည်း ဆက်သွယ်ရန် မရကြောင်း ခူးဗျားရယ်က ဆက်ပြောပါသည်။
ပြသာနာဖြေရှင်းပေးရန် ကျေးရွာ အုပ်စုမှူးထံသို့ အကြိမ်ကြိမ်တိုင်ကြားထားသည်ခဲ့ပြီးဖြစ်ရာ တစ်စုံတစ်ရာ မဆောင်ရွက်နိုင်သေးကြောင်းသိရသည်။
၎င်းမြေယာနှင့်ပတ်သက်ပြီး တောင်သူများက အုပ်စုမှူး ၊ နွားလ၀ိုးကျေးရွာအုပ်စုဖက်တာဝန်ကျနေသော မြေစာရင်းဌါနမှ ၀န်ထမ်းကိုလည်း အကြောင်းကြားထားသည်ဟု သိရသည်။
အောက်တိုဘာ (၁၆)ရက်နေ့တွင် ကယားပြည်နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့သို့ ကူညီတောင်းထားသည့်အတွက် တောင်သူအဖွဲ့မှ နေရာအချက်အလက်များကို ကွင်းဆင်းကောက်ခံခဲ့သည်ဟု သိရသည်။
တောင်ယာများကို နွားလ၀ိုး ကျေးရွာအုပ်စု မှ လယ်ထွဲ ရာသစ်၊နွားလ၀ိုးစံပြ၊ ကယန်းကြခူ၊ ပဒါးညေး နှင့် ထီးသူးကူး ကျေးရွများ စသည့်ကျေးရွာမှ လုပ်ကိုင်ကြပြီး ပြောင်းဖူး၊ ပဲစေ့ငုံ၊ ပန်းနှမ်း၊ စပါးနှင့် မြေပဲ စသည့် သီးနှံများအဓိကစိုက်ပျိုးလေ့ရှိပါသည်။
အောက်တိုဘာ (၁၆)ရက်နေ့တွင် ကယားပြည်နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့မှကိုယ်စားလှယ် ကွင်းဆင်းပြီးအချက်အလက်များ သွားယူနေကြစဉ်ဖြစ်သည်။ ဓါတ်ပုံ ဖြိုးဝေအောင်
ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
0 comments:
Post a Comment