မော်စကို ၊ ၁၉-၁၀-၂၀၁၅
ဆီးရီးယားနိုင်ငံ အတွင်း နောက်ဆုံး ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှု များသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် ကို အတိုက်အခံ ပြုနေသည့် သူပုန်အဖွဲ့နှင့် ISIS အဖွဲ့တို့ကို အင်အားချိနဲ့ စေကြောင်း ရုရှားအစိုးရ တာဝန်ရှိသူ များက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြား ထားသည်။
ရုရှား တိုက်လေယာဉ်များ သည် အောက်တိုဘာ ၁၇ ရက်က ဟားမား၊ လက်တာကီးယား၊ အလက်ပို နှင့် ဒမတ်စကပ် ပြည်နယ်များ အပေါ် ပျံသန်းမှု ၃၉ ကြိမ်နှင့် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၆ဝ ခန့်ပြုလုပ် ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ထားသည်။
အဆိုပါ တိုက်ခိုက်မှုများ အတွင်း ဆီးရီးယား အစိုးရကို အတိုက်အခံ ပြုနေသည့် ဂျေးရှ်အယ်လ်ဖာတာ အဖွဲ့၏ ကွပ်ကဲမှု ဌာနချုပ် ကိုလည်း ထိရောက်စွာ ချေမှုန်းနိုင် ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရုရှား တိုက်လေယာဉ် များသည် ISIS စစ်သွေးကြွ တို့က ဆီးရီးယား တပ်ဖွဲ့ဝင် များကို ရှောင်တိမ်းကာ မြို့အတွင်းသို့ လျှို့ဝှက်စွာ သွားရောက် ရာတွင် အသုံးပြုသော ဟွမ်းစ်ပြည်နယ် တယ်လ်ဘီဆက် မြို့ရှိ ဥမင် လိုဏ်ခေါင်းများ ကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်းနှင့် ISIS စစ်သွေးကြွ တို့အတွက် ရိက္ခာ၊ စစ်လက်နက် ပစ္စည်းနှင့် လောင်စာဆီ များကို အဓိက ထောက်ပံ့ပေးလျက် ရှိသော ဒမတ်စကပ် ပြည်နယ်ရှိ ထောက်ပံ့ရေး စခန်းကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆက်လက် ပြောကြား ထားသည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment